Author's Profile Photo

သင်္ခါရ လောကသား

26/09/2024

မနာလိုစိတ်လား? မခံချင်စိတ်လား?

2 mins read
Personal Development
18 Again

လူတစ်ယောက်သည် မိမိလုပ်ကိုင်နေသော အရာတစ်ခု၊ အလုပ်တစ်ခုတွင် မိမိထက်သာလွန်၍ စွမ်းဆောင်ရည်ကောင်းနှင့်အတူ စိတ်ဓာတ်ပိုင်းဆိုင်ရာထက်မြက်မှုတို့အား အသုံးချပြီး လုပ်ကိုင်နိုင်သူကို မခံချင်စိတ်ဖြင့် ပြန်၍ အနိုင်ပိုင်းလိုကြသည်။ ဤသည်မှာ မခံချင်စိတ်၊ အောက်မကျို့ချင်စိတ်၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည် ဟုစာရေးသူထင်မြင်မိသည်။ ပြန်၍ အနိုင်ပိုင်းလိုချင်စိတ်ရှိသော်လည်း မိမိ၏ စွမ်းဆောင်လုပ်ကိုင်ရည်နှင့် ဖြတ်ထိုးဉာဏ်အား ပို၍သာလွန်အောင်သာ မလုပ်ဘဲ "ဟာ သူကအလွယ်လမ်း လိုက်လို့ပါကွာ"၊ "သူ့လိုလုပ်ဖို့အချိန်မှ မရှိတာ" ဟူသည့်ပြောစကားများဖြင့်သာ ဘေးထွက်ကာ မနာလို မစ္ဆရိယစိတ်များ ပွားများနေတတ်ကြသည်။ ထိုမစ္ဆရိယစိတ်များ ပွားများနေသော လူတို့သည် ပို၍ ကြိုးစားချင်စိတ် မရှိသော်ငြား စွမ်းဆောင်ရည်ကောင်းသောသူသည် အောင်မြင်မှုကောင်းကောင်းရလေလေ ပို၍မနာလိုလေလေ ဖြစ်နေတတ်ကြသည်။ ထိုမနာလိုတတ်သော သူများသည် စွမ်းဆောင်ရည်ကောင်းသောသူ အမှားတစ်ခု လုပ်မိလျှင်လည်း ထိုအမှားအားထောက်ပြရန် ဝန်မလေးကာ ပုံကြီးချဲ့၍ပင် သွားပုပ်လေလွင့် ပြောတတ်ကြသေးသည်။ ဤသည်မှာ မနာလိုစိတ် ဖြစ်သည် ဟူ၍စာရေးသူထင်မိသည်။

မခံချင်စိတ်လည်းမရှိ မနာလိုစိတ်လည်းမရှိ ဖြစ်နေကာမူ ထိုသူ၏ဘဝသည် အပြိုင်အဆိုင်တို့အားစိတ်မဝင်စားတတ်သော ရိုးအေးသောဘဝမျိုးကိုသာပိုင်ဆိုင်ရနိုင်သည်။ သို့သော် စိတ်ဓာတ်အားပို၍ပို၍ တွန်းအားပေးနေနိုင်အောင် ထိုသူမလုပ်ဆောင်လိုသည့်အတွက် စွမ်းဆောင်ရည်မှာ ပုံမှန်သာသာပင်ဖြစ်နေပေလိမ့်မည်။

ဥပမာပြုရလျှင် အတန်းထဲတွင် ကျောင်းသား၁ယောက်သည် တစ်ခါတစ်ရံချီးကျူးခြင်းခံရသည်။ သို့သော် သူ့ထက် အမြဲလိုလို ဆရာမများ၏ ချီးကျူးခြင်းခံရသော ကျောင်းသား၁ဦး ပေါက်ပေါက်လာသည်။ အမြဲတစေ ချီးကျူးခြင်းခံရသောကျောင်းသားသည် တင်ပြမှုပိုင်းတွင် သော်လည်းကောင်း၊ အပိုသင်ရိုးတွင် သော်လည်းကောင်း၊ လူမှုဆက်ဆံရေးပိုင်းတွင် သော်လည်းကောင်း၊ စာပေနှင့် အနုပညာယဥ်ကျေးမှုတွင် သော်လည်းကောင်း တစ်ခါတစ်ရံ ချီးကျူးခြင်းခံရသူထက် ပို၍ကောင်းမွန်နေတတ်သည်။ အမြဲတမ်းလည်း ပို၍ပို၍ ကောင်းမွန်အောင် လေ့ကျင့်ပြုစုသည်။ သို့သော် တစ်ခါတစ်ရံ ချီးကျူးခြင်းခံရသော ကျောင်းသားမှာမူ ကျန်းမာရေးကိစ္စကြောင့်သော် လည်းကောင်း၊ အိမ်မှုကိစ္စများကြောင့်သော် လည်းကောင်း၊ အခြေအနေအရပ်ရပ်တို့ကြောင့် အချိန်မပေးနိုင်သဖြင့် အောက်မကျို့ချင်သော်လည်း အောက်ကျို့ဝင်နေရသည်။ ထိုသို့ အောက်ကျို့လေ အမြဲလိုလိုချီးကျူးခံရသည့် ကျောင်းသား၏ ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များမှာ ပို၍ ပေါ်လွင်ထင်ရှားလာသည်။ ထိုအခါ တစ်ခါတစ်ရံ ချီးကျူးခြင်းခံရသော ကျောင်းသားမှာ ရံဖန်ရံခါပင် မေ့လျော့ခြင်း ခံရပြီး ချီးကျူးခံရမှုတို့မှာလည်း လျော့နည်းသွားလေသည်။ ထိုအခါ ထိုကျောင်းသား၏စိတ်ထဲတွင် တောက်လောင်နေသော မခံချင်စိတ်မီးမှာ မနာလို မစ္ဆရိယ မီးတောက်စိတ်အဖြစ်ပြောင်းပြီး ယခင်လုပ်ဆောင်မှုများ၏ ဆန့်ကျင်ဘက်များကို ပြုမူပြောင်းလဲလုပ်ဆောင် လာသည်။ အရာရာကိုအဆိုးမြင်တတ်လာ၏။ ထိုကဲ့သို့ဖြစ်လေရာ ပုံမှန်ချီးကျူးခံနေရခြင်းမှ မခံရသည့်အပြင် ဆရာ၊ဆရာမတို့၏အပြစ်အဆိုးမျက်စိဒေါက်ထောက်ကြည့်ခံရသည့် "ငပွ ကျောင်းသား" အဖြစ်သို့ပြောင်းလဲသွားသည်။ ထိုအရာများမှာလည်း ပြောင်းလဲနိုင်စွမ်းနှင့် ဆိုင်ပေသည်။

