Rachel (အယ်ဟုန်သော်)
ညကသူ့ကိုလွမ်းတဲ့စိတ်တွေနှင့် အတွေးထဲမှာသူ့ပုံရိပ်တွေရစ်ဝဲနေတော့ မိုးစင်စင်လင်းတဲ့အထိကျွန်မတစ်ရေးမှအိပ်မရခဲ့ဘူး။ ကုတင်ဘေးကစားပွဲပေါ်မှာရှိတဲ့နာရီလေးကိုယူကြည့်လိုက်တော့ နံနက်လေးနာရီခွဲ။ ပြန်အိပ်ဖို့လည်းကျွန်မစိတ်ကူးမရှိတော့ဘူး။ ပြန်အိပ်လိုက်လို့ အိပ်ပျော်သွားခဲ့ရင် ကျွန်မအိပ်မက်တွေထဲသူရောက်လာအုန်းမှာလေ။ ခြုံထားတဲ့စောင်ကို ကိုယ်ကခွာပြီး ကျွန်မအိပ်ရာထလိုက်တယ်။ ရှုပ်ထွေးနေတဲ့ကျွန်မရဲ့ပခုံးသာသာဆံပင်တွေကို ဘီးကျဲတစ်ချောင်းနဲ့ရှင်းလိုက်တယ်။ မှန်ထဲမှာပေါ်နေတဲ့ကျွန်မရဲ့ပုံရိပ်ကိုကျွန်မပြန်ကြည့်ရင်း စိတ်ပျက်မိသွားပါတယ်။ ကျွန်မရဲ့ မျက်ကွင်းတွေကတော်တော့်ကိုညိုနေပြီး ချိုင့်ဝင်နေတယ်လေ။မျက်လုံးတွေဟာ ဝါထိန်ပြီး တစ်စုံတစ်ခုကိုကျွန်မကြည့်တဲ့အခါ အားစိုက်ပြီးကြည့်နေရတယ်။ ကျွန်မအမြင်တွေဝေဝါးပြီး အရာရာကိုမသဲမကွဲသာမြင်နေရတော့တယ်။ကျွန်မမျက်နှာရဲ့အသားအရောင်တွေဟာ မညီမညာနဲ့ ဖြူသလိုလို ဝါဝါသလိုလို အရောင်တွေဖျော့တော့နေတယ်။ မှန်ထဲက ကျွန်မပုံရိပ်ကို ကျွန်မမကြည့်ချင်တော့တာနဲ့ပဲ မှန်တင်ခုံကိုကျောခိုင်းပြီး ခြံထဲကိုဆင်းလာလိုက်တော့တယ်။
ညကမိုးရွာထားလို့ထင်ပါရဲ့ ခြံထဲကမြက်ပင်စိမ်းစိမ်းတွေက စိုရွဲနေတော့တယ်။ အဲ့ဒီမြက်ခင်းလေးတွေကို နင်းလျှောက်လာတဲ့ ကျွန်မရဲ့ဖြေဖမိုးနှစ်ဖက်တို့လည်း စိုစွတ်သွားတော့တယ်။စိုစွတ်နေတဲ့ခြေလှမ်းတို့နှင့်သာ ခြံထောင့်လေးဆီသို့ကျွန်မလှမ်းလာမိလိုက်တယ်။ခြံထောင့်ဆီက စံပယ်ရုံလေးမှာ စိမ်းစိုနေတဲ့အရွက်အုပ်အုပ်လေးတွေအကြား ဖြူလွှလွှပွင့်ဖက်လေးနှင့် စွင့်စွင့်ငွားငွားပွင့်နေကြတဲ့ စံပယ်ပန်းလေးတွေကို ကျွန်မတွေ့လိုက်ရတယ်။ စံပယ်ပန်းဖြူဖြူလေးတွေကို ငေးကြည့်မိရင်းက ကျွန်မရဲ့မျက်ဝန်းအစုံမှာ မျက်ရည်တွေဝဲတက်လာမိတော့တာပဲ။ ဝဲတက်လာတဲ့ မျက်ရည်စတွေကို ပါးပြင်နှစ်ဖက်ဆီစီးမကျလာစေဖို့ မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ကျွန်မထိန်းသိမ်းထားလိုက်တယ်။ စံပယ်ပန်းတို့ရဲ့ သင်းပျံတဲ့မွှေးရနံ့တို့က ကျွန်မရဲ့ အနံ့ခံအာရုံဆီသို့ လွင့်ပျံ့ကူလူးဝင်ရောက်လာကြတော့တယ်။ စံပယ်ပန်းတွေဆီကမွှေးရနံ့တွေကို ကျွန်မတစ်ဝကြီးရှုရှိုက်ပစ်လိုက်မိတယ်။ စံပယ်ပန်းရနံတွေကြားက ဖျတ်ခနဲ့ ကျွန်မသူ့ကိုသတိရလိုက်မိပြန်ပြီ။ ကျွန်မသူ့ကိုခေါ်တဲ့နာမ်စားလေးက ကို တဲ့။
ကို တဲ့။ ဒီနာမ်စားလေးကို ကျွန်မနှုတ်က ယနေ့ထက်တိုင်ရေရွတ်မိနေတုန်းပဲ။ ကို့ ကို ကျွန်မသတိရလွမ်းဆွတ်မိနေတုန်းပါပဲ။ တိုက်ဆိုင်မှုတွေရှိရင် သတိရတတ်တယ်တဲ့လား။ ကျွန်မမြင်တွေ့နေတဲ့အရာရာဟာ တိုင်ဆိုင်နေတော့ နေ့ရက်တိုင်းမှာ ကို့ ကိုသတိရမိတာဟာ မဆန်းကျယ်ပါဘူး။ အဲ့ဒီ သတိရလွမ်းဆွတ်ခြင်းတွေကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်မအပြီးတိုင် အဆုံးသတ်မေ့ပစ်မှာပါ။ အခုတော့...တောင်ခိုးတွေဝေနေတာမြင်ရင်လည်း သတိရတယ်။မိုးတွေရွာနေရင်လည်းသတိရတယ်။စံပယ်ပန်းတွေတွေ့ရင်လည်းသတိရတယ်။ ကျွန်မရဲ့ လက်ဖျားလေးတွေအေးစက်နေရင်လည်းသတိရတယ်။သောကြာနေ့တွေမှာ ပိုပြီးတော့သတိရမိတယ်။ ကျွန်မချစ်ရတဲ့ ကိုဟာ စံပယ်ပန်းတွေကိုနှစ်သက်တတ်တဲ့ သောကြာနေ့နံသားလေ။
