Author's Profile Photo

မိုးနှောင်းအလင်္ကာ

22/09/2024

လှတောသားနှင့်ကြားယုံဖြင့်မျက်ရည်ကျသောနာမည်။

1 min read
General Knowledge
18 Again
လှတောသားနှင့်ကြားယုံဖြင့်မျက်ရည်ကျသောနာမည်။'s photo

လှတောရွာအကြောင်းမပြောခင် ကျွန်တော်အကြောင်းလေး အရင်မိတ်ဆက်ပါစေခများ။ကျွန်တော်က ဧရာ၀တီတိုင်း မြစ်၀ကျွန်းပေါ်ရွာကလေးတစ်ရွာကပါ။ကျွန်တော်တို့ရွာဖက်တွေကို စာပေဟောပြောပွဲ လာတော့ အဲ့ဒီကဆရာကြီးတစ်ယောက်နဲ့ ရင်းနှီးရင်း စာရေးခြင်းအတတ်ပညာတွေကို စတင်လေ့လာခဲ့တာပါ။ အဲ့ဒီဆရာကြီးနာမည်က ဆရာဇော်တဲ့ဗျ။ကျွန်တော်ကလည်း ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် ဆိုတော့ဟိုစပ်စပ်ဒီစပ်စပ်ပေါ့။

ဆရာဇော်နဲ့ရင်းနှီးရင်း အဲ့ဒီကနေတဆင့် စာပေဟောပြောပွဲတွေနောက် လျှောက်လိုက်ကတဲ့ ဆရာဇော်တပြည့်ပေါက်စကလေး ဖြစ်သွားခဲ့တာပါဘဲ။ ဒီတစ်ခါသွားရမှာက လှတောရွာဆိုတော့ ကျွန်တော် စိတ်လှုပ်ရှားမိတာအမှန်ပါဘဲ။လှတောသူ၊လှတောသား တို့ရဲ့စကားအလင်္ကာမြောက်ပုံတွေ၊ဥပမာပေးပုံတွေကို စာအုပ်တွေမှာဘဲ ဖတ်ခဲ့ရပြီး ခုတော့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရမယ်ဆိုတော့ စိတ်မလှုပ်ရှားဘဲ မခံနိုင်ပေါင်ဗျာ။

"ကဲ မောင်မိုးရေ အဆင်သင့်ဖြစ်ပြီလားဟ။

"ဖြစ်ပါပြီ ဆရာကြီး"

"အေးဒါဆိုသွားကြမယ်ကွာ လမ်းမှာလည်း တစ်နေရာကို
​ဟောပြောဖို့၀င်ရဦးမယ် ပြီးမှ
စစ်ကိုင်း ကိုဆက်ကြတာပေါ့
သုံးလေးည လောက်တော့ လမ်းမှာအိပ်ရမယ်ထင်တယ် ။"

"ဟုတ်ကဲ့ ဆရာကြီး အဆင်ပြေပါတယ်
ကျွန်တော်အကုန်ပြင်ဆင်ပြီးပါပြီ"

ကျွန်တော်တို့လည်း ဧရာ၀တီဘက်ကနေ စစ်ကိုင်း အထက်အညာ အထိ ခရီးသွားခဲ့တယ်။လမ်းမှာ ဆရာကြီးက ဟောပြောပွဲတစ်ခုမှာ ၀င်ပြီး ဟောပြောပေးခဲ့တဲ့အတွက် ငါးရက်လောက်ကြာတော့
၀က်လက်မြို့နယ်ထဲကိုရောက်ခဲ့တယ်။ အဲ့ဒီကနေ တဆင့် လှတောရွာ စာပေဟောပြောပွဲဆရာတွေတည်းဖို့ နေရာကိုဆက်သွားရတာပေါ့ဗျာ။ နေရမဲ့နေရာရောက်တော့ ဆရာကြီးက ဒီမှာအသိရှိတယ်ထင်ပါရဲ့ စကားတွေပြောနေတာ နားတောင်မနားပါဘူးဗျာ။

ရောက်သွားတဲ့အချိန်က နေ့လည်နှစ်ချက်တီးလောက်ကိုးဗျ။ကျွန်တော်လည်း ခရီးပန်းတာနဲ့ ခဏအိပ်လိုက်တယ်။ညနေပိုင်းရောက်တော့ရေမိုးချိုးပြီး ဆရာကြီးတို့ရဲ့ စကား၀ိုင်းဆီသွားနားထောင်တာပေါ့ဗျာ။ အဲ့ဒီစကား၀ိုင်းမှာ လှတောရွာက ရွာသားတချို့လည်းပါတယ်ဗျ။ ဆရာကြီးက အဲ့ဒီကဆရာတွေနဲ့ ကျွန်တော်ကို မိတ်ဆက်ပါလေရော။

"ဆရာသိန်း တို့ ဆရာကျော်တို့ ဒါက ကျုပ်တပြည့် မိုးနှောင်း။မောင်မိုး မင်းလည်းမှတ်ထား ဟောဒါက အငြိမ်းစားဆရာကြီး ဆရာသိန်းမောင် ဒါကတော့ စာရေးဆရာကြီး ဆရာကျော်ခေါင် တဲ့ ။

" ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်နာမည် မိုးနှောင်းလို့ ခေါ်ပါတယ်ဗျ။ ဆရာကြီးတို့က ကျွန်တော်ကို ဆရာဇော်ခေါ်သလို မောင်မိုးလို့လည်း ခေါ်လို့ရပါတယ်ဗျ။"

ကျွန်တော်မိတ်ဆက်လို့ ဆုံးတာနဲ့ ရွာသားတစ်ယောက်ပြောလိုက်ပုံကား..

"ဒီက မောင်ရင်နာမည်က ကြားလိုက်တာနဲ့ ကြက်သွန်နီဥပြေးဖက် မိသလိုပါဘဲဗျာ"

ကျွန်တော်လည်း ရုပ်တရက် နားမလည်ဖြစ်ပြီး ဘာပြောရမှန်းမသိတာနဲ့ပြန်မေးလိုက်ခဲ့တယ်။

"ကြက်သွန်နီဥပြေးဖက်မိတယ်ဆိုတာ ဘာတုံးဗျ"

"မောင်ရင် နာမည်က မိုးနှောင်း ဆိုတော့ လွမ်းရမလိုလို၊ဆွေးရမလိုလိုနဲ့ ကြက်သွန်နီဥပြေးဖက်မိသလို မျက်ရည်တောင်ကျရပါတယ်ဗျာ" လို့​ပြန်ဖြေသတဲ့ဗျာ

ကျွန်တော်လည်း အဲ့ဒီစကားကြားတာနဲ့ မပြုံးဘဲ၀ါးလုံးကွဲအောင်ရယ်မိလိုက်ပါလေရောဗျာ။
အဲ့ဒီညဘဲ ဆရာကြီးက ဟောပြောရမှာဆိုတော့ လုပ်စရာရှိတာ လုပ်နေပေမဲ့ ကျွန်တော်ကတော့ လှတောရွာက ရွာသားအုပ်စုနဲ့ အဖွဲ့ကြနေတာ ဆရာကြီး ဟောပြောခါနီးမှဘဲ လူစုကွဲတော့တယ်ဗျာ။

(ဟောပြောပွဲပြီးတော့ လှတောသားတို့၏ဥပမာပေးပုံများအား ဆက်လက်ဖော်ပြပေးပါအုံးမည်)
#မိုးနှောင်းအလင်္ကာ




Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း