Author's Profile Photo

Sandi Cho

18/09/2024

မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်

2 mins read
Personal Development
Book Review
18 Again
မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်'s photo



ဒီနေ့မှာတော့ ဖတ်ကိုဖတ်သင့်တဲ့စာအုပ် ၅ အုပ်ကိုမျှဝေပေးလိုက်ပါတယ်။ မျှဝေပေးမဲ့စာအုပ် (၅) အုပ်စလုံးဟာ စာစဖတ်မဲ့သူတွေပဲဖြစ်ဖြစ် ၊မဖတ်ရသေးသူတွေပဲဖြစ်ဖြစ် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တွေပဲဖြစ်ပါတယ်။

၁။ မမ - မြသန်းတင့်


ဒီစာအုပ်ကတော့ လူတွေကြားမှာ အတော်နာမည်ကြီးပါတယ်။ နာမည်ကြီးသလောက်လည်း တကယ်ကိုကောင်းမွန်တဲ့ ၀တ္ထုတစ်ပုဒ်ပါ။ ဘာလို့တုန်းဆိုတော့ ကျွန်‌မတို့ ပုံမှန်ထင်မြင်ချက်တွေနဲ့ ကွဲထွက်နေတဲ့ ၀တ္ထုတစ်ပုဒ်ဖြစ်‌နေလို့ပါ။ ပုံမှန်ဆို ဖောက်ပြန်တာကို အဆင့်အတန်းမရှိတဲ့သူတွေ၊သိက္ခာမရှိတဲ့သူတွေလုပ်တာလို့ ထင်တတ်ကြတယ်။

ဒီစာအုပ်ထဲမှာပါတဲ့ မမဟာ အကျင့်သီလနဲ့ပြည့်စုံပြီး လှပထက်မြတ်လို့ဆိုပြီး လူအများက လေးစားအားကျရတဲ့ မင်းကြီးကတော်ပါ။ အဲ့လိုမိန်းမမြတ်လို့ ယူဆထားကြတဲ့ မိန်းမတစ်‌ယောက်ဟာ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူရဲ့သိက္ခာတွေကို အစွန့်လွတ်ခံခဲ့တယ်။ ရူးမိုက်ခဲ့တယ်။ တစ်ဖက်ကမမနဲ့ ဖောက်ပြန်တဲ့ ကိုသက်ဆွေဆိုတာကလည်း ပညာတတ်လူတန်းစားတစ်ယောက်ပါ။

အဲဒါကြောင့် ဒီ၀တ္ထုကိုဖတ်ပြီး သင်ယူလိုက်ရတာက လူတွေရှေ့မှာ သူတော်ကောင်းဖြစ်ဖို့ထက် ကိုယ်ရဲ့စိတ်ကွယ်အရပ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ကို အလိုမလိုက်ဘဲစောင့်စည်းနိုင်ခြင်းက ပိုအကျိုးရှိစေတယ်ဆိုတာ သိလိုက်ရပါတယ်။

၂။ အမွေ- အောင်သင်း


ဒီစာအုပ်ကိုတော့ လူ‌ငယ်တွေအဓိက ဖတ်ကြည့်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခွန်အားလိုအပ်နေသူတွေ၊လမ်းပျောက်နေတယ်လို့ခံစားနေရတဲ့သူတွေ၊ ဥစ္စာနဲ့ ပညာဘယ်ဟာကိုရွေးရမလဲ သေချာမသိတဲ့သူတွေ၊အချစ်ကြောင့် စိတ်ညစ်နေတဲ့သူတွေ ဖတ်ကြည့်သင့်ပါတယ်။

ဒီစာအုပ်မဖတ်ခင်ထိ ကျွန်မမှာ မေးခွန်းများစွာရှိနေခဲ့ဖူးတယ်။ ဘ၀မှာ ဘာကအရေးကြီးဆုံးလဲ၊ဘယ်လမ်းကို ရွေးချယ်ရမှာလဲ၊ အဲ့ဒါကို ရွေးချယ်လိုက်ရင်ရော မှန်ပါ့မလား။ အစရှိတာတွေပေါ့။ ဒါပေမဲ့ ဒီစာအုပ်ဖတ်ပြီးသွားတဲ့ချိန်မှာ ကျွန်မဘ၀ရဲ့ ရည်ရွယ်ချက်ကို ရှာတွေ့လာတယ်။ဆရာကြီးရဲ့ အပြောအဆို၊ အ‌ရေးအသား ပွင့်လင်းမှုကြောင့်လည်း ဒီစာအုပ်ကို ပိုသဘောကျမိတာပါ။

၃။ ဖာရာရီလမ်းခွဲ - မိုးရှင်း


ဒီစာအုပ်ကိုတော့ ပိုမိုကောင်းမွန်ပြီး စိတ်ပျော်ရွှင်ရတဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်ချင်တဲ့သူတွေ ဖတ်ကြည့်သင့်ပါတယ်။ ဒီစာအုပ်က Robin Sharma‌ရေးတဲ့ The Monk Who Sold His Ferrari ဆိုတဲ့ ကမ္ဘာကျော်စာအုပ်ကို ဆရာမိုးရှင်းက ဘာသာပြန်ရေးသားထားတာပါ။

