Kavi
တစ်နေ့ထက်တစ်နေ့ ပိုမိုရှုပ်ထွေးခက်ခဲလာတဲ့ အခြေအနေတွေကြားမှာ လူငယ်တွေက 'လမ်းပျောက်ခြင်း'၊ 'အနာဂတ် ဝေဝါးခြင်း' ဆိုတဲ့ ပြဿနာတွေကို ကြုံတွေ့လာရပါတယ်။
ဘေးပတ်ဝန်းကျင်မှာဆိုလည်း -
"လူငယ်တွေ အနာဂတ်ပျောက်နေပြီ။" "ငါတော့ ကြောင်ပျောက်နေပြီ။" "ဘယ်လိုလုပ်လို့ ဘယ်လိုကိုင်ရမလဲကို မသိတော့ပါဘူးကွာ။" "ငါတို့ရဲ့ တက်လမ်းတွေက အပိတ်ခံထားရတာကွ။"
အစရှိတဲ့ အသံတွေပဲ ကြားနေရပါတယ်။
ဒါပေမယ့် စဉ်းစားစရာ တစ်ခုတော့ ရှိပါတယ်။ အလားအလာတွေ အများကြီးရှိတဲ့ လူငယ်တွေကို ဒီလောက်လေးနဲ့ ပိတ်ပင်ထားလို့ ရလို့လား။
ကျွန်မတို့ လျှောက်လှမ်းနေရတဲ့ ဘဝခရီးလမ်းမှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရတာတွေ၊ ဇဝေဇဝါဖြစ်ပြီး လမ်းပျောက်တာတွေ ဖြစ်တတ်ပါတယ်။ ကောင်း၏၊ ဆိုး၏ စတဲ့ အခြေအနေတွေထဲကမှ ဆိုးသော အခြေအနေတွေနဲ့သာ များများ ကြုံတွေ့နေလာခဲ့ရတဲ့ လူငယ်တို့အတွက်တော့ ပိုလို့တောင် ဇဝေဇဝါ ဖြစ်စရာပါပဲ။ ဒါပေမဲ့ လမ်းပျောက်တယ် ဆိုတာဟာ အဆိုးဆုံး အခြေအနေတော့ မဟုတ်သေးပါဘူး။ အမှန်တကယ် အဆိုးဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးကတော့ လမ်းမှားရောက်ခြင်းပဲ ဖြစ်ပါတယ်။
လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတဲ့ အရာများစွာ ရှိပါတယ်။ ရှားပါးလာတဲ့ အခွင့်အရေးတွေကြောင့် လူငယ်တွေဟာ ဖြတ်လမ်းကိုသာ ရွေးချယ်လာကြ ပါတော့တယ်။ social media တွေ အပေါ်မှာ ပျံ့နှုံလာတဲ့ လွဲမှားတဲ့ အယူအဆတွေကြောင့်လည်း လမ်းမှားကို ရောက်နိုင်ကြပါတယ်။ စိတ်ညစ်စရာတွေ၊ စိတ်မချမ်းသာစရာတွေကြောင့်လည်း တစ်ခဏတာပျော်ရွှင်မှုကို တစ်ဘဝစာနဲ့ စွဲလမ်းမှုနဲ့ လဲတတ်ကြပါသေးတယ်။ ဒီလို အခြေအနေမျိုးတွေမှာ ဒီလိုမျိုးအရာတွေကသာ တစ်ခဏတာ ဖြေရှင်းမှုကို ပေးစွမ်းနိုင်တာကြောင့် ဒီအရာတွေရဲ့ သွေးဆောင်ဖြားယောင်းမှု အောက်ကို အလွယ်တကူ ကျရှုံးပြီး လမ်းမှားကို ရောက်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလမ်းမှားတွေရဲ့ အဆုံးသတ်မှာ ကြုံတွေ့ရမှာတွေကတော့ မပြောပြပြတတ်လောက်အောင် ကြောက်စရာကောင်းနေပါတယ်။ နောင်မှရလာမယ့် နောင်တတွေ တစ်ပုံတစ်ပင်က စောင့်ကြိုလို့ နေမှာပါ။
လူငယ်တွေအတွက် ကြောက်စရာအကောင်းဆုံး လမ်းမှားတွေထဲကမှ အဆိုးဆုံး လမ်းနှစ်သွယ်ကို ဖော်ပြပေးချင်ပါတယ်။
ဒါတွေကတော့ မူးယစ်ဆေးဝါး စွဲလမ်းမှုနဲ့ အယူဝါဒ အလွဲအမှားတို့ကို လက်ကိုင်ထားခြင်းတို့ပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတို့ရဲ့ အန္တရာယ်ကတော့ လူတိုင်းနဲ့ ရင်းနှီးပြီးသားပါ။
အယူဝါဒ အလွဲကို လက်ကိုင်ထားရင်ရော ဘာတွေ ဖြစ်လာမှာလဲ။
