Author's Profile Photo

Reviews by Benevolent

21/09/2024

သည်းခြေကြိုက် ဝတ္ထုတိုများ

5 mins read
Personal Development
Book Review
General Knowledge
သည်းခြေကြိုက် ဝတ္ထုတိုများ's photo

ဝတ္ထုတိုများတွင်စာရေးဆရာများက စာဖတ်သူများအား ၃ ပုံ မှာ ၁ ပုံမျှသာ ရှင်းပြထားကြတယ်။ ကျန်အပိုင်းများကိုအဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် ရှာဖွေတွေ့ရှိနိုင်စေရန် ချန်ထားလေ့ရှိတယ်။စဉ်းစား‌‌တွေးခေါ်စရာပါတဲ့ ရသမျိုးစုံ‌ ပေးနိုင်စွမ်းရှိတယ်။ရီ‌မောစရာတွေသာမက ရင်မောစရာတွေလည်း ပါတယ်။အဲ့အရာ ကိုယ်နဲ့ဝေးကွာမနေတဲ့ လူတွေအကြောင်းသာဖြစ်တယ်။ ကိုယ့်အနီးအနားလက်လှမ်းမီသလောက် လူတွေအကြောင်းကို လေ့လာရတာ စိတ်ဝင်စားစရာကောင်းစေတယ်။ဝတ္ထုတိုဆိုတာ ကန့်သတ်နေရာတစ်ခုအတွင်း စာဖတ်သူကို ရသဖျော်ဖြေရန်၊ အတွေးအမြင်သစ်ကိုလှုံ့ဆော်ပြီး ပါဝင်ဆွေးနွေးနိုင်ရန် ၊ သုံးသပ်နိုင်စေရန်ရည်ရွယ်ချက်တွေပါရှိတယ်။ကျွန်‌‌တော်သည်းခြေကြိုက် အကြိုက်‌တွေ့စေခဲ့တဲ့ ဝတ္ထုတို ၆ အုပ်၊ လူဖြစ်တည်မှုအသည်းနှလုံးတွေ လှုပ်ခါသွားစေနိုင်တဲ့စာအုပ်တွေပါ။

▪️နွမ်းလျအိမ်ပြန် -စာမျက်နှာ ၇၃

စာအုပ်ထဲတွင် ချမ်းမြေ့သာယာမှု ကင်းမဲ့နေတဲ့ မိသားစုအတွင်း ကြီးပြင်းခဲ့ရသူ၊ မေတ္တာ အာသာငမ်းငမ်း ဖြစ်‌နေတဲ့ 'တင်မေ' ဇာတ်‌ကောင်ဘဝက အထီးကျန်တယ်၊။အထီးကျန်မှုတို့ကြောင့် ပန်းလျနေတဲ့ မိန်းမငယ် တစ်ဦး၊ လွှင့်စင်ထွက်လာတဲ့ စိတ်အမြွှာမြွှာနောက်သို့လိုက်ရင်း စိတ်တစ်ခုကို ရုပ်တစ်ခုကပ်ပြီး ကြိုးပမ်းရင်း ပို၍ မောပန်းနေဟန်အပြင် ကဗျာအငွေ့အသက်များ ယှက်သန်းကာ ထင်းထင်းကြီး ဖော်ပြထားတယ်။ တစ်ယောက်တည်းနေတတ်တယ်၊ ဘဝအဓိပ္ပါယ် ရှင်သန်ခြင်းရဲ့ အကျိုးကို ရှာမတွေ့၊ လူတွေ ဘာအတွက်အသက်ရှင်နေမှန်း စဉ်းစား၍မရသူတစ်ယောက်လည်းဖြစ်တယ်။
ဆရာမကြီးကြည်အေး ဆယ့်ငါးနှစ်အရွယ်ကရေးတဲ့ဝတ္ထုဆိုတာ တကယ်ကို မယုံနိုင်စရာပါပဲ၊ စာရွက် ၇၃ နဲ့ တရားရစရာတွေချည်း ပြည့်နေတယ်။ဆရာမရဲ့ ပါရမီထူးကတော့ တကယ် အံ့သြမိတယ်။စာရေးသူကိုယ်တိုင် ၃၅ နှစ်အရွယ်ရောက်လာချိန်တွင် ဒီစာအုပ်က ပြင်ဆင်၊ ဖြည့်စွက်၊ ဖြတ်တောင်စရာ ၊အပြစ်ရှာစရာ မရှိကြောင်း အမှာစာ မှာ ဝမ်းသာစွာဖော်ပြထားတယ်။ခေတ်ပြိုင် ပတ်ဝန်းကျင်ကို ဂရုမမူဘဲ ပုဂ္ဂလိက ခံစားမှုတွင် အာရုံပြု ရေးဖွဲ့ထားတာကြောင့် မြန်မာစာပေတွင် အစောဆုံးနှင့် အထင်ရှားဆုံး အိတ်ဇစ်စတင်ရှယ်လစ် တစ်ဦးဟု ဝိသေသပြုထားကြတယ်။ပုဂ္ဂလိကခံစားမှုဆိုတာ ဆရာမကြီးကြည်အေးရဲ့ စာပေဝါဒပင် ဖြစ်တယ်။ အဲ့ကာလ သူမနှင့်ခေတ်ပြိုင်များက လက်ဝဲစာပေ၊တော်လှန်ရေးနှင့် ပြည်တွင်းစစ်ကို အာရုံပြုနေချိန် သူမက သီးခြားကမ္ဘာ တစ်ခုတည်ဆောက်နေတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပထမအသုတ် ထွက်ပေါ်လာတဲ့ မြန်မာစာရေးဆရာများတွင် တစ်ဦးဖြစ်တယ်။အစောဆုံး နှင့် အထင်ရှားဆုံး ၊ နိုင်ငံတကာနှင့်ပမာပြု ပြောရရင် ဆရာမကြီးကြည်အေးက မြန်မာစာပေတွင် ဖန်တီးမှုအား ကောင်းမွန်လှတဲ့ အိတ်ဇစ်စတင်ရှယ်လစ် (existentialist)တစ်ဦးဖြစ်တယ်။