တွေ့ဆုံမှုတွေမှာ အချို့သောတွေ့ဆုံခြင်းတွေကရေစက်ကြောင့်တွေ့ဆုံရပြီး အချို့သောတွေ့ဆုံခြင်းတွေဟာ ဝဋ်ကြွေးကြောင့်တွေ့ဆုံကြရတယ်။ ရေစက်ကြောင့်လား ဝဋ်ကြွေးကြောင့်လား မဝေခွဲနိုင်ပေမဲ့ ကိုနဲ့ကျွန်မတွေ့ဆုံခြင်းဟာ နောက်ကျသောတွေ့ဆုံခြင်းဆိုတာအသေအချာပါပဲ။ နောက်ကျတဲ့တွေ့ဆုံတွေမှုရဲ့ကြား ကိုနဲ့ကျွန်မက နယ်နိမိတ်စည်းတွေပါခြားနားသွားရပြီး ဝေးသွားခဲ့ကြရပါပြီ။ ကံကုန်တယ်ပြောနိုင်ဖို့ ကိုနဲ့ကျွန်မဟာ ကံဆုံနိုင်မဲ့သူတွေမဟုတ်တာ ကိုယ်တိုင်သိနှင့်နေကြပြီးသားပါလေ။
စံပယ်ရုံဆီကစံပယ်ပန်းတစ်ချို့ကို ခူးယူပြီးကျွန်မရဲ့လက်ဖဝါးနှစ်ဖက်ပေါ်တင်လိုက်တယ်။လက်ခုပ်အတွင်းက စံပယ်ပန်းတွေကို ကျွန်မနှစ်
ခြိုက်စွာနဲ့မွှေးကြူလိုက်တယ်။ စံပယ်ပန်းနံ့တွေဟာ လတ်ဆတ်ထုံအီစွာနှင့် ကျွန်မရင်ထဲကိုမွှေးပျံ့သင်းကြိုင်သွားတော့တယ်။ ကျွန်မစိတ်ထဲ အတန်ငယ် ကြည်နူးသွားရပြီး အားအင်သစ်တွေရလိုက်သလိုခံစားမိလိုက်တယ်။စံပယ်ပန်းတွေကို ကို အမှတ်နဲ့ကျွန်မနမ်းရှိုက်လိုက်တာလေ။ ကို ဆိုတာကျွန်မရင်ထဲမှာရှိတယ်ဆိုတဲ့အသိနဲ့တင် ဘဝဟာလုံခြုံတယ်လို့ခံစားမိရတယ်။ကို့ ကိုတမ်းတလွမ်းဆွတ်ရတဲ့အခါမျိုးတွေမှာ ခြံထောင့်ကဒီစံပယ်ရုံလေးဆီလာပြီး ကျွန်မအလွမ်းဖြေနေခဲ့ရတယ်။ စံပယ်တွေမပွင့်တော့မှာ ကျွန်မကြောက်မိတယ်။မိုးတွေမရွာတော့မှာကို ကျွန်မတွေးပူမိတယ်။မိုးတွေမရွာလို့ စံပယ်တွေမပွင့်တော့အခါ ကျွန်မကဘာတွေနဲ့ ကို့ ကိုလွမ်းတဲ့အလွမ်းတွေကို ဖြေသိမ့်ရမှာလဲ။ အတွေးတွေနဲ့တင် ကျွန်မအော်ဟစ်ငိုကြွေးပြီး အရူးတစ်ယောက်လို စိတ်ထင်ရာတွေဆီ ပြေးလွှားပစ်ချင်မိတော့တယ်။
စံပယ်ပန်းတွေကို ခူးဆွတ်ပြီး ကျွန်မအိမ်ထဲပြန်ဝင်လာလိုက်တော့တယ်။ ခူးလာတဲ့ စံပယ်ပန်းတွေကို အိပ်စက်တဲ့အိပ်ရာထက်က ခေါင်းအုံးလေးရဲ့အောက်မှာ ကျွန်မထားလိုက်တော့တယ်။ ခေါင်းအုံ့လေးရဲ့အောက် အရင်ရက်တွေဆီက ကျွန်မခေါင်းအုံးအိပ်ထားတဲ့ စံပယ်ပန်းခြောက်လေးတွေအကြား အခုခူးလာတဲ့စံပယ်ပန်းလေးတွေက လတ်ဆတ်မှုကို မာန်တက်ပြနေလေရဲ့။ အိပ်ခန်းအတွင်းကနေ ကျွန်မပြန်ထွက်လာပြီး အိမ်ရှေ့ကဘုရားစင်ရှေ့မှာ ကျွန်မဘုရားဝတ်ပြုလိုက်တယ်။ ဝတ်ပြုပြီးတော့ ဘုရားရှင်ထံမှ ကျွန်မဆုတစ်ဆုတောင်းလိုက်မိတယ်။
"ချစ်တိုင်းမညားတဲ့ ပုံပြင်တွေမှာ ကို နဲ့ကျွန်မသာ နောက်ဆုံးဖြစ်ပါစေ အရှင်ဘုရား...ချစ်သောသူတိုင်းပေါင်းဖက်နိုင်၍ ပေါင်းဖက်နိုင်သူတိုင်းချစ်ကြပါစေ အရှင်ဘုရား"
???
"မိန်မိန်း...ခြံတံခါးလာဖွင့်ပေးအုန်း..."
ကျွန်မဘုရားဝတ်ပြုပြီးတာနဲ့ တစ်ပြိုင်နက် အိမ်ရှေ့ခြံတံခါးဆီက သဲသဲရဲ့လှမ်းအော်နေသံကို ကြားလိုက်ရတယ်။ ကျွန်မကိုလှမ်းခေါ်နေတဲ့
သဲသဲရဲ့အသံကိုကြားလိုက်ရတာနဲ့ ကျွန်မရဲ့စိတ်တွေလှုပ်ရှားနေမိတယ်။ ဘုရားစင်ရှေ့ကနေကျွန်မ မြန်မြန်ဆန်ဆန်ထလိုက်ရတယ်။နံရံမှာချိတ်ထားတဲ့ ခြံတံခါးသော့ကိုအလျှင်အမြန်ဖြုတ်ယူပြီး သဲသဲရှိရာခြံအဝဆီကို ကျွန်မအပြေးတစ်ပိုင်းထွက်လာလိုက်တော့တယ်။ ခြံဝန်းအပြင်ဖက်မှာရပ်နေတဲ့ သဲသဲရဲ့လက်ထဲကအထုပ်တွေကို သံပန်းတံခါးရဲ့သံတိုင်လေးတွေအကြားကနေ ကျွန်မလှမ်းမြင်လိုက်ရတော့ စိတ်ပျက်အားငယ်စိတ်တွေဝင်လာမိတော့တယ်။ သဲသဲခြံအတွင်းဝင်လာရန် ခြံတံခါးသော့ဖွင့်ပေးနေရင်းက ကျွန်မရဲ့မျက်ဝန်းဆီက မျက်ရည်တွေဟာ ပါးပြင်တွေဆီလှိမ့်ဆင်းလာတော့တယ်။
"ငိုပြန်ပြီလား မိန်မိန်းရယ်...ကျန်းမာရေးကကောင်းတာလည်းမဟုတ်ပဲနဲ့ဟာ..နင့်အတွက်ဆေးတွေငါဝယ်လာတယ်.."