မနာလို မစ္ဆရိယစိတ်များစွာ ရှိနေသာ သူတို့သည် မိမိတို့ကိုယ်တိုင် ရှိလို့ရှိနေမိမှန်းတောင် မသိပေ။ ဘေးလူတို့မှာလည်း မသက်သာ၍သာ မစ္ဆရိယစိတ်ပွားနေသော လူ၏ ပါးစပ်မှ ​အကုသိုလ်များစွာရသော စကားတို့ကို နားထောင်နေရသည်။ တစ်ခါတစ်ရံ မနာလို မစ္ဆရိယစိတ် များစွာရှိသောလူတို့သည် ကိစ္စတစ်ခုခုကို ဆောင်ရွက်ရာတွင် လက်ကျန်မခံချင်စိတ်ကို လှုံ့ဆော်ကာ ပါဝင်လုပ်ကိုင်ဆောင်ရွက်ခြင်းပင်မရှိသော်လည်း တစ်ခြားသူများလုပ်ကိုင် ဆောင်ရွက်နေသည်ကို ဝေဖန်ကဲ့ရဲ့ကြသည့် အဆင့်သို့ပင် ပြောင်းလဲသွားကြသည်။ ထိုသူများကို "လူ့ဂွစာ၊ဘုကန့်လန့်" ဟု၍ခေါ်ဆိုကြသည်။ ကြောက်စရာကောင်းလှပေသည်။ ကိုယ့်ကိုကိုယ် တိုးတတ်စေသည့်မခံချင်စိတ်အား အဆိုးမြင်စိတ်လေးဝင်သွားပါက မနာလိုစိတ် အသွင်ပြောင်းလဲသွားသည်။ ထိုမှ တစ်ဆင့် လူ့ဘောင်အားဝင်မဆံ့တော့သည့် လူ့ဂွစာ၊ဘုကန့်လန့် လူစားအဖြစ်ပြောင်းလဲသွားသည်။

အနှစ်ချုပ်ပြောရပါက မိမိမှာ သူတစ်ပါးထက်သာအောင် လုပ်ဆောင်ချင်သည့် မခံချင်လိုစိတ်ရှိသော်လည်း အခြေအနေအရပ်ရပ်မှာ မျက်နှာသာမပေးသောအခါ မိမိလျှောက်လှမ်းနေသည့် လမ်းကြောင်းလေး အတိုင်းသာ လျှောက်လှမ်းမည်ဆိုလျှင် မည်သည့်အခက်အခဲမှ မတွေ့ကြုံနိုင်ရဘဲ တစ်ချိန်ချိန်တွင် သူတစ်ပါးကိုပြန်၍ အနိုင်ပိုင်းနိုင်ပေလိမ့်မည်။ သို့သော် မခံချင်လိုစိတ် အားအဆိုးမြင်ကာ မနာလို မစ္ဆရိယစိတ်နှင့် ကြည့်ပါက နောက်ဆက်တွဲ ဆိုးကျိုးများမှာ တစ်ဘဝစာ ရောက်ရှိလာနိုင်သည့်အပြင် လူအများ အထင်သေးခြင်းကိုလည်း ခံရပေဦးမည်။ ထို့အပြင် မစ္ဆရိယစိတ်လည်း ပွားများ၊ တိုးတတ်အောင်လည်း မလုပ်နိုင် ဆိုလျှင် မိမိမှာ လူ့ဂွစာ အဖြစ်သို့ပြောင်းလဲသွားနိုင်သည်။ မိမိဘဝအား တိုးတတ်ပြောင်းလဲစေရန် လှုံ့ဆော်ပေးနေသည့် မခံချင်စိတ်မီးကလေးအား မစ္ဆရိယမီးတောက် အဖြစ်မပြောင်းလဲစေရန် တိုက်တွန်းရင်း စာရေးသူ နိဂုံးချုပ်အပ်ပါသည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု