Author's Profile Photo

ရဲဘုန်းသွင်

23/09/2024

ဟံသာဝတီ နေထွက်ချိန် အပိုင်း ၃၉

7 mins read
Book Review
Education
History
ဟံသာဝတီ နေထွက်ချိန်
အပိုင်း ၃၉'s photo

မင်းသားဗညားနွဲ့အား ဒဂုံမှပြန်ခေါ်ခြင်း
အမတ်ဒိန်လည်း ညီလာခံတက်ရန် လာစဥ် ဆင်ဖြူရှင်မင်းတရား အခေါ်တော်ရှိသည် ကြားသဖြင့် သုရှင်ရှိရာ နန်းဆောင်သို့ အရင်ဝင်ခဲ့ကြသည်။ မင်းသားဗညားနွဲ့ ဟံသာဝတီမှ ထွက်သည့်အချိန်မှစ၍ နန်းတွင်းထဲတွင် မဟာဒေဝီက အမတ်များကို အမြဲသံသယထား စောင့်ကြည့်နေသည်။ ထို့ကြောင့် မှူးမတ်များ နန်းတွင်းသို့ အဝင်အထွက် နည်းပါးလာခဲ့သည်။ မဟာဒေဝီနှင့် ပနံတင့်သူ အမတ်တချို့လောက်သာ မဟာဒေဝီနှင့် သမိန်မရူးထံ မပြတ်ဝင်ထွက်ကြသည်။

" အမတ်ဒိန်၊ အခစားရောက်ကြောင်းပါဘုရား..."

အမတ်ဒိန်ရောက်သည်ဟု ကြားသဖြင့် သုရှင်သည် ခေါင်းငဲ့ကာ ကြည့်ကာ ထဟန်ပြင်သည်သည်။ ကိုယ်လှုပ်တော်များ ဝိုင်းဝန်းထူမပြီး ထိုင်စေလိုက်သည်။ သုရှင်လဲ မသွားစေရန် ခေါင်းအုံးများရံပေးထားသည်။

အမတ်ဒိန်လည်း ဒူးထောက်ဦးချပြီး၍ သုရှင်ကို မော့ကြည့်လိုက်လျှင် မောဟိုက်ပင်ပန်းလျက် ပိန်လှီနေသော ဟံသာဝတီပြည့်ရှင်ကို မြင်လိုက်ရသည်။ ဆင်ဖြူရှင်မင်းတရားသည် အိပ်ယာထဲမှ ထရသည်ကိုပင် ပင်ပန်းနေသည်။

ဆင်ဖြူရှင်မှာ ယခင်က မိမိသံလျင်သို့ မသွားမှီ ဖူးခဲ့သော ရုပ်သွင်နှင့် တော်တော်ပြောင်းလဲသွားပြီဖြစ်သည်။ အမတ်ဒိန်မှာလည်း မိမိကဲ့သို့ ရာထူးငယ်သော အမတ်တ​ယောက်ကို သုရှင်ခေါ်သဖြင့် ထူးဆန်းသည်ကို ခံစားမိနေသည်။

" အဟွမ်း....အဟွမ်း..."

သုရှင်ထံမှ ဝမ်းကိုလှိုက်သော ချောင်းသံထွက်လာသဖြင့် ကိုယ်လှုပ်တော်များ ထွေးခံဖြင့်ခံပေးကြသည်။ ယပ်ဆက်သူတို့က ယပ်ဆက်ပေးကြသည်။ စကားပြောရန် အားယူစဥ် ချောင်းဆိုးလိုက်ခြင်းဖြစ်သည်။ ချောင်းဆိုးလိုက်ရသည့်အတွက် မောပြီး ခဏငြိမ်သွားပြန်သည်။

" ငဒိန်ငယ်၊ တရားကို နတ်စောင့်သလော..."

" မှန်ပါ။ စောင့်ပါတယ်ဘုရား။ "

" အိမ်း...ဟံသာဝတီကိုရောကွဲ့...."

" မှန်ပါ။ ဆင်ဖြူရှင်မင်းတရား စောင့်ရှောက်ပါတယ်ဘုရား..."

သုရှင့်သည် လေးပင့်စွာဖြင့် ခေါင်းကိုသာ ခါနေတော့သည်။

"ဟင်း..... မဟုတ်ဘူး။ အိပ်ယာထဲလဲနေတဲ့ ငါကဘယ်လိုလုပ်ပြီး စောင့်ရှောက်နိုင်တော့မလဲ။ "

မောပန်းနေသော သုရှင်၏မျက်နှာသည် အနည်းငယ်ပြုံးယောင်မြင်ရသည်။ အနာဖြစ်သော ပါးတဖက်ကို ဆေးများလိမ်းထားသဖြင့် အနည်းငယ် ဖူးယောင်လျက် ဝါနေလေသည်။ အမတ်ဒိန်လည်း သုရှင် ဘာကိုဆိုလိုသလဲ မသိ၍ အလိုက်သင့် နားထောင်နေရသည်။

" အမတ်ဒိန်၊ ခမည်းတော်တယောက်လုံး သေအံ့ဆဲဆဲရှိလျက်နဲ့ သားတော်က ပုန်ကန်နေပြီ၊ မှူးမတ်ကြီးတွေကလည်း ငါမရှိရင် သူတို့လိုရာကို ပြုကြလိမ့်မယ်။ ဒီတော့ မြို့တော်ကို မင်းစောင့်ရှောက်ပါ..."

သုရှင်သည် ပြတ်တောင်းပြတ်တောင်းဖြင့် အားယူ၍ စကားဖပြာနေရာမှ မောလာသဖြင့် ကိုယ်လှုပ်တော် ကျွန်မငယ်ဆက်သော ရေကို အနည်းငယ်သောက်ကာ ရေခွက်ကို ပြန်ချလိုက်သည်။

" မင်းက မျိုးရိုးစဥ်ဆက် အမှုထမ်းခဲ့တယ်။ မင်းအဖဇေယျသူဆိုလည်း မုတ္တမစားနဲ့ တိုက်ရင်း ဆင်ထက်မှာ လွန်ခဲ့တယ်။ ခု မင်းကိုလည်း ငါယုံကြည်စိတ်ချလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မြို့စားအမတ်အဖြစ် ချီးမြှင့်ထားတယ်။ ခုတော့ မြို့တော်နဲ့ နန်းတော်ကို မင်းစောင့်ရှောက်ပေတော့။ ​ဖြောင့်ဖြောင့်မတ်မတ်နဲ့ သစ္စာ၊ ပညာရှိတဲ့သူ မင်းအပြင် ငါမမြင်ဘူး။ ခိုးစိုးလုဝှက်နေတဲ့သူတွေ လက်ကနေ မြို့ကို ကာကွယ်ပါတော့...."

" အမှုတော်ကို ဦးဆွေးဆံမြေ့ ထမ်းရွက်ပါ့မယ်ဘုရား..."

အမတ်ဒိန်လည်း သုရှင်ကို ဂရုဏာသက်မိသဖြင့် ကြမ်းပြင်နှင့်နဖူးထိအောင် ဦးချကန်တော့လိုက်သည်။

" အိမ်း....ဒါဆို ငါလည်း အသေဖြောင့်ပါပြီ "

သုရှင်လည်း ထိုင်နေရာမှ ကိုယ်လှုပ်တော်များ အကူအညီဖြင့် လဲလျောင်းသွားသည်။ သမားတော်ဖြစ်သော စက္ကဝါဒိယလည်း အနာကိုကြည့်ရန် ရောက်လာတော့သည်။ အမတ်ဒိန်လည်း သုရှင်ကိုကြည့်ကာ သနားဂရုဏာဖြစ်မိသည်။ ရေမြေအလုံးစုံကိုပိုင်သော ဘုရင်လည်း ဇရာကို မလွန်ဆန်နိုင်ဟု တွေးမိသည်။

သုရှင်ခြေတော်ရင်းတွင် ထိုင်နေရင်း မောင်းသံတချက်ကြားသဖြင့် ညီလာခံနီးပြီဖြစ်ကြောင်း အမတ်ဒိန် အလိုလိုသိလိုက်သည်။ ထို့ကြောင့် သုရှင်ကိုရှိခိုးကာ ညီလာခံဆောင်သို့ ပြန်တော့သည်။

မဟာဒေဝီအမိန့်နှင့်ခေါ်ထားသော ညီလာခံတွင် မှူးမတ်များအားလုံး စုံညီသလောက်ဖြစ်နေပြီ။ ညီလာခံဆောင်အတွင်း မင်းတရား၏ ထီးဖြူတော်နှင့် ပလ္လတော်သာရှိနေပြီး မင်းတရားရှိမနေနိုင်တော့ချေ။ မှူးမတ်များစုံသောအခါ မဟာဒေဝီထွက်လာပြီးနောက် မှူးမတ်များအားလုံး၏ ထိပ်၊ ပလ္လင်တော်ခြေရင်းတွင် ထိုင်သည်။ လက်ဝဲဘက်တွင် သမိန်မရူးနှင့် လက်ယာဘက်တွင် အမတ်ကြီးဇိပ်ဗြဲ၊ မင်းဇွဲတနုန်တို့ နှင့်အခြားမှုးမတ်ငယ်များ အစဥ်လိုက်ရှိနေလေသည်။ မဟာဒေဝီ၏ မျက်နှာမှာ ရာဇသွေး ရာဇမာန်နှင့် တင်းလျက် ရှိသည်။

" ကဲ မောင်းမင်းဇိပ်ဗြဲနဲ့ အမတ်ကြီးတို့၊ ဒီနေ့ မောင်မင်းတို့ ခေါ်ရခြင်းက နန်းတော်ကနေ ထွက်ပြေးတဲ့ အပသုန်ငယ် ဒဂုံမှာ ပုန်စားချေပြီ။ မောင်တော် ဆင်ဖြူရှင်ဘုရားကလည်း အနားသည်းလို့ ငါ့ထံကို အလုံးစုံလွဲအပ်လိုက်ပြီ။ သည်အရေးကို မောင်မင်းတို့ ဘယ်သို့ဆောင်ရွက် ကြမလဲ "

မဟာဒေဝီမှာ လက်နက်ကိုင်တပ်များ၏ အကြီးအကဲဖြစ်သည့် အမတ်ကြီးဇိပ်ဗြဲကို ဦးတည်၍လာသည်။ အမတ်ကြီးဇိပ်ဗြဲရော အမတ်များအားလုံး ငေါင်းငုံ့၍ ငြိမ်နေကြသည်။ ထိုအခါ သန်လျင်စား အမတ်ဒိန်က ထ၍လျှောက်တင်သည်။

" ယခုအခါ ဆင်ဖြူရှင်ဘုရားလည်း အနာသည်းလှပါပြီ။ ကျွန်ုပ်တို့အကြီးအမှူးဖြစ်တဲ့ အမတော်ဘုရားနဲ့ အမတ်ကြီး သမိန်ဇိပ်ဗြဲစကားကိုသာ ကျွန်ုပ်တို့ လိုက်နာဖို့ရာသာ ရှိတော့ပါတယ် ဘုရား "

" သင့်မြတ်ကြောင်းပါဘုရား။ ကျွန်ုပ်တို့ အမတ်ကြီးနဲ့ အမတော်ဘုရား အမိန့်ကို နာခံကြပါမယ်ဘုရား "

အမတ်ဒိန်၏စကားကို အခြားသော အမတ်တယောက်ကလည်းဝင်၍ ထောက်ခံသည်။ မင်းဇွဲတနုန်မှာတော့ မည်သည့်စကားမျှမဆို ဆိတ်ဆိတ်နေနေသည်။

" ကဲ မောင်မင်း သမိန်ဇိပ်ဗြဲ၊ မင်းသဘော ဘယ်သို့ရှိစ "

မဟာဒေဝီမှ ဦးတည်မေးလာသဖြင့် အမတ်ကြီးလည်း မနေသာတော့ ဖြေရတော့သည်။

" မင်းသားဗညားနွဲ့မှာ ဒဂုံကိုသွားသည်သာ ရှိပါသေးတယ်ဘုရား။ ပုန်စားသည် ဆိုသော်လည်း အရေးအရာ မရောက်သေးပါ။ ဤမျှလောက်သော အရေးငယ်ကို စစ်တပ်ကြီးချီရန် မသင့်သေးပါဘုရား "

" ဟဲ့ ပဲခူးကိုလာတိုက်မှ အရာရောက်မှာလား။ အပသုန်လာတိုက်ရင် မင်းဘယ်နှယ်လုပ်မလဲ "

