သင်္ခါရ လောကသား
လူငယ်များသည် အဖြူထည်၊ အဖြူထည်အပေါ် အရောင်များ စွန်းထင်းရန် လွယ်ကူလှသည်။ အဖြူထည် အပေါ် အရောင်စိုးချင်ကြသော ဝိသမလောဘသား များသည်
လူငယ်များအကြား အသွင်အမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက် လျက်ပင်။
ဆယ်ကျော်သက် လူငယ်များသည် ခေတ်ကာလ အကြောင်းအမျိုးမျိုးကြောင့် သော်လည်းကောင်း၊ ပတ်ဝန်းကျင် အခြေအနေကြောင့် သော်လည်းကောင်း၊
ပင်ကိုယ်စရိုက်ကြောင့် သော်လည်းကောင်း မူးယစ်ဆေးဝါးနှင့် ကင်းသောလူငယ်ရှား၏။ စာရေးသူ ဆိုလိုမည့် မူးယစ်ဆေးဝါး သည် ကိုကိန်း၊ ဟီရိုအင်း၊ စိတ်ကြွရူးသွပ်ဆေးပြား(Wy)၊ ခရစ်စတယ်အိုက်စ်နှင့် ယာဘတို့ မဟုတ် "အရက်နှင့်ဆေးလိပ်" ပင်ဖြစ်ပေသည်။
ယနေ့ခေတ် လူငယ်များ သနားဖို့ကောင်းလှသည်။ စိတ်ထွက်ပေါက် အနေဖြင့် ဆေးလိပ်အပေါ် မှီခိုနေကြရသည်။ ဆေးလိပ်သောက်နေသော လူငယ်အားမေးလိုက်လျှင် "စိတ်ဖိစီးမှုများလို့ပါကွာ" ဟုဖြေသံကိုပင် ထပ်ခါတလဲလဲ ကြားယောင်နေရသည်။ ထိုဖြေသံမှာ စာရေးသူ၏နားထဲသို့ ကြက်ဟင်းခါးသီးအရည်ညှစ်၍ ဆေးခါးရည်နှင့်ရောစပ်ကာ လောင်းချလိုက်သလို အဝင်ခါးလွန်းလှသည်။ စာရေးသူ၏ ရှု့မြင်ပုံမှာ စိတ်ဖိစီးမှုမှ လွတ်မြောက်ရန် လုပ်စရာ များစွာရှိသည့်အထဲကမှ ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ့်အဆုတ်ကိုယ်ဖျက်ဆီးသည့် အလုပ်မှ ရွေးလုပ်ကြသည့် အပြင် "စိတ်ဖိစီးမှုလေးပျောက်ဖို့ ဒီဆေးလိပ်လေး သောက်မှရသည်" ဆိုသည့် အတွက် သနားဂရုဏာသက်မိပါသည်။ ပို၍ဆိုးသည်မှာ ကျောင်းတွင်းတွင် ဆေးလိပ်သောက်သည့် အပြင် ရပ်ကွက်လမ်းမ ထက်ပေါ်၌ ကျောင်းအဖြူအစိမ်းယူနီဖောင်း နှင့် ကျောင်းသားများစည်းကမ်းကောင်းကောင်းကြီးလိုက်နာကြောင်းကို သက်သေပြသည့်အနေဖြင့် နှုတ်ခမ်းမှ ဆေးလိပ်ခဲပြနေသည်ကို စာရေးသူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့မြင်ရပါသည်။
အရက်ဆိုင် နှင့် တချို့သောဘား များမှချိတ်ဆွဲထားသော ဆိုင်းဘုတ် အချို့ကိုစာဖတ်သူတို့ သိမြင်ပြီးသားဖြစ်မည်ထင်သည်။ထိုဆိုင်းဘုတ်မှာ "မူးယစ်ဆေးဝါးမသုံးစွဲရ"
စာရေးသူမှာ ထိုဆိုင်းဘုတ်မြင်၍ တစ်ခါအော်ရယ်မိဖူး သည်။ အဘယ်ဆိုသော် အရက်သည်လည်း မူးယစ်ဆေးဝါးမဟုတ် ပါသကား။ မည်သို့ပင်ဆိုစေကာမူ အရက်ရောင်းသည့် ဆိုင်များမှာ ဆိုင်းဘုတ်တွင်
"အရက်ရောင်းဝယ်ရေး" ဟု မတပ်ရဥပဒေပြဠာန်းပြီး နောက် "ရောင်းဝယ်ရေး" ဟုသာတပ်ကြပါသည်။ သို့သော် "ရောင်းဝယ်ရေး" ဟု တပ်ပြီး အရက်ပုလင်းများ ထောင်ပြ ချိတ်ဆွဲ ပြနေမည့် အစား "အရက်ဘီယာရောင်းဝယ်ရေး" ဟုသာ တပ်လိုက်ပါတော့ ဟုစာရေးသူ ပြောချင်မိသည်။
အနှစ်ချုပ်အနေဖြင့် စာရေးသူသည် ဤသို့ အဖြစ်အပျက်များ ၊ဖြစ်စဥ်များကို တားစီးနိုင်သည့် လုပ်ပိုင်ခွင့်၊ အခွင့်အာဏာမရှိပါ။ ရှိသောသူများကိုလဲ အပြစ်မမြင်လိုပါ။ အဘယ်ဆိုသော် သုံးစွဲသူ၊ စားသုံးသူ ရှိနေသောကြောင့် ရောင်းသူ၊ကူးသန်းသူ ရှိနေခြင်းပင်ဖြစ်သည်။ ရောင်းသူ၊ကူးသန်းသူ များမှာလည်း သုံးစွဲသူ၊စားသုံးသူ အပေါ်ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီစနစ်ဖြင့်ပြန်၍ မှီခိုနေရခြင်းပင်။ "လူငယ်ဘဲ အတွေ့အကြုံ ဆိုတာစုံမှ" မှန်ပါသည်။ လူငယ်တွေ့ပါကြုံပါ။ တစ်ခါတွေ့ဖူး တစ်ခါကြုံဖူးသည်နှင့် ရပ်လိုက်ပါ။ရပ်နိုင် စေသည့် အသိဉာဏ်နှင့်နားလည်နိုင်သည့် ဦးနှောက် လူမှာပို၍ ရှိသဖြင့် "လူ" ဟုခေါ်ဆိုခြင်းဖြစ်သည်။ ဤတွင် "လွတ်လပ်မှု" နှင့် "မင်းမဲ့စရိုက်" အားနှိုင်းယှဥ်သတိချပ်ကာ လူငယ်များ ကောင်းသောဘဝ ကိုလျှောက်လှမ်းနိုင်စေရန် စာရေးသူတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
Keep Reading