ဒီစာအုပ်ဟာ သုတစာအုပ်တစ်အုပ်ပါ။ အဓိကက ဘ၀ကိုဖြတ်သန်းတဲ့အချိန် ဘယ်လိုအကျင့်‌တွေမွေးမြူသင့်တာလဲ၊ဘဘယ်လိုစိတ်ထားတွေ ထားသင့်တာလဲဆိုတာကို အဓိကဖော်ပြထားတာပါ။ တကယ်အနှစ်တွေချည်း စုထားတဲ့စာအုပ်လို့ပြောလို့ရပါတယ်။

ဒါ‌ပေမဲ့စာအုပ်ကို အခုမှစာပေကို ထိတွေ့မယ့်သူဆိုရင်တော့ မဖတ်စေချင်ပါဘူး။ စာအုပ်ထဲက အကြောင်းအရာတွေက ချိုတို့တစ်ထိုင်တည်း ဖတ်ချင်လာအောင်ထိတော့ ဆွဲဆောင်နေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့စာအုပ်ထဲက အ‌လေ့အကျင့်တွေကို သေချာလိုက်လုပ်ရင်တော့ အခုနဲ့မတူညီတဲ့ ဘ၀တစ်ခုကိုရလာမှာ ကျိမ်းသေပါတယ်။

၄။ အမာ - မွန်ဟော်စီ


ဒီစာအုပ်လေးကိုတော့ ကိုယ့်ကိုယ်ကိုယ် ကံဆိုးလိုက်တာလို့ ခံယူထားတဲ့သူတွေ ဖတ်ကြည့်သင့်တယ်။ ရသရော၊ သုတရော ပေါင်းထားတဲ့ ၀တ္ထုလေးမို့ ဖတ်ရတာတော်‌တော်‌ စိတ်၀င်စားဖို့ကောင်းပါတယ်။ အမာဆိုတဲ့ ဆေးကျောင်းသူ‌လေးရဲ့ ဘ၀အဆစ်အချိုးတွေကို ဇာတ်လမ်းလေးသဖွယ်ဖန်တီးထားပြီးတော့၊ ဖြစ်ပေါ်လာတဲ့ အ‌ခြေအနေတွေပေါ် အမာဘယ်လို ဖြတ်ကျော်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

အမာရဲ့ဘ၀ဟာ စစပိုင်းမှာ အတော်သနား‌စရာကောင်းတယ်။ ဒါပေမဲ့ အမာကတော့ သူဘ၀ကို သနားစရာလို့မခံယူပဲ ကြိုးစားခဲ့တဲ့အတွက် သူအရမ်းဖြစ်ချင်တဲ့ ဆရာ၀န်မကြီးဘ၀ကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ ဒီစာအုပ်ဖတ်ပြီးတဲ့ချိန်မှာ အချို့ခြေအနေတွေဟာ စစဖြစ်ချိန်မှာတော့ ကံဆိုးမှုလို့ထင်ရပေမယ့် တကယ်နောက်ဆုံးမှာတော့ ကိုယ်ဘ၀ကိုတစ်ဆင့်မြင့်သွားစေတဲ့ အရာတွေဆိုတာ နားလည်လာပါလိမ့်မယ်။

၅။ မြိုင် - ဗန်းမော်တင်အောင်


ဒီစာအုပ်လေးကိုတော့ လူတိုင်းဖတ်ကြည့်သင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီစာအုပ်ထဲမှာ မြိုင်ဆိုတဲ့ကောင်မလေးရဲ့ ဘ၀အခြေအနေတွေကို လိုက်ပြီး ပြောင်းလဲသွားတဲ့ စိတ်အ‌ခြေအနေတွေကို မြင်တွေ့ရမယ့်အပြင်ကို လူကုံထံအသိုင်းအဝိုင်းနဲ့ အခြေခံလူတန်းစားကြားက စိတ်ဓာတ်ကွာခြားချက်တွေကိုပါ မြင်တွေ့ရမှာပါ။ အဲ့ဒါအပြင် အဲ့ခေတ်အခါကမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ စစ်‌ပွဲတွေကြားမှာ ‌မြေစာပင်ဖြစ်ရတဲ့ ပြည်သူတွေရဲ့ဘ၀တွေ၊ မြင့်တစ်ချီ နိမ့်တစ်ချီ လည်ပတ်နေတဲ့ လောကဓံအကြောင်း‌တွေကိုပါ ပိုသိရမှာပါ။ စာအုပ်တစ်အုပ်တည်း ဖတ်လိုက်ရုံနဲ့ဘ၀တစ်ခုကို ထပ်ကျော်ဖြစ်နေရသလို ခံစားရစေမှာဖြစ်ပါတယ်။

နောက်ထပ် နောက်ထပ်လည်း ယခုလို စာအုပ်တွေအကြောင်း Book Review တွေ ၊ Knowledge sharing တွေမျှ ဝေပေးသွားဦးမှာမို့ ကျွန်မတို့ရဲ့ Channel လေးကို Subscribe and Share လုပ်ပေးသွားကြပါဦးနော်...။ ??‍♀️

စာရေးသားသူ - စန္ဒီချို

◽The Book Lab

https://t.me/thebooklab2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း