ခြံတံခါးကို တွန်းဖွင့်ဝင်လာရင်းမှ သဲသဲက ကျွန်မကိုပြောလိုက်တယ်။
"အမေနဲ့မတွေ့ခဲ့ဘူးလားဟင်..အမေဘာပြောသေးလဲ..မောင်လေးရောနေကောင်းရဲ့လား..အမေရောငါ့ကိုဘာပြောလဲဟင်.."
မေးခွန်းတွေဆက်တ်ိုက်မေးနေတဲ့ ကျွန်မကို သဲသဲက လက်ကာပြလိုက်ပြီး...
"မိန်မိန်းရယ်.. နေပါအုန်း..ငါအိမ်ပေါ်ရောက်ရင်ပြောပြပါ့မယ်ဟာ.."
သဲသဲကကျွန်မခါးကို သူ့လက်တစ်ဖက်နဲ့ပွေ့ဖက်ပြီး တွဲခေါ်လာခဲ့တယ်။ ခြံတံခါးဆီကနေ အိမ်ထဲကို လာရာလမ်းတစ်လျှောက် ကျွန်မစိတ်တွေဂဏာမငြိမ်ဖြစ်ပြီး နှလုံးခုန်သံတွေပြင်းထန်နေတော့တယ်။ ကျွန်မမေးလိုက်တဲ့ မေးခွန်းတွေရဲ့အဖြေတွေကို သဲသဲဆီက ခပ်မြန်မြန်ပဲ ကျွန်မ
ကြားချင်မိနေတယ်။ အိမ်ထဲကိုရောက်တာနဲ့ လက်ထဲကပစ္စည်းအထုပ်တွေကို စားပွဲပေါ်ချပြီး ကျွန်မရဲ့ဘေးမှာ သဲသဲဝင်ထိုင်လိုက်တယ်။ အသားအရောင်မညီမညာဖြစ်နေတဲ့ကျွန်မရဲ့မျက်နှာကို သဲသဲကသနားဂရုဏာသက်တဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေလေရဲ့။ ကျွန်မကိုသနားတဲ့အကြည့်တွေကို ကျွန်မအရမ်းမုန်းမိပါတယ်။ ကျွန်မကိုသနားစရာ မိန်းကလေးအယောက်အဖြစ်မြင်နေတဲ့သူတွေ ကျွန်မအင်မတန်မုန်းသွားတတ်ပါပြီ။ သဲသဲရဲ့သနားဂရုဏာအကြည့်တွေနဲ့ မဆုံမိအောင် ကျွန်မအကြည့်တွေနေရာလွဲထားလိုက်တော့တယ်။သဲသဲနဲ့ကျွန်မအတန်ကြာသည်ထိ စကားမပြောမိကြပဲ တိတ်ဆိတ်နေကြတယ်။
"မိန်မိန်း..."
သဲသဲမှ ကျွန်မအမည်ကိုခေါ်ကာ တိတ်ဆိတ်မှုကိုစတင်ခြိုခွင်းလိုက်တယ်။ လွဲဖယ်ထားတဲ့ကျွန်မရဲ့အကြည့်တွေကို သဲသဲထံပြန်လှည့်ကြည့်လိုက်မိတယ်။ ကျွန်မအကြည့်တို့နဲ့ အကြည့်ချင်းဆုံလိုက်မိတဲ့ သဲသဲကသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်တယ်။ သဲသဲက ကျွန်မရဲ့လက်ဖဝါးနှစ်ဖက်ကို သူ့လက်တွေနဲ့ဆုပ်ကိုင်လိုက်ပြီး...
"မိန်မိန်း...နင့်အမေနဲ့ငါမတွေ့ခဲ့ဘူး..နင်မောင်လေးနဲ့တော့တွေ့ခဲ့တယ်..နင့်မောင်လေးက ငါအိမ်ထဲဝင်တာကို ကြောက်နေပုံပဲ...နင်အမေဘုန်းကြီးကျောင်းသွားတယ်တဲ့...မမပို့လိုက်တဲ့ပစ္စည်းတွေမယူရဲဘူးတဲ့ နင့်မောင်လေးက..အမေက မမနဲ့မဆက်သွယ်ဖို့..မမပို့လာသမျှဘာမှမယူဖို့မှာထားလို့မယူရဲဘူးတဲ့...အမေရောမောင်လေးရောနေကောင်းလားငါမေးခဲ့တယ်..နေကောင်းတယ်လို့ပြောတယ်...ငါ့ကိုလည်းနောက်ခါဆို မမဆီကသတင်းတွေပစ္စည်းတွေမယူလာပါနဲ့တဲ့..အမေစိတ်တိုမှာကြောက်လို့ပါတဲ့......"
သဲသဲနှုတ်က ထွက်ကျလာတဲ့စကားသံတွေဟာ ကျွန်မရင်ကိုတဆစ်ဆစ်နာကျင်စေသလို ဝမ်းနည်းမှုတွေအလိပ်လိပ်တက်လာစေတယ်။ အမေဟာ ကျွန်မကိုတစ်ဘဝလုံးစာနာကျည်းသွားလေပြီလားလို့ ကိုယ့်ကိုအဖြေရှာနေမိတယ်။ ကျွန်မ ရှိုက်ကြီးတစ်ငင် ငိုကြွေးပစ်လိုက်တော့တယ်။
"မိန်မိန်းရယ်... မငိုပါနဲ့ဟာ...မိဘဆိုတော့လည်း သားသမီးကြောင့် ရှက်စိတ်..ခံပြင်းစိတ်တွေနဲ့မလို့ သွေးပူတုန်းခနပစ်ထားတာနေမှာပါ...တစ်ချိန်ပြန်ခေါ်မှာပါ..နင်ဘာစားပြီးပြီလဲ"
သဲသဲက ကျွန်မမျက်ရည်တွေကိုသူ့လက်တွေနဲ့သုတ်ပေးပြီး နှစ်သိမ့်နေရင်းကပြောနေရှာတယ်။
"ငါဘာမှစားချင်စိတ်မရှိဘူးသဲသဲ...အမေတို့စားဝတ်နေရေးအဆင်မပြေမှာငါစိတ်ပူတယ်..."