" မင်းသားတပ်တွေသာ ပဲခူးကိုလာတိုက်ပါက ကျုပ်ကိုယ်တိုင်အသက်ပေးပြီး ခုခံပါ့မယ်ဘုရား "

အမတ်ကြီးဇိပ်ဗြဲမှာ စကားပြောရင်း မသိမသာကြည့်လိုက်ရာ မဟာဒေဝီ၏ မျက်နှာမှာ ငြူစူ ဆူပုပ်၍ နေလေသည်ကို မြင်လိုက်ရသည်။

" အေး.. မောင်မင်းစကား တည်စေ "

" တည်ရပါစေ့မယ်ဘုရား။ ယခုအခါ မိုးအခါဖြစ်၍ စစ်ကြီးချီလျှင် ဟံသာဝတီသားတို့ လယ်ယာမလုပ်ကိုင်ရဘဲ စစ်တိုက်နေရ၍ ပညာရှိသူတော်ကောင်းတို့ အမျက်ရှိကြလိမ့်မယ်ဘုရား။ လယ်ယာမလုပ်၍ သီးနှံမရလျှင် အငတ်ဘေးပါ ဆိုက်နိုင်ပါတယ်ဘုရား။ သို့ကြောင့် ဤ အရေးကို စစ်မက်မပြုသေးဘဲ အရီးတော်ဘုရားမှ တူတော်ကို စာသဝဏ်ပို့၍လည်းကောင်း သို့တည်းမဟုတ် တမန်လွတ်၍လည်းကောင်း ခေါ်သင့်ပါတယ်။ ထိုသို့ခေါ်၍ မလာချေပါက မိုးကုန်လျှင် ကျွန်တော်မျိုးနှင့် အရှင့်သမက်တော် သမိန်မရူးတို့ပူးပေါင်း၍ အခြားမြို့စား ရွာစားတို့ကို ဆင့်ခေါ်ကာ ချီတက်လုပ်​ကြံပါက မင်းသား ခံနိုင်မည်မဟုတ်ပါ။ အလွယ်ရမည်သာ ဖြစ်ပါသည်ဘုရား "

မဟာဒေဝီမှာတော့ မျက်နှာထားတင်းလျက် သမိန်မရူးကသာ စကားဆိုသည်။

" အိမ်း.... အမတ်ကြီးဇိပ်ဗြဲ အရေးဆိုသည်လည်း သင့်ပေသားပဲ အမတော်ဘုရား။ အမတော်ဘုရား ကိုယ်တိုင် လူလွတ်ပြီး ခေါ်ရင် မသင့်ပေဘူးလား "

" ကဲ ဒီလိုဆို ဒဂုံကို ဘယ်သူ့လွတ်ရင် သင့်မလဲ "

အမတ်ကြီးဇိပ်ဗြဲစကားကို သမိန်မရူးကပါ ထောက်ခံပါမှ မဟာဒေဝီမှာလည်း လူလွတ်၍ခေါ်ရန် သဘောတူလေသည်။

" ဟော ဟိုမှာ သမိန်တိဿကုမ္မာရှိပါတယ် ဘုရား။သမိန်တိဿကုမ္မာမှာ နှုတ်ရေးကြွယ်ပြီး မင်းသားနှင့်လည်း သင့်သည့်အတွက် သမိန်တိဿကုမ္မာကို လွတ်လျှင် ရနိုင်ပါတယ်ဘုရား။ "