▪️ပင်လယ်ပြာနဲ့တံငါအို - စာမျက်နှာ ၁၆၆

အမေရိကန်စာ‌ပေလောကတွင် အထင်ရှားဆုံးဖြစ်တဲ့ ပူလစ်ဇာဆု၊ အသက်၅၅ နှစ်အရွယ် ဒီဝတ္ထုအကြောင်းပြုပြီး စာပေဆိုင်ရာ နိုဗယ်ဆုကြီး ချီးမြှင့်ခံရတယ်။
အလွန်ရိုးရှင်းတဲ့ ဇာတ်လမ်းဖြစ်တယ်။ကျူးဘားကမ်းရိုးတန်းရှိ တံငါရွာလေးတစ်ရွာမှ တံငါအဘိုးကြီး ဆန်တီယာဂိုက ကံအဆိုးဆုံးချိန်ဖြစ်တယ်။ ဇရာ၏ ဒဏ်ကို ခံရပြီး ၈၄ ရက်ဆက်တိုက် ငါးဖမ်းမမိသေးဘဲ သူ့အလုပ်သင်လူငယ်က သူ့ကို စွန့်လွှတ်ထားခဲ့ခြင်စလည်းခံရတယ်။ သူနာမည်က တံငါအို ဆန်တီယာဂို ၊ အနိုင်မခံ အရှုံးမပေး တံငါအို တစ်ဦးဘဝကို နောက်ဆုံးအနေနဲ့ ရေးသားခဲ့တယ်။စာဖတ်သူများ အားရကျေနပ်ခဲ့ကသလို၊ မရိုးနိုင်တဲ့ သရုပ်ဖော်မှုတစ်ခုဖြစ်ခဲ့တယ်။
ဘဝ၏ နေဝင်ချိန်မှာ ရောက်နေသည့်တံငါအိုတစ်ဦး အထူးသဖြင့် အသုံးဝင်မှုတန်ဖိုး၏ပြင်ပမှာလည်း ရောက်နေ ၊ ဘုရားသခင်၏ ကောင်းချီးပေးမှုနဲ့လည်း ဝေးကွာနေပြီး အိုမင်းဆင်းရဲလှသည့် တံငါသည်အဘိုးအိုဟာ သူ၏ ငါးဖမ်းလှေငယ်လေး နှင့်အတူ ကျယ်ပြောလှသည့် ပင်လယ်ပြင်မှာ ငါးရှာရင်း သူခက်ခက်ခဲခဲဖမ်းမိလာသည့် ဧရာမငါးကြီးကို ပြန်လုယက်ကိုက်ခဲကြသော ငါးမန်းအုပ်ကြီးနှင့် ဘတပြန် ကျားတပြန် ရုန်းကန် တိုက်ခိုက်ရသည့် စွန့်စားခန်းကို ဖော်ပြထားသည့် ဝတ္ထု တစ်ပုဒ် သာဖြစ်တယ်။တံငါသည် အဘိုးအိုက လူ့ဘဝကို ကိုယ်စားပြုထားပြီးလှုပ်ရှားနေတဲ့ပင်လယ်က မာယာများတဲ့လောကကြီးသာဖြစ်တယ်။ဖမ်းမိတဲ့ဧရာမငါးကြီးက လူသား‌အလိုဆန္ဒတွေများလို့ထင်မိတယ်။လှုပ်ရှားနေတဲ့လောကပင်လယ်ကြားငါးမန်းများကတော့ လောကဓံတရားများ လို့မျက်စိထဲ မြင်ယောင်လာမိတယ်။