"အစားမစားလို့တော့ဘယ်ဖြစ်မှာ မိန်မိန်းရယ်.. နင်အမေတို့ဆီ ငါမကြာခဏ သွားပေးပါ့မယ်ဟာ..အခုတော့အစားစားလိုက်အုန်း...နင်ဆေးသောက်ရမှာ..မနက်ဖြန်ဆေးခန်းပြန်ပြရမယ်မလား..ငါလာကြိုပေးမယ်..အခုနင့်အတွက်ခေါက်ဆွဲပြုတ်ပေးမယ်"
သဲသဲက ကျွန်မဘေးမှာထိုင်နေရာကနေထသွားပြီး မီးဖိုချောင်ထဲမှာခေါက်ဆွဲပြုတ်နေလေရဲ့။စားပွဲပေါ်က ပစ္စည်းထုပ်တွေထဲ အလိတ်လိုက်လေးပြန်ပါလာတဲ့ ပိုက်ဆံလိတ်လေးကို ကျွန်မစူးစိုက်ကြည့်နေမိတယ်။ ဒီပိုက်ဆံလေးတွေ အမေလက်ခံနိုင်ဖို့ ကျွန်မဘယ်လိုကြိုးစားရမလဲဆိုတာစဥ်းစားနေမိတယ်။အိမ်ရဲ့စားဝတ်နေရေးအတွက်ဦးဆောင်နေရတဲ့ ကျွန်မ မရှိတော့ အိမ်ရဲ့အသုံးစားရိတ်တွေကို အမေနဲ့မောင်လေးတို့ ဘယ်လိုဖြေရှင်းနေကြမလဲလို့ တွေးပူမိတယ်။ အမေ့ရဲ့ရင်ခွင်ဆီကို ဘယ်သောအခါမှ တိုးဝင်ခွင့်ရရှိမလဲလို့ ကျွန်မဘာသာအဖြေရှာနေမိတယ်။ မပြည့်စုံသည့်တိုင် အေးချမ်းနွေးထွေးတဲ့ အမေ့ရဲ့အိမ်လေးဆီ ကျွန်မဘယ်အချိန်မှ ပြန်ခွင့်ရမလဲဆိုတာ သိချင်နေမိတယ်။ ကျွန်မဘာသာမေးခွန်းတွေထုတ်နေမိသော်လည်း အဖြေတွေဟာဝေးဝါနေတယ်။ ကျွန်မရဲ့လုပ်ရပ်အတွက် ကျွန်မနောင်တရချင်သလိုခံစားမိလာတယ်။ ဟင့်အင်၊ ကို့ ကိုချစ်မိတဲ့ကျွန်မဟာ ဘာတွေကိုမှနောင်တမရချင်ပါဘူး။ကျွန်မရဲ့တွေးလက်စအတွေးကို ဖြတ်တောက်ပစ်လိုက်တယ်။ မျက်နှာပေါ်ကစိုစွတ်နေတဲ့မျက်ရည်တွေကို ကျွန်မလက်ဖမိုးနှစ်ခုနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တော့တယ်။
"ခေါက်ဆွဲပြုတ်စားလိုက်အုန်း မိန်မိန်း..ပြီးရင်ငါဆေးတိုက်ခဲ့မယ်..."
အငွေ့တတောင်းတောင်းထနေသော ခေါက်ဆွဲပြုတ်ပန်းကန်းကို သဲသဲက ကျွန်မရှေ့ကိုချပေးလိုက်တယ်။
"ငါစိတ်တွေမွန်းကြပ်တယ်သဲသဲရယ်..ကို့ ကိုလည်းအရမ်းလွမ်းတယ်..ပြီးတော့..ကိုနဲ့ငါကဘယ်လိုဝဋ်ကြွေးတွေပါလာကြတာလဲဟာ...ငါဘယ်လိုနေခဲ့ထိုင်ခဲ့လည်းနင်အသိဆုံးပါသဲသဲရယ်..ငါလေ ကို နဲ့ကျမှဘယ်လိုဖြစ်သွားတာလဲ..ငါ့ကိုယ်ငါလည်းမတွေးတတ်တော့ဘူးဟာ"
ခေါက်ဆွဲပြုတ်ချပေးပြီး ကျွန်မဘေးမှာဝင်ထိုင်လိုက်တဲ့ သဲသဲရဲ့ရင်ခွင်ထဲကို ကျွန်မတိုးဝှေ့ပြီး ပြောလိုက်မိတယ်။ ကျွန်မကိုဖက်ထားရင်းနဲ့ပဲ သဲသဲရဲ့မျက်ဝန်းတွေမှာ မျက်ရည်စလေးတွေတွဲခိုရစ်သီလာတော့တယ်။ ရစ်ဝဲလာတဲ့ မျက်ရည်စတွေကို ပုတ်ခတ်ထိန်းသိမ်းလိုက်ရင်း သဲသဲက..
"မချစ်သင့်တဲ့သူကိုမချစ်ဖို့ နှလုံးသားကိုဦးနှောက်ကအသိပေးထိန်းချုပ်ရတယ်..."
သဲသဲရဲ့စကားတွေကို ခေါင်းခါရမ်းလိုက်ပြီး ကျွန်မငြင်းဆိုလိုက်တယ်။
"သဲသဲရယ်...တစ်စုံတစ်ယောက်ကိုချစ်မိလာရင်..ချစ်မိသူရဲ့မျက်လုံးထဲမှာ အဲ့ဒီတစ်စုံတစ်ယောက်ရဲ့ပြစ်ချက်တွေအားနည်းချက်တွေကို မမြင်နိုင်ကြတော့ဘူး...ကို့ကိုချစ်မိတဲ့ငါကလည်း ကိုဟာဘယ်လိုလူ ကိုဟာ ဘာပြစ်ချက်ရှိတယ် ကိုဟာဘာအားနည်းချက်ရှိတယ်ဆိုတဲ့ငါ့ရဲ့မျက်စိအမြင်တွေက်ို ကို့ကိုချစ်မိတဲ့စိတ်ကဖုံးကွယ်သွားတယ်လေ"
ကြေကွဲရိပ်တွေသန်းနေတဲ့မျက်ဝန်းတစ်စုံနဲ့
ကျွန်မရဲ့တွေးတွေးဆွေးဆွေးစကားတွေက်ို နားထောင်ပြီး သဲသဲကသက်ပြင်းတွေချလိုက်ရင်း...