အမတ်ကြီးဇိပ်ဗြဲမှာ မင်းသားဗညားနွဲ့အားခေါ်ရန် ဒဂုံသို့လွတ်မည့်လူကို သမိန်တိဿကုမ္မာအား ထောက်ခံပေးသည်။ အမှန်တော့ သမိန်တိဿကုမ္မာမှာ မင်းသားနှင့် သင့်မြတ်သည့်အတွက် ဟံသာဝတီ၏ အခြေအနေအရပ်ရပ်ကို မင်းသားအား ပြောပြနိုင်ရန်အတွက် အမတ်ကြီး ကြံစီနေခြင်းဖြစ်သည်။ ထိုမျှမက စစ်တိုက်ရန် အချိန်စွဲနေခြင်းသည်လည်း မင်းသားအား ဒဂုံတွင် ပြင်ဆင်ချိန်ရစေရန်ဖြစ်သည်။ အမတ်ကြီး၏ အကြံအစည်ကို မဟာဒေဝီမှ အနည်းငယ် ရိပ်စားမိသော်လည်း သမိန်မရူးက ရိပ်မိဟန်မတူ အမတ်ကြီးကိုပါ ကိုယ်တိုင်ထောက်ခံပေးသည်။ မဟာဒေဝီမှာလည်း မှူးမတ်များအားလုံးက အမတ်ကြီးသဘောအတိုင်းဖြစ်နေ၍ ရိပ်စားမိရုံကလွဲ၍ ဘာမျှ မတတ်နိုင်ပေ။

" ကိုင်း ဒါဖြင့် မောင်မင်း တိဿုမ္မာ၊ ညနေခင်းကျရင် ငါ့ထံလာပြီး အပသုန်ငယ်ကိုပေးဖို့ စာသဝဏ်လာယူ။ မနက်ဖြန်မှာ ရွှေတိုက်နေ သင့်ရာ လက်ဆောင်ဘဏ္ဍာတချို့ ယူပြီး မင်း ဒဂုံကိုသွားချေ။ "

" အမိန့်တော်မြတ်အတိုင်းပါ မဟာဒေဝီဘုရား "

သမိန်တိဿကုမ္မာမှာ ကိုယ်ကိုဝပ်၍ မဟာဒေဝီကိုရှိခိုးသည်။ မဟာဒေဝီမှာလည်း လိုရင်းပြီးပြီဖြစ်၍ မျက်နှာတင်းတင်းနှင့်ပင် ညီလာခံမှ ထ၍ပြန်သည်။ သမိန်မရူးလည်း မဟာဒေဝီနောက်မှထ၍ လိုက်သွားလေသည်။

မှူးမတ်တချို့လည်း မဟာဒေဝီပြန်ပြီးသည့်နောက် အသီးသီး ပြန်သွားကုန်ကြသည်။ လူတော်တော်ရှင်းသွားသည့်အခါမှ မင်းဇွဲတနုန်မှာ အမတ်ကြီးဇိပ်ဗြဲအနားသို့ ကပ်လာ၍ နှစ်ကိုယ်ကြားသာ ကြားနိုင်သောလေသံနှင့် စကားဆိုသည်။

" အမတ်ကြီး၊ သိပ်အရဲမစွန့်နဲ့ဗျ။ မဟာဒေဝီ အမျက်တော်ရှမယ်။ ခုချိန်မှာ မင်းတရားက အနာသက်သာဖို့ရာ မမြင်တော့ဘူး။ မဟာဒေဝီက သူလိုသလို ချယ်လှယ်တော့မယ် အမတ်ကြီး။ "

" သတိပေးတဲ့အတွက် ကျေးဇူးပါဝန်မင်းရယ်။ သို့ပေမယ့် ကျုပ်မတားလို့ ဒဂုံကိုတိုက်ရမယ်ဆိုလည်း ကျုပ်မတိုက်ချင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ မင်းသား ပြင်ဆင်ချိန်ရတာပေါ့ "

" အိမ်း...သည်ကစ အစစ အရာရာ ဂရုထားမှ "

မင်းဇွဲတနုန်နှင့် အမတ်ကြိးဇိပ်​​ဗြဲတို့မှာ ညည်းညူပြောဆိုလျက် မှူးမတ်များ နောက်ဆုံးတွင်မှ ညီလာခံအတွင်းမှ တရွေ့ရွေ့ပြန်ခဲ့ကြသည်။

မဟာဒေဝီမှာတော့ အမတ်ကြီးဇိပ်ဗြဲ အရေးဆိုသည်ကို ဘဝင်မကျလှ။ ၎င်းကို သမိန်မရူးကပါ ထောက်ခံသည့်အတွက် သမိန်မရူးကိုလည်း အားမလိုအားမရ ဒေါသထွက်နေသည်။ သမိန်မရူးမှာ မဟာဒေဝီဘာဖြစ်နေသည်ကိုမသိဘဲ ညီလာခံမှ အပြန်တွင် မဟာဒေဝီအိမ်အထိ နောက်မှ လိုက်လာသည်။