▪️တကယ်မရှိသောနှစ်များ -စာမျက်နှာ ၈၆

ဒီစာအုပ်ကို Autofiction ထဲ ထည့်လို့ရမယ် ထင်တယ်။ ငါ့ ၊ ငါ့သူငယ်ချင်း ၊ ငါ့ညီ ၊ ကျွန်တော်တို့ ဆိုတဲ့ တကယ့်ကိုယ်တွေ့အဖြစ်အပျက်တွေကို ထပ်တလဲလဲ သုံးထားတာ‌ တွေ့ရတယ်။ ဗဟုသုတထိတွေ့မှုနည်းတဲ့ ကျွန်တော်အဖို့ Google ကို အနားခေါ်ထားရပါတယ်။ဖတ်ရတာ တိုတိုလေး ၊တွေးရတာ အဆမတန်ပါပဲ။စာအုပ်ထဲမှာ လက်တွေ့နဲ့ သဘောတရားအရ 18 + အသုံးတွေမြုပ်ထားတယ်။ မူယာကာမိရဲ့ Kafka on the shore လောက်တော့ မကြမ်းပါဘူး။၁၉၉၀ ဝန်းကျင်ကရန်ကုန်မြို့လူငယ်တွေ ဘာတွေဖြစ်ခဲ့သလဲ ၊ ဘယ်လို ဘဝတွေရှိမလဲ တစ်ချက်ဝင်ကြည့်လို့ရနိုင်တဲ့ စာအုပ်ဆိုလည်း မမှားဘူး။မှတ်ဉာဏ်တွေထဲက သွေးညှီနံတွေနဲ့ သွေးဆာနေတဲ့ ဒရက်ကူလာထက်ပိုတဲ့ လူသားတွေလား ၊ ကျွန်တော်ကတော့ ဒီစာအုပ်ဖတ်နေရင်း ငါ့တို့အဘိုး၊ အဘွားကစလို့ အခုချိန်ထိ ခေတ်သမိုင်းတွေဟာ သွေးကို အလွန်အကျွံသောက်သုံးနေတာဘဲလို့ တွေးမိတယ်။၄ ကြိမ်မြောက် ဒီစာအုပ်ကိုကျွန်‌တော်ဖတ်နေရင်း မီးပျက်သွားချိန်၊ ဖယောင်းတိုင်အားကိုးနဲ့ဆက်ဖတ်ဖြစ်ခဲ့တယ် ၊ စာအုပ်ထဲက အမှောင်ထုရဲ့ ပဲ့တင်သံကတော့ ပိုကျယ်လာခဲ့တယ်။၁၉၉၀ သမိုင်းအနှစ်ချုပ် ၊စိတ်ထင်ရာ စိုင်းခဲ့တဲ့အကြောင်းအရာတွေ ၊ဘဝအတွေ့အကြုံအမြင်တွေ နဲ့ အဘိုး ( ဒါမှမဟုတ် ) အဖေ ၊ ဦးလေး ထားခဲ့တဲ့ မှတ်စုစာအုပ်ကလေးကို လူမသိအောင် ခိုးပြီးဖတ်နေရသလိုခံစားချက်ရမိတယ် ၊ မှတ်စုစာအုပ်လေးက မကြုံခဲ့ရတဲ့အဖြစ်အပျက် ၊ ဖြစ်ပေါ်ခဲ့ကြတဲ့ ခံစားချက်တွေကို ကြည့်ရင်း ကြည့်ရင်း အဲ့ကာလ atmosphereကြီးတစ်ခုလုံးကို အနီးကပ်မြင်လာစေတယ်။