"ဝဋ်ကြွေးတွေပါလာတော့လည်း အသိဉာဏ်တွေ
ဆင်ခြင်တုံ့တရားတွေ ကိုယ့်ကျင့်တရားတွေဟာ
ဝဋ်ကြွေးကိုမထိန်းချုပ်နိုင်တော့တာပေါ့"
ဒီတစ်ခါမှာတော့ သဲသဲရဲ့စကားတွေက်ို ကျွန်မခေါင်းညိတ့်ပြပြီး ထောက်ခံမိလိုက်တယ်။ ကျွန်မဟာ အသိဉာဏ်ပညာကင်းမဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာ ကိုယ်တိုင်သိသလို ပတ်ဝန်းကျင်နဲ့ကျွန်မအသိုင်းအဝန်းကပါသိကြတယ်။ အားလုံးရဲ့ ချီးမွမ်းဂုဏ်ယူသံတွေကြားမှာ ကျွန်မအနေအထိုင်အေးဆေးတည်ငြိမ်ခဲ့တယ်။ ကို နဲ့ပတ်သက်ပြီး ကျွန်မရဲ့အသိဉာဏ်တွေကို ကျွန်မရဲ့နှလုံးသားကအနိုင်ယူသွားခဲ့တယ်။ ကို့ ကိုချစ်မိတာ ကျွန်မရဲ့ဝဋ်ကြွေးတစ်ခုဆိုရင် အဲ့ဒီဝဋ်ကြွေးကိုကျွန်မ ကျေကျေနပ်နပ်ကြီး ပေးဆပ်လိုက်မယ်။ အဲ့ဒီ ဝဋ်ကြွေးမှာ ကျွန်မရဲ့နှလုံးသားရော ကျွန်မရဲ့အသိဉာဏ်တွေရော ပျော်ဝင်သွားခဲ့မိပြီ။ ကျွန်မမျက်စိရှေ့က သဲသဲပြုတ်ပေးခါစက အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပြုတ်ပန်းကန်က အခုတော့ အငွေ့တွေပျောက်ကွယ်သွားခဲ့ပါပြီ။
"မိန်မိန်း...နင်အရမ်းမှားတယ်ဟာ...အစွန်းဆုံးထိမမိုက်မဲတာကိုပဲငါကျေးဇူးတင်ရမယ်...ဒါပေမဲ့အခုနင့်ကိုနင့် မိဘကစွန့်ပစ်တဲ့ထိဆိုတော့ ငါတကယ်စိတ်မကောင်းဘူး...အားလုံးကိုခြုံငုံသုံးသပ်ကြည့်ရင်နင်မှားတယ်ဟ"
သဲသဲက ကျွန်မကိုငေးစိုက်ကြည့်ရင်းကဆိုလာတယ်။ နွမ်းလျနေတဲ့အကြားက အသက်မဝင်လှတဲ့အပြုံးတွေနဲ့ ကျွန်မက သဲသဲကိုပြုံးပြလိုက်တယ်။
"နင်ငါ့အကြောင်းသိပါတယ်..ငါဟာငါ့အတွက်သူတစ်ပါးဒုက္ခရောက်မှာကို ကြောက်တဲ့သူတစ်ယောက်ဖြစ်သလို ကိုယ့်ကျင့်တရားကိုတန်ဖိုးထားတဲ့သူတစ်ယောက်ပါ..ငါ ကို့ ကိုချစ်နေရုံကလွဲလို့ငါ့မှာဘာအတ္တမှမရှိဘူး..ငါ ကို့ကိုချစ်မိတဲ့အတွက်..လူ့အသိုင်းအဝန်းကြားမှာတော့ငါကကိုယ့်ကျင့်တရားပျက်ပြားသူတစ်ယောက်ဖြစ်သွားတာပေါ့...လူ့ပတ်ဝန်းကျင်က လူ့ဘောင်သတ်မှတ်ချက်တွေရဲ့အခြားတစ်ဖက်ကချစ်ခြင်းတရားတွေနဲ့နှလုံးသားတွေကို မတွေ့မြင်နိုင်
ကြဘူးလေ"
ကျွန်မရဲ့စကားတွေကို သဲသဲက ခေါင်းခါရမ်းလိုက်ပြီးနောက်..
"လူ့စည်း နတ်စည်း ဘီလူးစည်းဆိုတာရှိရမှာလေ မိန်မိန်းရဲ့.."
မချိတင်ကဲနဲ့ပြောလာတဲ့ သဲသဲရဲ့စကားတွေကိုကျွန်မပြုံးလိုက်မိတယ်။
"ဟုတ်တယ်သဲသဲ...ငါလူ့စည်းကိုစောင့်ထိန်းခဲ့တယ်..ငါ့နှလုံးသားစည်းကိုငါမစောင့်ထိန်းနိုင်ခဲ့တာ"
"နင်ကတော့နင့်နှလုံးသားရေးရာအတွက်တော့မှန်တာပေါ့ဟာ..ဒါပေမဲ့ လူ့အသိုင်းအဝန်း လူ့ဘောင်မှာ လက်တွေ့မကျတဲ့နှလုံးသားရေးတွေကို လက်မခံကြဘူးလေ..နင့်ရဲ့ချစ်ခြင်းဆိုတာကိုလည်း လူတွေကထည့်သွင်းစဥ်းစားကြမှမဟုတ်ဘူး...လက်တွေ့ကျတဲ့နင့်ရဲ့လုပ်ရပ်အပေါ်မှာပဲ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်က ကောင်းသည်ဆိုးသည်သုံးသပ်ပြီး ပိုင်းခြားကြမှာလေ..အခု..နင့်မိဘကတောင် နင့်လုပ်ရပ်အပေါ်မှာလက်ခံပေးနိုင်လို့လား...လူထဲကလူဆိုတော့လည်း လူဘောင်လူ့အသိုင်းအဝန်းကသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအပေါ်မှာ ကိုယ့်လုပ်ရပ်တွေကိုလက်ခံနိုင်လား လက်မခံနိုင်ဘူးလား စဥ်းစားပိုင်းဖြတ်ပြီး နေထိုင်ရမှာမဟုတ်လား..."
သဲသဲရဲ့စကားတွေကို မမှန်ကန်ဘူးလို့ ကျွန်မအနေနဲ့မငြင်းသာပါဘူး။ ကံငါးပါးကိုချိုးဖောက်ပြီး လူ့အသိုင်းအဝန်းရဲ့စည်းဘောင်တွေကို ကျော်လွန်မိတဲ့ကျွန်မကို ပတ်ဝန်းကျင်ကလူတွေမဆိုနှင့်၊မိသားစုကပါ လက်မခံနိုင်တဲ့အတွက် အခုအိမ်လေးကိုငှားရမ်းပြီး တစ်ယောက်ထဲနေထိုင်နေရတာက လက်တွေ့ပါပဲလေ။ ပတ်ဝန်းကျင်ကလူတွေကို ကျွန်မရဲ့နှလုံးသားထဲကအနက်ရှိုင်းဆုံးနေရာတစ်ခုဆီကိုဝင်ကြည့်စေချင်မိတယ်။ ဒါမှသာ သူတို့သတ်မှတ်ထားတဲ့စည်းကမ်းဘောင်တွေနဲ့ စံချိန်စံညွှန်းတွေရဲ့အခြားတစ်ဖက်ဆီက ကျွန်မနှလုံးသားထဲကချစ်ခြင်းတရားကို သူတ်ို့တွေသိမှာလေ။ အခုမှာတော့လက်ဆုပ်လိုက်ကိုင်မပြနိုင်သော လက်တွေ့မဆန်တဲ့ကျွန်မရဲ့ချစ်ခြင်းတွေက လက်တွေဆန်တဲ့ပညတ်ချက်တွေကြားမှာ မြူမှုန်လေးတစ်မှုန်လိုပုန်းလျိုးနေရပြီး ဖမ်းဆုပ်မပြနိုင်တဲ့ အခိုးအငွေ့တွေလို လွင့်ပြယ်နေရတယ်။ ကျွန်မမျက်စိရှေ့ စာပွဲပေါ်က ခေါက်ဆွဲပြုတ်ပန်းကန်က အေးစက်စပြုနေပါပြီ။
"ကဲပါ..မိန်မိန်းရယ်..နင်ဒါတွေတွေးမနေနဲ့... နင့်ကျန်းမာရေးကောင်းဖို့သာဂရုစိုက်..ဒီအတိုင်းသာနေရင်နင်အိပ်ရာထဲ လဲလိမ့်မယ်...ငါပြန်တော့မယ်..နင့်အတွက်ညစာငါဘာဝယ်လာပေးရမလဲ"
"ဘာမှမဝယ်လာတော့နဲ့သဲသဲရယ်..ငါ့အိမ်ရဲ့သတင်းလေးသာနင်စုံစမ်းပေးပါအုန်းနော်..အမေတို့ငါမရှိတော့ အဆင်ပြေမှာမဟုတ်ဘူး.."