" မရူးငယ်၊ ရန်သူကို အပင်သေးတုန်း အမြစ်ကနှုတ်တာ မလွယ်သလော။ အပင်ကြီးရင် ခုတ်ရခက်တယ်။ မင်းကိုငါပြောတယ် ဟံသာဝတီမှာရှိထဲက ရှင်းပါဆိုတာလည်း မင်း မရှင်းနိုင်။ ထွက်ပြေးတော့လည်း မသိ။ ခုလည်း ဟိုအဘိုးကြီး စကားကို မင်းကပါ ထောက်ခံနေတယ် "

ရုတ်တရက် မိမိအားဆူပူကြိမ်းမောင်းသော စကားများကြားလိုက်ရ၍ သမိန်မရူး၏ ခြေလှမ်းများ မဟာဒေဝီ၏ လှေကားပြင်တွင် ရပ်တန့်သွားသည်။ ချက်ချင်းပင် မဟာဒေဝီ အမျက်တော်ရှိကြောင်း သိသွားလေသည်။

" သည်အဘိုးကြီးက အပသုန် ဟံသာဝတီမှာ ရှိနေထဲက တဉာဏ်ထဲတွေ။ ခုလည်း ဘာတွေကြံနေတယ် မသိဘူး။ ကျန်တဲ့ အမတ်တွေကို လွန်လို့မရလို့သာ လက်လျော့ခဲ့ရတာ။ ဇိပ်ဗြဲနဲ့ ဇွဲတနုန်လူထွက် အဘိုးကြီး ၂ ယောက်ကို စောင့်ကြည့်ထား ငါသက်ာမကင်းဘူး "

" မှန်ပါ အမတော်ဘုရား "

မဟာဒေဝီမှာ အမျက်ထွက်နေသော်လည်း ခက်ထန်ကြမ်းတမ်းနေခြင်း မဟုတ်ဘဲ၊ စိုးရိမ်မကင်း၊ သက်ာမကင်းနှင့် သမိန်မရူးအတွက် ဂရုဏာဒေါသတို့သာ ဖြစ်သည်။

" မင်းကို စောင့်ကြည့်ခိုင်းထားမှ အပသုန်တုန်းကလို လွတ်သွားဦးမယ်။ မင်းလည်း မပေါ့နဲ့။ ဘုရင်သာဖြစ်ချင်တယ် လုပ်ရည်ကိုင်ရည်လည်း နည်းပါ့အေ "

သမိန်မရူးမှာ ဆက်တိုက်ဆိုသလို ပြစ်တင်ကြိမ်းမောင်းခံနေရ၍ ရုတ်တရက် စကားမပြောနိုင်လောက်အောင် ဆွံအနေမိသည်။

" အဲ....ဒီတခါ မလွတ်စေရပါဘူး အမတော်ရဲ့။ သေချာဂရုစိုက်ပါ့မယ်။ ဟို.... ဟို...လုပ်စရာအရေးရှိလို့ ပြန်ပါရ​စေဦး အမတော် "

" အော် မရူးငယ်နှယ်၊ မပြုတ်မနူးပါအေ.... ဟင်း....."

စောင့်ကြိုနေသော မွေ့ကေသာအနီးသို့ ရောက်လာသော မဟာဒေဝီမှာ နှုတ်ခမ်းတဖက်ကို မယ့်ကာရွဲ့ကာဖြင့် သမိန်မရူး နာမည်တပ်၍ ညီးတွားနေသည်ကို မွေ့ကေသာ ကောင်းကောင်းကြားလိုက်သည်။ ထို့အပြင် အိမ်တော်ပေါ်ရောက်မှ သမိန်မရူး လှည့်ပြန်သွားသည်ကိုလည်း မြင်လိုက်သည်။ အခါတိုင်းဆိုလျှင် မဟာဒေဝီနှင့်အတူ အိမ်တော်ပေါ်တွင် လိုက်နေတတ်သော သမိန်မရူးမှာ အိမ်တော်ပေါ်ရောက်မှ လှည့်ပြန်သွားသည်ကို ကြည့်၍ သမိန်မရူးနှင့် မဟာဒေဝီတို့ အဆင်မပြေ ဖြစ်နေကြသည်ဟု မွေ့ကေသာ ကောက်ချက်ချလိုက်သည်။ မည့်သည့်အကြောင်းကြောင့် ဆိုသည်ကိုတော့ မှန်းဆ၍ မတတ်ချေ။ မိမိသခင်မတလမေဒေါနှင့် ပက်သက်၍လော သို့မဟုတ်၊ မင်းသားဗညားနွဲ့နှင့် ပတ်သက်၍လော သို့လောသို့လော တွေးနေမိလေသည်။