▪️စည်းအပြင်ကလူ - စာမျက်နှာ ၂၁၉

"မားဆိုး" လို့ ခေါ်တဲ့လူငယ်တစ်ယောက်ကို ပမာပြုပြီး ရေးထားတာပါ။ဘဝနဲ့ ပတ်သတ်ပြီးစိတ်သောက ရောက်စရာမရှိသူ၊စိတ်ညစ်စရာဘာမှ မရှိဘဲ ဝမ်းရေးအတွက် အလုပ် လုပ်ကိုင်နေရတဲ့လူသားတစ်ယောက် ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တာတစ်ခု‌ တော့ရှိတယ်။ပတ်ဝန်းကျင်ဆိုတာမျိုးကလဲ ခက်တယ်၊ မာယာတွေ လိမ်ညာမှုတွေနဲ့ ရှင်သန်နေကြတယ်။ ခံစားချက်ဒီဂရီတွေကို ပုံစံခွက်တစ်ခုထဲ ထည့်ထားတဲ့ လူ့အဖွဲ့အစည်းသတ်မှတ်ချက် လူတစ်ယောက်‌ေ-သ ရင် ငိုရမယ်၊ ဆု ရရင် ပျော်ရမယ် ၊ အဲ့လို ခံစားချက်ဒီဂရီမဖြစ်လာရင် အဲ့လူကို ရာဇဝတ်သားတစ်ယောက်လို ဆက်ဆံကြတတ်တယ်။ သူတို့ခတ်ထားတဲ့ဘောင်အပြင်ကို ဆွဲထုတ်ပြီး အနိုင်ကျင့်ကြတယ်၊ အဲ့ခတ်ထားတဲ့ဘောင်က ချီးဘောင်ဖြစ်နေရင် မဆွဲထုတ်လည်း နေချင်စရာ ကောင်းမှတော့ မဟုတ်ဘူး။လွတ်လပ်တဲ့စိတ်ရှိသူတယောက်နဲ့ ချုပ်နှောင်လိုတဲ့လူ့အဖွဲ့အစည်းကြားက ပဋိပက္ခ ကို ပုံဖော်ထားတယ်။
ဝတ္ထုထဲတွင် မျှော်လင့်ချက် သို့မဟုတ် အဓိပ္ပာယ်ကင်းမဲ့သော လောကတစ်ခု နှင့် ထိပ်တိုက်ရင်ဆိုင်မိလျှင် အနိစ္စတရားနှင့် မသေဖို့အတွက် တမ်းမျှော်မှုအကြား နာကျင်ဖွယ်ဆန့်ကျင်ဘက်များဆီ မျက်နှာပြုထားသော အနေအထားကို စူးစမ်းရှာဖွေဟန် တွေ့ရတယ်။ သေခြင်းတရားကို စောင့်ဆိုင်းရင်း လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်လာပုံအဆင့်ဆင့်ကိုလည်း ရေးပြထားတယ်။အဓိပ္ပာယ်မဲ့ အတွေ့အကြုံအစုအဝေးလေးက ယခင်တုန်းကရှိခဲ့သည့် ဘဝအတွေးအမြင်တစ်ခုထက် ကျော်လွန်ရွေ့လျားနေကြောင်း တွေ့မြင်ရတယ်။ကမူးရဲ့အ‌ကောင်းဆုံး လက်ရာမြောက် စာအုပ်နှစ်အုပ်ထဲက တစ်အုပ်ဖြစ်ပြီး ၂၀ ရာစုရဲ့ ဂန္တဝင်စာအုပ်တစ်အုပ်အဖြစ်သတ်မှတ်ထားကြတယ်။