"စိတ်ချပါ မိန်မိန်း...ညမှငါတစ်ခေါက်ပြန်လာမယ်..."
သဲသဲပြန်သွားတာနဲ့ တစ်ပြိုင်နက် ကျွန်မ အိပ်ခန်းလေးထဲပြန်ဝင်လာပြီး စားပွဲပေါ်ကဒိုင်ယာရီစာအုပ်လေးကို ကောက်ကိုင်လိုက်တော့တယ်။ ကျွန်မလက်ရေးနဲ့ နေ့စဥ်ရေးသားထားတဲ့ဒိုင်ယာရီစာအုပ်လေးရဲ့ စာမျက်နှာတိုင်းမှာ ကို့ ကိုလွမ်းတဲ့အကြောင်းတွေက မပါမဖြစ်ပါပဲ။
???
ကျွန်မဒီနေ့ဆေးခန်းပြရမဲ့ရက်ဖြစ်တာကြောင့် အိပ်ရာကစောစောနိုးထလိုက်တယ်။ အိပ်ရာနိုးနိုးချင်းမှာပဲ ကုတင်ဘေးကစားပွဲလေးပေါ်မှာတင်ထားတဲ့ရေဗူးလေးကို ကျွန်မလှမ်းယူလိုက်တယ်။ အပန်းရောင်ရေဗူးလေးထဲက ရေတွေကိုကျွန်မတစ်ဝကြီးမော့သောက်ပစ်လိုက်တယ်။ အငမ်းမရမော့သောက်မိလိုက်တာကြောင့် ရေတွေဟာကျွန်မရဲ့ရင်ဘတ်တွေဆီပါစိုရွဲသွားတော့တယ်။ ရေများများသောက်ဖို့ အမြဲတမ်းတိုက်တွန်းလေ့ရှိတဲ့ ကို့ ကိုကျွန်မသတိရနေမိတယ်။ စားပွဲပေါ်ကိုရေဗူးပြန်ချလိုက်ပြီး ကုတင်အစွန်းမှာကျွန်မပြန်ထိုင်ချလိုက်တော့တယ်။ ကုတင်ဘေးစားပွဲပေါ်ကအပန်းရောင်ရေဗူးလေးက သူ့ ရဲ့ကိုယ်ပွားလေးအဖြစ်သတ်မှတ်ထားဖို့ ကို ကကျွန်မကိုပြောခဲ့ဖူးတယ်။အပန်းရောင်ရေဗူးလေးကို ငေးစိုက်ကြည့်နေရင်းက ကျွန်မမျက်ဝန်းတွေမှာ မျက်ရည်စတွေ တွဲခိုလာတော့တယ်။
ကိုရေ ဒီနေ့လည်းငိုမိပြန်ပြီ။ ကို့ ကိုလွမ်းလို့ကျွန်မမျက်ရည်ကျရတဲ့အကြိမ်တိုင်းသာ စံပယ်ပန်းတစ်ပွင့်ပွင့်ခဲ့မယ်ဆိုရင် ကမ္ဘာမြေပြင်တစ်ခုလုံးမှာ ကိုကြိုက်နှစ်သက်တဲ့ စံပယ်ပန်းတွေနဲ့ သာဖုံးလွှမ်းသွားလိမ့်မယ်။ ကျွန်မရဲ့မျက်ရည်တွေနဲ့သာစံပယ်ပန်းတွေပွင့်နိုင်ခဲ့ရင် မိုးရေစက်တွေကိုမျှော်လင့်တောင့်တနေစရာမလိုပဲ စံပယ်ပန်းတွေဟာ ဥတုသုံးပါးလုံးမှာ ပွင့်လန်းနိုင်လိမ့်မယ်။
ဆေးခန်းသွားရမယ်ဆိုတဲ့အသိကြောင့် သတိဝင်လာပြီးအဝတ်စားလဲဖို့ အဝတ်ဗီရိုရှိရာဆီကို ကျွန်မလှမ်းလာခဲ့လိုက်တယ်။အဝတ်ဗီရိုရဲ့အပေါ်မှာထောင်ထားတဲ့ ပြက္ခဒိန်လေးဆီကျွန်မရဲ့အကြည့်တွေရောက်မိလိုက်မ်ိပြန်တော့ ဒီနေ့ဟာ သောကြာနေ့။ သောကြာနေ့ဟာ ကျွန်မရဲ့မွေးနေ့နံရက်ဖြစ်သလို ကို့ရဲ့မွေးနေ့နံရက်ဆိုရင်လည်း မမှားပါဘူး။ ကျွန်မ နဲ့ ကို ကမွေးနေ့နံချင်းတူတဲ့ ချစ်သူတွေလေ။ ကို ကကျွန်မကိုပြောခဲ့ဖူးတယ် မွေးနေ့နံတူချင်းထပ်ရင်မြတ်တယ်တဲ့။ မွေးနေ့နံတူတဲ့ ကို့ ကိုချစ်မိတဲ့ကျွန်မရဲ့ချစ်ခြင်းတရားရဲ့ရလဒ်တွေကတော့ အရှုံးတွေချည်းပဲပါ။ ကံတရားတွေလည်းဆုံးရှုံးတယ် ၊ကိုယ်ကျင့်တရားတွေလည်းဆုံးရှုံးတယ်၊ လူမှုရေးတွေလည်းဆုံးရှုံးတယ်၊သိက္ခာတွေလည်းဆုံးရှုံးတယ်၊အရှက်တရားတွေလည်းဆုံးရှုံးတယ်။အထူးသဖြင့်မိသားစုဆီကမေတ္တာတရားတွေကိုပါဆုံးရှုံးလိုက်ရတယ်။
"မိန်မိန်းရေ.. သွားရအောင်"
ကျွန်မကိုဆေးခန်းလိုက်ပို့ပေးဖို့ သဲသဲက အိမ်ရှေ့ကနေလှမ်းအော်ခေါ်လိုက်တယ်။ စားပွဲပေါ်က ပိုက်ဆံအိတ်အဖြူရောင်လေးကိုကောက်လွယ်လိုက်ပြီး သဲသဲဆိုင်ကယ်ရပ်လိုက်ရာ အိမ်ရှေ့ဆီကျွန်မထွက်လာလိုက်တော့တယ်။ သဲသဲရဲ့ဆိုင်ကယ်လေးနဲ့ပဲ ဆေးခန်းရှိရာဆီကို ကျွန်မတို့နှစ်ယောက်ထွက်လာလိုက်ကြတယ်။
"ဟယ်.. သဲသဲရယ် ဟိုမှာကြည့်ပါအုန်း.. ကို နဲ့တူလိုက်တာ..ကို များလားဟယ်"
ကျွန်မရဲ့အသံကြောင့် သဲသဲကဘရိတ်ကိုဆောင့်အုပ်လိုက်ပြီး ဆိုင်ကယ်ကိုရပ်လိုက်တော့တယ်။
"ဘယ်မှာလဲမိန်မိန်း"
ပန်းရောင်းတဲ့ကလေးတစ်ယောက်ဆီက စံပယ်ပန်းကုံးတွေဝယ်နေတဲ့ အသားညိုညိုအရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ရှိရာဆီသို့ သဲသဲကိုကျွန်မညွှန်ပြလိုက်တယ်။ ကျွန်မညွှန်ပြရာကို သဲသဲကလှမ်းကြည့်လိုက်ပြီး ကျွန်မဖက်သို့ပြန်လှည့်ကာ..