*********************************

" မသိုက်မှာလည်း ပြာယီးပြာယာနဲ့ ဘဇာ ဖြစ်ရပြန်လဲ "

အိမ်တော်ပေါ်သို့ ဓားလွတ်ကိုင်လျက် အလျင်စလိုတက်လာသော မသိုက်ကို မင်းသားဗညားနွဲ့ မေးလိုက်ခြင်း ဖြစ်သည်။ မင်းသားနှင့်အတူ မင်းကန်စီလည်း ရှိနေသည်။

" မှန်ပါ။ ဟံသာဝတီကလူတွေ မိထားတယ်လို့ ကင်းကျတဲ့ တပ်ကသတင်းပို့လို့ သွားကြည့်ခဲ့တာ သမိန်တိဿကုမ္မာနဲ့ ကျွန် ၆ ယောက်ကို ဆင်တစီးနဲ့ မိထားပါတယ်ဘုရား။ ပစ္စည်းတချို့လည်း ပါပါတယ်ဘုရား။ မဟာဒေဝီက တူတော်မင်းသားထံ တမန်လွတ်လိုက်ကြောင်း ဆိုပါတယ်ဘုရား "

မင်းကန်စီနှင့် မင်းသားတို့ တယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။

" ငါ့ဦးတော်လာတာဘဲ။ ဦးရီးတော်ကို ကျုပ်တို့ ဘယ်နေရာမှာ လက်ခံတွေ့ဆုံရင် ကောင်းမလဲ နောင်တော် "

" ဒဂုံမြို့အတွင်းက လူသူ ရှုပ်လှပါတယ်မင်းသား။ ခမ်းခမ်းနားနားရှိတဲ့ ဒီမဂ်လာအိမ်တော်မှာသာ တွေ့ဖို့ သင့်တော်ပါတယ် "

" မသိုက်၊ ငါ့ဦးရီးတော်တို့ကို မဂ်လာအိမ်တော်ကိုသာ ကောင်းကောင်းမွန်မွန် ခေါ်ခဲ့ပေတော့ "

" မှန်ပါအရှင့်သား "

မသိုက်လည်း မင်းသားအားရှိခိုးပြီး သမိန်တိဿကုမ္မာတို့ကို ခေါ်ရန် မြို့တံခါးသို့ ပြန်သွားလေသည်။ အတန်ကြာသောအခါ မသိုက်ကရှေ့မှမြင်းဖြင့်လည်းကောင်း။ သမိန်တိဿကုမ္မာသည် အနောက်မှ ဆင်မတစီးဖြင့်လည်း ကောင်းလိုက်လာချေတော့သည်။ မင်းသားအိမ်တော်သို့ရောက်သောအခါ မင်းသားက ကြို၍ အိမ်တော်ဧည့်ဆောင်ခန်းတွင် နေရာထိုင်ခင်းပေးလေသည်။

" ထိုင်ပါ။ ဦးရီးတော် "

သမိန်တိဿကုမ္မာမှာ မင်းသား၏အိမ်တော် ကြီးကျယ်ခမ်းနားပုံတို့ကို ကြည့်ရှု့၍ ရင်သပ်ရှု့မော ရှိနေသည်။ မင်းသားပြောသည်ကိုပင် မကြားမိပေ။

" ထိုင်ပါ။ ဦးရီးတော် ဘုရား "

" အဲ.....ဟို.... "

သမိန်တိဿကုမ္မာမှာ အိုးတို့အတဖြစ်နေလျက် မင်းသားနေရာပေးသည်ကို မထိုင်သေးဘဲ ရုတ်တရက် မင်းသားကိုသာ ရှိခိုး၍ အရိုအသေပြုလေသည်။