အဆိုးဆုံးတွေ ဖြစ်လာမှာပါ။ social media တွေကို အခွင့်ကောင်းယူပြီး လူတစ်စုက အယူဝါဒ လွဲမှားစေတဲ့ စာသားလေးတွေကို phonk music ခပ်လန်းလန်းလေးတွေနဲ့ edit ပြီး story ဘာညာတင်လိုက်ရင် အသိနုနယ်သေးတဲ့ လူငယ်လေးတွေက ထိုအရာတွေကို သဘောကျလာပြီး မကောင်းတဲ့ အယူဝါဒလေးတွေကို လက်ခံကိုင်စွဲ လာချင်ကြပါတယ်။
နောင်တစ်ချိန်ရဲ့ လူငယ်တွေ လမ်းမှားရောက်တာထက် လမ်းပျောက်တာက ပို၍ ကောင်းနေပါသေးတယ်။
"ဟ ... လမ်းပျောက်တာ ကောင်းတယ်တဲ့လား။"
လို့ စိတ်ထဲမှာ တွေးကောင်းတွေးမိပါလိမ့်မယ်။
စစ်စစ်ပေါက်ပေါက် ဆင်ခြင်ကြည့်လိုက်ရင် လမ်းပျောက်တယ်ဆိုတာ ကိုယ်လက်ရှိ ရောက်နေတဲ့ နေရာကို မေးခွန်းထုတ်၊ သွားနေကျ လမ်းဟောင်းကြီးကလည်း ဘယ်ရောက်နေမှန်းမသိ ဖြစ်နေတဲ့ အခြေအနေပါ။ ဒီတော့ ကိုယ်ရောက်ချင်တဲ့ နေရာကို ကိုယ်တိုင် သတ်မှတ်ပြီး ကိုယ်တိုင် လမ်းစထွင် လျှောက်လှမ်းရတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မလွယ်ကူပါဘူး။
"သူများတောင် မလျှောက်ကြတဲ့ လမ်းကို ငါတို့က ဘယ်လိုလျှောက်ရမှာလဲ။"
လို့ မေးကြပါတယ်။ လွယ်ပါတယ်။ ကိုယ့်မှာရှိတဲ့ အရာတွေကို အသုံးချပါ။ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ကိုယ်လက်ရှိ ရောက်နေတဲ့ နေရာကနေပဲ စတင်လျှောက်လှမ်းပါ။ (စတဲ့ ခြေလှမ်းတော့ ဦးတည်ချက် မမှားစေနဲ့ ပေါ့နော်)
ကိုယ်က mobile games ဆော့ရတာကို ဝါသနာပါသူလား။ ဆော့ပါ။ ကျွမ်းကျင်အဆင့် gamer တစ်ယောက် ဖြစ်သည်အထိ ကြိုးစားပါ။ ပြိုင်ပွဲတွေ ဝင်ပြိုင်ပါ။ ယခုခေတ်ကြီးမှာ e-sport ကလည်း အထင်သေးစရာ မဟုတ်တာကြောင့် game ဆော့ရတာ ဝါသနာပါရင် game ပဲ ဆော့ပါ။ အဲ့နယ်ပယ်မှာ ထိပ်ဆုံးထိ ရောက်အောင် ကြိုးစားပါ။
ကိုယ်က စာအုပ်တွေ ဖတ်ရတာ ကြိုက်တဲ့သူလား။ စာအုပ်တွေဖတ်ပါ။ စာအုပ်တွေဖတ်ပြီး လေ့လာပါ။ သုံးသပ်ပါ။ ဆင်ခြင်ပါ။ စာဖတ်ပြီး ရရှိလာတဲ့ ဗဟုသုတတွေကို လက်တွေ့ အသုံးချပါ။ အခြားသူတွေကိုလည်း မျှဝေပါ။ အဲ့လိုနဲ့ပဲ ကိုယ့်ရဲ့ နယ်ပယ်မှာ ထိပ်ဆုံးရောက်အောင် ကြိုးပမ်းပါ။
လူငယ်တွေ လမ်းမှားရောက်တယ် ဆိုတာဟာ တစ်ယောက်ထဲရဲ့ အနာဂတ်ကို ပျက်စီးစေရုံသာမကဘဲ တိုင်းပြည်နဲ့ လူမျိုးရဲ့ အနာဂတ်ကိုပါ ပျက်စီးစေပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်က လူငယ်တွေ အပေါ်မှာပဲ မှီခိုနေတာကြောင့် လူငယ်တွေ လမ်းမှားမရောက်မိဖို့ အလွန်အရေးကြီးပါတယ်။
'ဆင်သွားလျှင် လမ်းဖြစ်' ဆိုတဲ့ စကားပုံက အလကား ရှိနေတာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ လမ်းတွေ ပိတ်ထားပါစေ၊ ဘယ်လောက်ပဲ လမ်းတွေ ဝေဝါးနေပါစေ ကိုယ်ကသာ စိတ်ဆုံးဖြတ်လိုက်ရင် ဘယ်သူမှ မလျှောက်ဖူးခဲ့တဲ့ လမ်းသစ်ဖောက်သူတစ်ယောက် ဖြစ်သွားမှာပါ။ ကျွန်မတို့က လူငယ်တွေပဲ။ လမ်းသစ် ဖောက်တာ လောက်ကတော့ အေးဆေးပဲလေ။
Kavi(ကဝိ)
Keep Reading