"မိန်မိန်းရယ်..နင်ဟာလေ အသားညိုတဲ့လူ အရပ်ရှည်တဲ့လူတွေ့တိုင်း သူလို့ပဲထင်နေတော့တာပဲဟာ...အခုတောင်ကျန်းမာရေးမကောင်းလို့ ဆေးခန်းသွားပြရတော့မှာကို.. ကြာလာရင်နင်စိတ္တဇဝေဒနါစွဲကပ်လာလိမ့်မယ်..သတိကပ်အုန်း"
သဲသဲကပြောပြောဆိုဆို ဆိုင်ကယ်ကိုမောင်းထွက်လိုက်တယ်။ အသားညိုညိုအရပ်ရှည်ရှည်လူရှိရာဆီ စံပယ်ပန်းကုံးတွေဝယ်ပြီးသူ့ကားထဲသူပြန်ဝင်တော့မဲ့အချိန်ထိ ကျွန်မကလှည့်ကြည့်လှမ်းငေးမိနေတုန်းပါပဲ။ကိုရော ကျွန်မလိုပဲ အဖြူရောင်ဝတ်ထားတဲ့ကောင်မလေးတွေကိုတွေ့ရင် အဖြူရောင်သိပ်ကြိုက်တတ်တဲ့ကျွန်မလို့ ထင်ယောင်ထင်မှားဖြစ်မိသေးလားဆိုတာ သိချင်မိတယ်။အသားညိုတဲ့ ယောကျ်ားလေးတွေကိုတွေ့မိရင်ကို့ကို ကျွန်မလွမ်းမိတယ်။အရပ်ထောင်ထောင်မောင်းမောင်းယောကျ်ားလေးတွေကိုတွေ့မိရင်လည်း လွမ်းမိတာပါပဲ။ အထူးသဖြင့် စည်းစနစ်ကြီးပြီး စေ့စပ်တိကျတဲ့ ယောကျ်ားလေးတွေကိုမြင်လိုက်ရရင် အထူးတစ်လည် ပိုလွမ်းမိပါတယ်။ ကျွန်မချစ်ရတဲ့ကိုဟာ အသားညိုညိုအရပ်ရှည်ရှည်တွေကိုပိုင်ဆိုင်ထားတဲ့ စည်းစနစ်ကြီးပြီး စေ့စပ်တိကျတတ်သူတစ်ယောက်လေ။
"ဆေးခန်းရှေ့ရောက်ပြီ မိန်မိန်း"
ဆေးခန်းရှေ့မှာဆိုင်ကယ်ရပ်လိုက်ပြီး သဲသဲကကျွန်မကိုပြောလိုက်တယ်။ ဆိုင်ကယ်ပေါ်ကဆင်းပြီး ဆေးခန်းအတွင်းသို့ ကျွန်မနဲ့သဲသဲတို့ဝင်လာလိုက်ကြတယ်။ ဆေးခန်းပြရန်ကျွန်မရဲ့အလှည့်ရောက်ဖို့ ခုံတန်းလေးမှာပဲထိုင်စောင့်နေလိုက်ရတယ်။ ထိုင်စောင့်နေရင်း ဆေးခန်းအရှေ့လမ်းမကြီးဆီကိုပဲ ကျွန်မကြည့်နေမိတယ်။ လမ်းမကြီးပေါ်မိုးရေစက်လေးတွေကျလာတာက်ို ကျွန်မလှမ်းတွေ့လိုက်ရတယ်။ ရုတ်တရက်ရွာချလိုက်တဲ့မိုးကြောင့် လမ်းမကြီးရဲ့ဘယ်ညာလူသွားတန်းလေးတွေမှာ လမ်းလျှောက်နေကြတဲ့သူတွေဟာ အမိုးရှိရာအောက်ဆီပြေးလွှားသွားလိုက်ကြတာကိုကျွန်မတွေ့လိုက်ရတယ်။ ကျွန်မအလှည့်ရောက်လာနဲ့ပဲ ဆေးခန်းရဲ့အတွင်းဖက်ခန်းဆီဝင်လာခဲ့လိုက်ရတယ်။ စမ်းသပ်ပြီးတဲ့နောက် ဆရာဝန်က ကျွန်မကိုသောက်စရာဆေးတွေပေးလိုက်တယ်။ဆေးဖိုးကျသင့်ငွေရှင်းပြီးသည့်နောက် ထိုင်စောင့်နေတဲ့သဲသဲရှ်ိရာ ခုံတန်းလေးတွေဆီကျွန်မပြန်လာလိုက်တယ်။
"မိန်မိန်း..မိုးမတိတ်သေးဘူး..ငါတို့ ဒီလမ်းမကြီးဘေးကဆိုင်တစ်ဆိုင်မှာကော်ဖီဝင်သောက်ရအောင်"
သဲသဲရဲ့အစီအစဥ်ကိုကျွန်မလက်ခံလိုက်တယ်။ ကျွန်မတို့နှစ်ယောက်လမ်းမကြီးရဲ့ဘေးက ဆိုင်လေးတစ်ဆိုင်မှာဝင်ထိုင်လိုက်ကြတယ်။
ပူနွေးနေတဲ့ ကော်ဖီခွက်လေးကို ကျွန်မလက်ဖဝါးနှစ်ဖက်နဲ့ ထိကပ်လိုက်တယ်။ အေးစက်နေတဲ့ကျွန်မလက်ဖဝါးနှစ်ဖက်ဟာ အတန်ငယ်နွေးထွေးသွားတယ်။ ကော်ဖီခွက်လေးရဲ့ပူနွေးတဲ့အထိအတွေ့ဟာ ကို့ ရဲ့အနွေးထည်အိပ်ကပ်လေးထဲ ကျွန်မလက်လေးတွေထည့်ထားရတာလောက်တော့ နွေးထွေးမှုမရှိဘူးလို့ကျွန်မခံစားမိလိုက်တယ်။ ကော်ဖီသောက်နေရင်း ကော်ဖီမကြိုက်တတ်တဲ့ ကို့ ကိုကျွန်မသတိရလိုက်မိပြန်တယ်။ ကိုကြိုက်တဲ့စံပယ်ပန်းတွေကိုတွေ့လိုက်ရရင် လွမ်းမိသလို ကို မကြိုက်တဲ့ကော်ဖီတွေတွေ့တော့လည်း ကျွန်မ ကို့ ကိုလွမ်းရတာပဲ။ကိုနဲ့ကျွန်မ အကြိုက်ချင်းထပ်တူကျတဲ့အရာတွေကြောင့် သတိရမိတတ်သလို ထပ်တူမကျတဲ့ဆန့်ကျင်ဖက်အရာတွေကြောင့်လည်း သတိရမိတာပါပဲလေ။ကျွန်မက ကော်ဖီသိပ်ကြိုက်တတ်တဲ့သူလေ။