" အရှင့်သား ဒဂုံမှာ လာရောက်စံနေသည်ကား သင့်လှပါတယ်ဘုရား။ အရှင့်သား ဟံသာဝတီမှာ မုချမင်းပြုရပါလိမ့်မယ် "

သမိန်တိဿကုမ္မာ၏ စကားကြောင့် မင်းသားဗညားနွဲ့ ပြုံးသွားသည်။ သမိန်တိဿကုမ္မာသည် မဟာဒေဝီလွတ်လိုက်သော လူဖြစ်လျက် မိမိ၏အကျိုးကို ဦးစွာဆိုသဖြင့် ဦးရီးတော်သည် မဟာဒေဝီ၏ လူမဟုတ် မိမိလူသာဖြစ်သည်ဟု ယူဆလိုက်သည်။

" ထိုင်ပါ ဦးရီးတော်။ လာရင်းကိစ္စ ဆိုပါဦး "

ထိုအခါမှ သမိန်တိဿကုမ္မာသည်ရှိခိုးနေရာမှထကာ မင်းသား​​ပေး​သော နေရာတွင် ထိုင်လေသည်။ ထို့နောက် မဟာဒေဝီပေးလိုက်သော သဝဏ်ကို မင်းသားအားဆက်လေသည်။ မင်းသားလည်း မဟာဒေဝီပေးသော စာကိုဖတ်၍ ပြုံးနေသည်။ ထိုနေရာတွင် မင်းကန်စီလည်း ရှိနေသည်။

" ကျုပ်အရီးတော်ကတော့ ဆိုသပါ့။ ခမည်းတော်က ကျန်းမာလာလို့ ကျုပ်ကိုမေးသတဲ့။ သူကပဲ ကျုပ်ကို ဒဂုံကိုလွတ်ပြီး မြို့ပြင်ခိုင်းထားတယ်လို့ လိမ်ညာထားသေးသတဲ့ "

မင်းသားလည်းစာကိုဖတ်၍ ပြောပြနေရင်း ပြုံးနေသည်။ မင်းကန်စီလည်း နားထောင်၍ ခပ်မယ့်မယ့်ပြုံးသည်။

" အမယ်....ခမည်းတော်ကယုံတော်မမူ။ တပ်ချီမယ်ပြုလို့။ အရီးတော်က တားထားရသေးသတဲ့ ဟား...ဟား...ဟား......"

မင်းသားလည်း စာဖတ်လျက် ဟက်ဟက်ပက်ပက်ရယ်တော့လေသည်။ ထို့နောက် မျက်နှာ ပြန်၍ တည်သွားပြီး စာကိုဆက်ဖတ်သည်။ ထို့နောက် မျက်နှာညှိုးသွားပြီး မျက်ရည်စများ စီးကျလာတော့သည်။ စာကိုလည်း မင်းကန်စီအား ပေးလိုက်လေသည်။

" ကျုပ်နှမနဲ့ သားတော်လေး တကယ်ပဲ ဖျားနေသလား ဦးရီးတော်။ တကယ်ပဲ မစားနိုင် မအိပ်နိုင် ဖြစ်နေရော့လား......ဟင်...ဦးရီးတော် "

မင်းသားဗညားနွဲ့မှာ ကလေးငယ်ကဲ့သို့ ငိုယိုလျက် မိသားစု အကြောင်း မေနေတော့လေသည်။ ရန်သူ၏လူဘက်တွင် ဝမ်းနည်းထိခိုက်နေသော မင်းသား၏ အမူအရာကိုကြည့်ပြီး မင်းကန်စီလည်း မျက်စိမျက်နှာပျက်နေတော့သည်။

အပိုင်း ၄၀ ဆက်ရန်

#ရဲဘုန်းသွင်

Telegram မှာလည်း စာဖတ်လို့ ရပါပြီဗျ။
https://t.me/yebhonethwin

#ဗညားနွဲ့ #သမိန်မရူး
#မဟာဒေဝီ #သမိန်တိဿကုမ္မာ
#အပိုင်း၃၉
#ဟံသာဝတီနေထွက်ချိန်
#TheSunriseofHANTHARWADY

ဓာတ်ပုံ - ကင်းဝန်မင်းကြီး၏ အိမ်တော်

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