▪️ပင်လယ်ဝံပုလွေ - စာမျက်နှာ၂၇၆
အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ ဂန္ထဝင်စာပေထဲက တစ်ခုကို ဆရာညွန့်ကြူးက အကောင်းဆုံးဘာသာပြန်‌ ပေးထားတဲ့စာအုပ်ပါ။ အမြဲလတ်ဆတ်နေတဲ့ စာအုပ်ဖြစ်သည့်အပြင် လူတိုင်းဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ စာပေလောကအများစုက သတ်မှတ်ထားကြတယ်။ပင်လယ်ရနံ့လေးနဲ့ စွန့်စားခန်းကြိုက်သူများ၊ ဘဝအသိ နဲ့ ပညာကို ရှာဖွေသူများ လက်ကိုင်စွဲထားသင့်တဲ့စာအုပ်ပါ ၊ မူရင်းစာရေးသူရဲ့ အတွေးအခေါ် ၊ဘဝနောကြေတဲ့အတွေ့အကြုံ နဲ့ အယူအဆ များစွာကို ဒီစာအုပ်လေးထဲတွင် မြုပ်နှံထားသည်ကို မြင်ရပါတယ်။ ဒီစာအုပ်ကို အချိန်ပေး ဖတ်မိနေသူက Pirates of the Caribbean ၊ Cast Away စတဲ့ရုပ်ရှင်အပြင် ဆရာမြသန်းတင့်ရဲ့ "ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်" စာအုပ်ကိုပါ တွဲကပ်မြင်မိစေလိမ့်မယ်။ကျွန်တော်ရဲ့အမြင်တစ်ခုတည်းဆိုရင် အားကြီးခြင်း ၊အားနည်းခြင်းဆိုတဲ့ သဘောတရားက ပြင်းပြတဲ့ယုံကြည်မှု တံခါးလာခေါက်တဲ့အချိန် ငြိမ်သက်ပေးရတယ်ဆိုတဲ့ အသိဉာဏ်လွတ်လပ်မှုကို ရစေတယ်။စာဖတ်သူအများစုကြိုက်တဲ့ဇာတ်ကောင် ဝံပုလွေလာဆင် သူဟာ ဘဝကို ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိသူတစ်ယောက်၊ အသက်ဝိညာဉ် ကမ္ပည်းကိုတောင် ကိုယ်တိုင် ဆုံးဖြတ်‌ပေးသွားသူ ၊ ဗင်ဝေဒင် မေ့နေသောအရာကို မာနကြီးသူ လာဆင်တွေ့ရှိထားခဲ့သည့်အပြင် ဘဝကို စိတ်တိုင်းကျ တည်ဆောင်နိုင်စွမ်းရှိသူက ခန္ဓာကာယကြီးသူ သက်သက်သာမဟုတ်ဘဲ ခိုင်မာတဲ့တွေးခေါ် ယူဆချက်ပါ ပိုင်ဆိုင်ထားသူတစ်ယောက်သာဖြစ်တယ်။အချိန်တိုင်း ဝံပုလွေလာဆင်ရဲ့ အယူအဆက မှန်နေတာမျိုးတော့မဟုတ်ပါဘူး။