တောင်ခိုးတွေဝေပြီး မြူတွေဆိုင်းနေတတ်တဲ့ တောင်ပေါ်ဒေသလေးမှာ မိုးတွေသည်းကြီးမည်းကြီးရွာချလိုက်တဲ့အချိန် ကို့ရဲ့အနွေးထည်အိတ်ကပ်လေးထဲ အေးခဲနေတတ်တဲ့ကျွန်မရဲ့လက်ဖဝါးတွေထည့်ထားပြီး နောက်ထပ်တစ်ကြိမ်တစ်ခါလောက်လေးပဲဖြစ်ဖြစ် နွေးထွေးမှုလေးပြန်ရချင်မိတယ်။ ကို့ကိုထွက်ခွာသွားဖို့နှင်ထုတ်ခဲ့သူဟာကျွန်မ မဟုတ်ခဲ့တာကြောင့် ပြန်လာပါလို့လည်း ခေါ်ဖို့အခွင့်အရေးကျွန်မဆီမှာမရှိပါဘူး။ ကော်ဖီဆိုင်လေးရဲ့ မှန်ပြူတင်းတံခါးကတစ်ဆင့် အပြင်ဖက်မှာ သည်းကြီးမည်းကြီးရွာနေတဲ့ မိုးရေစက်တွေကိုကြည့်ရင်း ကျွန်မနှုတ်ခမ်းလွှာကြားက ကို ဆိုတဲ့တစ်လုံးတည်းေသာနာမ်စားလေး တိုးလျစွာထွက်ကျလာခဲ့တယ်။ လမ်းမထက်ဆီက မိုးရေတွေထဲထီးဆောင်းပြီးလမ်းလျှောက်သွားနေတဲ့ အမျိုးသားတွေထဲမှာ အရပ်မြင့်မြင့်အမျိုးသားတစ်ယောက်လောက်ကိုများဖျတ်ခနဲတွေ့လိုက်ရရင် ကို လို့ထင်ယောင်ထင်မှားတွေ ကျွန်မမြင်နေတုန်းပါပဲ။ အသားညိုပြီး ထရပ်စုဝတ်ထားတဲ့
လူလတ်ပိုင်းအမျိုးသားတွေကိုတွေ့လိုက်မိရင် ကျွန်မစိတ်ထဲက ကို လို့ စူးစူးနစ်နစ်ရေရွတ်မိတယ်။ မိုးရေစက်တွေကို မမှိတ်မသုန်စူးစိုက်ကြည့်နေမိရင်း ကို့ကိုလွမ်းတဲ့အလွမ်းငွေ့တွေက ငွေ့ရည်ဖွဲ့ပြီး ကျွန်မမျက်ဝန်းဆီမှာ မျက်ရည်အဖြစ်ဖြစ်တည်လာကြတော့တယ်။
"မိန်မိန်းရယ်..နင်ဟာလေ...ကော်ဖီဆိုင်ထဲမှာပါငိုရသလားဟယ်..စိတ်ကိုလည်းထိန်းကိုယ်ကိုလည်းပြင်ဆင်အုန်း...နင့်ကိုကြည့်ရတာ အရင်လိုမလှတော့ဘူးဟ"
နီရဲဖွာလန်နေတဲ့ကျွန်မရဲ့ပခုံးသာသာဆံပင်တွေကို ကြည့်လိုက်ရင်း သဲသဲကတီးတိုးလှမ်းပြောတယ်။ သဲသဲကို တုံ့ပြန်စကားဆိုဖို့ ကျွန်မသတိမဝင်မိဘူး။ သည်းကြီးမည်းကြီးရွာနေတဲ့ မိုးရေစက်တွေသာ ကျွန်မငေးမြဲငေးနေ
မိတယ်။ရာသီဥတုကြီးက သိပ်ကိုလွမ်းစရာကောင်းလွန်းနေခဲ့တယ်။ ညို့မှိုင်းအုံ့ဆိုင်းပြီး တရွေ့ရွေ့ပြေးနေတဲ့ တိမ်ညိုမဲတွေဆီ ကို့ ကိုလွမ်းတဲ့ ကျွန်မရဲ့အလွမ်းတွေကို အကြုံထည့်ပေးလိုက်ချင်မိပါရဲ့။
"ဟဲ့မိန်မိန်း..ငါပြောနေတာကြားရဲ့လား"
သဲသဲရဲံအသံကိုကြားလိုက်မှ ကျွန်မအသိဝင်လာတော့တယ်။ သဲသဲက ကျွန်မကိုမျက်စောင်းလှမ်းထိုးလိုက်ရင်းက...
"အရင်ကဆိုရင် နင်အရမ်းလှတယ်မိန်မိန်း...နင့်ကိုလှတယ်လို့ပြောကြတဲ့သူတွေမှအများကြီးပဲ..နင်အလှကြိုက်ရဲ့ရက်နဲ့ အခုလို ဖိုသီဖတ်သီကြီးနေတာငါအံ့သြမိတယ်သိလား..."
သဲသဲရဲ့စကားကို ကျွန်မက မချိပြုံးပြုံးလိုက်မိတယ်။ ကျွန်မရဲ့ အသိစိတ်ထဲ ဖျတ်ခနဲအတွေးအချို့ရောက်လာပြီး...
"ဟုတ်တယ် သဲသဲ..ကို ကငါ့ကိုလှလှလေးနေစေချင်တယ်..ငါလှနေရင်သူသိပ်သဘောကျတယ်..ဟုတ်တယ်..ငါလှလှလေးနေမှရမယ်..ကို မရှိပေမဲ့ ကိုသဘောကျတဲ့အတိုင်းငါနေထိုင်ရမယ်"
သဲသဲက ကျွန်မက်ိုစိတ်ပျက်သွားဟန်နဲ့ကြည့်ကာသက်ပြင်းချလိုက်ပြီး ကော်ဖီကိုသာသောက်နေလိုက်တယ်။ကျွန်မရဲ့တွေးလက်စအတွေးတွေကိုသာ ကျွန်မဆက်တွေးနေလိုက်တယ်။ကျွန်မရဲ့စိတ်တွေအတွေးတွေဟာ အတိတ်တွေထဲမှာပဲ ရစ်ဝဲနေတော့တယ်။ အတိတ်တွေထဲက ရုန်းထွက်နိုင်ဖို့ ကျွန်မကဘယ်လိုခွန်အားတွေများ အသုံးပြုရလေမလဲ။
???
အယ်ဟုန်သော်
စံပယ်ပန်းတို့၏ဒိုင်ယာရီ
ဆက်ရန်>>>>>>>>>>>>>>>>>>>>
Keep Reading