▪️လူနာဆောင်အမှတ်ခြောက် -စာမျက်နှာ ၂၁၃

ဒေါ့စတိုယက်ဗ်စကီး (Dostoevsky) ဝတ္ထုတွေက အတွေးအခေါ် ဒဿန နဲ့ စိတ်ပညာကို ရစေသလို ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ ချက်ကော့ (Anton Chekhov)ရဲ့ လူနာဆောင်အမှတ်ခြောက်(Ward No.6)ဝတ္ထုတိုတိုလေးကလည်း အတွေးနက်စေတဲ့အပြင် ကျစ်လျစ်တဲ့အရေးအသားကို ခံစားရစေတယ်။ ဇာတ်ရှိန်မြင့်စေတဲ့ ဒေါက်တာအန်ဒ‌ရေ ရာဂင်နဲ့ လူနာအိုင်ဗင်ဂရိုမော့ဗ် စကားပြောခန်းတွေ၊ ဝေဖန် ဆွေးနွေးခန်းတွေက အတော် အဆင့်မြင့်တယ်။တူရဂေညက်၊ ဒေါ့စတိုယက်ဗ်စကီး၊ တော်စတွိုင်း၊ ချက်ကော့ဗ် စသူတို့က ကမ္ဘ့ာစာပေနယ်တွင် 'ရုရှားစာပေ ရွှေခေတ် ' ဟု ခေါ်ဆိုနိုင်‌လောက်တဲ့အထိ စာပေခေတ်တစ်ခုကို တည်ထောင်နိုင်ခဲ့ကြတယ်။"ဆေးပညာက ကျွန်တော် တရားဝင်ဇနီးဗျ၊ စာပေကတော့ ကျွန်တော်ချစ်သူပဲ" ဆိုခဲ့ဖူးသူ ဆရာဝန်အလုပ်တစ်ဖက်နဲ့ စာရေးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးလည်းဖြစ်တယ်။ဝတ္ထုတို ရေးတဲ့နေရာမှာ ပါရဂူမြောက်သူ ချက်ကော့ဗ် ဖန်တီးမှု အတတ်ပညာအစွမ်းကို ၁၈၉၂ ၊ နိုဝင်ဘာလက စတင်ထွက်ခဲ့တဲ့ (Ward No.6)လူနာဆောင် အမှတ်ခြောက် တွင် အထင်အရှားတွေ့ရနိုင် ၊ခံစားမိစေနိုင်တယ်။ဒေါက်တာ ရာဂင် (Dr.Reagan) က ဉာဏ်ရည်မြင့်မားတဲ့ စကားဝိုင်းတစ်ခု လူနာတစ်ယောက်နဲ့ နေ့ည မရွေးပြောဖြစ်တယ်။ သူကတော့ စိတ္တဇ‌‌ဆေးရုံ လူနာဆောင်အမှတ်ခြောက်က အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့အိုင်ဗင်ဂရိုမော့ဗ်( Ivan Gromov) ဆိုတဲ့ လူနာသာဖြစ်တယ်။ဆရာဝန် ရာဂင်ဟာ လူယဉ်ကျေးပညာတတ်တစ်ယောက်၊ မှားယွင်းချွတ်ချော်မှု ၊အဆိုးတွေကို သူမြင်တယ်၊ မိမိထိခိုက်ခံစားခြင်းမဖြစ်အောင် တစ်ပိုင်းမှန် တစ်ပိုင်းမှား တွေးခေါ်မြော်မြင်ရေးနဲ့ ကာကွယ်ထားတယ်။ တကယ့်ဒုက္ခခံစားနေသူတွေကို သူ့ အတွေးအခေါ်ယန္တရားဖြင့် အဘိဓမ္မာတရားဟောဆရာသဖွယ် ပြောဆိုတတ်တယ်။အနှစ် နှစ်ဆယ်လုံးလုံး တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် ပင်စင်‌လည်းမရ၊ နစ်နာကြေးတစ်စုံတစ်ရာလည်းမရခဲ့ဘဲ ဒေါက်တာ ခိုဘိုတော့ဗ် ကိုသာ လုပ်ပိုင်ခွင့်အကုန်လွဲပေးလိုက်ရတယ်၊အဲ့အရာက သူကို ဝမ်းနည်းစေခဲ့တယ်။ဥပေက္ခာဝါဒီသမားတစ်ယောက်လို့ခံယူထားပေမယ့် ကိုယ်တိုင်နာကျင်ခြင်း‌ ဝေဒနာကြုံရတဲ့အခါ...အခန်းစောင့် နီကီတာ လက်သီးချက်များကို ကိုယ်တိုင် ခံလာရချိန် ဥပေက္ခာတရားကို နှလုံးမသွင်းနိုင်တော့ပါ။

Please YouTube ?
https://youtube.com/@reviewsbybenevolent?si=-k5L_kb5C9VZLk21

Please Telegram ?
https://t.me/reviewsbybenevolent


စာဖတ်ခြင်းက အသိဉာဏ် လွတ်လပ်မှုကိုရစေတယ်။?

#reviewsbybenevolent



Keep Reading

အတ္တသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)အမွေအနှစ်လား လံကြုပ်လား အပိုင်းငါးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၅)အတ္တမာန အမွေအနှစ်လား လံကြုပ်လား အပိုင်းလေးစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်