စောမြတ်နွယ်
ကျွန်မ ဒေါက်တာဖြိုးသီဟရေးတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာလေးတစ်ခုရှိတယ်။
''Youth is an opportunity to be something in life.''
''ဘဝမှာ တစ်စုံတစ်ရာ ဖြစ်လာဖို့အတွက် လူငယ်ဘဝဟာ အချိန်ကောင်းပဲ''တဲ့။
ဒီစကားလေးဟာ အလွန်မတန် အနှစ်သာရပြည့်ဝတဲ့ စကားလေးပါပဲ။
ဒီစကားလေးထဲက လူငယ်ဆိုတဲ့ စကားလုံးလေးမှာ အဓိပ္ပာယ်တွေ အများကြီးပါဝင်နေတယ်။
လူငယ်ဆိုတာ ဘယ်လိုမျိုးလဲ။
လူငယ်ဆိုတာ ခွန်အားအနေနဲ့ရော ဉာဏ်အားအနေနဲ့ရော သစ်လွင်နေဆဲ အားကောင်းနေဆဲအရွယ်ဟာ လူငယ်ဘဝပဲ။
ပြောရမယ်ဆိုရင် ဘဝမှာ တစ်စုံတစ်ရာ ဖြစ်ချင်တယ်ဆိုရင် ကြိုးစားအားထုတ်ဖို့ အခွင့်အရေးရှိနေတဲ့အရွယ်။ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ထုဆစ်ဖို့ အချိန်အား လူအား ဉာဏ်အား အားလုံး လက်ဝယ်ပိုင်ဆိုင်ထားတဲ့အရွယ်ပါပဲ။
လူငယ်ဘဝဟာ အသုံးချတတ်တဲ့သူအဖို့
ရွှေလို တန်ဖိုးရှိပါတယ်။
ယခုလက်ရှိ ကျွန်မတို့ မြန်မာနိုင်ငံမှာကိုပဲ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ လူငယ်စာရေးဆရာတွေရှိတယ်။ လူငယ်လုပ်ငန်းရှင်တွေရှိတယ်။တခြားနယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ လူငယ်တွေလည်း အများကြီး ရှိပါတယ်။
အဲ့ဒီလို အောင်မြင်နေတဲ့ လူငယ်တွေအားလုံးကို ကျွန်မတကယ်ပဲ လေးစားပါတယ်။
အဲ့ဒီတော့
သူတို့တွေ အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုများ ဒီလိုအောင်မြင်မှုတွေရအောင် ကြိုးစားအားထုတ်ခဲ့ကြတာလဲ။
သေချာတာတစ်ခုက သူတို့ဖြစ်ချင်တဲ့ အရာအတွက် သူတို့ရဲ့ ရည်မှန်းချက်တွေအတွက် အချိန်မဖြုန်းဘဲ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့လို့ပါပဲ။
လူတိုင်းလူတိုင်းအတွက် တစ်နေ့ကို အချိန် ၂၄နာရီ ညီတူညီမျှ ရကြတယ်။ဒါပေမယ့် ဘာဖြစ်လို့ ဘဝတွေက ကွာခြားသွားကြတာလဲ။
ပြောချင်တယ်ဆိုရင် ပြောလို့ရတာတော့ရှိပါတယ်။ လူတိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူကြဘူး။ တစ်ချို့ဘဝတွေက ကြိုးစားကြည့်ဖို့ အခွင့်အရေး မရှိတာမျိုး၊အခွင့်အရေးမပေးတာမျိုးတွေလည်း ရှိနိုင်ပါတယ် ။ဟုတ်ပါတယ်။ အဲ့လို ဘဝမျိုးတွေလဲ ရှိကောင်းရှိနိုင်တာပေါ့။
ဒါပေမယ့် အဲ့ဒီအခွင့်အရေးဆိုတာက ကိုယ်ကိုယ်တိုင် ဖန်တီးယူရတာမျိုးတွေလည်း ရှိတယ်။
အခွင့်အရေးကို ဖန်တီးတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ရိုးရိုးရှင်းရှင်းလေးပါပဲ။ ကိုယ်ဖြစ်ချင်တဲ့အရာအတွက် ရရာနည်းလမ်းနဲ့ စဥ်ဆက်မပြတ် ကြိုးစားအားထုတ်နေဖို့ပါပဲ။
ဒါမှ အခွင့်အရေးရှိလာတဲ့အခါ မလွတ်တမ်း ဖမ်းဆုပ်နိုင်မှာပါ။အခွင့်အရေးကို စောင့်နေမယ် အခွင့်အရေးရမှ ကြိုးစားမယ်ဆိုရင် အချိန်မမီတော့ပါဘူး။
တစ်ခါက မီဒီယာတစ်ခုကနေပြီး အောင်မြင်နေတဲ့ သူဌေးကြီးတစ်ယောက်ကို မေးတယ်။
''အခုလို အောင်မြင်လာတာ ဘာကြောင့်ပါလဲ''။
သူဌေးကြီးကလဲ ပြန်ဖြေတယ်။
''ကျွန်တော် အခုလို အောင်မြင်လာတာ လှိုင်းလာတုန်းလေး ခုန်လိုက်လို့ပါ''။
အဲ့ဒီတော့ ဆက်မေးတာပေါ့။
''လှိုင်းလာတာကို ဘယ်လိုသိနိုင်မလဲ။လှိုင်းက ဘယ်ချိန်လာတာလဲ''ဆိုတော့
သူဌေးကြီးက
''လှိုင်းကတော့ ဘယ်ချိန်လာတယ်မသိဘူး။ကျွန်တော်ကတော့ အမြဲခုန်နေတာပဲ''။
ဒါပါပဲ။
သေချာတာတစ်ခုက ဘဝမှာ ထိပ်ဆုံးရောက်နေတဲ့လူတိုင်းလိုလို အခွင့်အရေးရှိတာမရှိတာ နောက်ထား အမြဲကြိုးစားနေတယ်ဆိုတာပါပဲ။
နောက်တစ်ချက်က စာဖတ်ကြတာပါပဲ။ ကမ္ဘာမှာ ရှိတဲ့ နယ်ပယ်အသီးသီးမှာ ထိပ်တန်းရောက်နေတဲ့လူတိုင်း စာဖတ်ကြပါတယ်။
အမေရိကန်နိုင်ငံမှာ အောင်မြင်နေတဲ့ လူတော်တော်များများကသူတို့ရဲ့ အားလပ်ချိန်တွေမှာ ဖျော်ဖြေမှုတွေ TV channels တွေကို သိပ်မကြည့်ကြဘူးတဲ့။
သူတို့က သူတို့ရဲ့ အားလပ်ချိန်မှာ
သူတို့ရဲ့ နယ်ပယ်နဲ့ သက်ဆိုင်တဲ့ စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာကြတယ်တဲ့။
''လူတော်များသည် စာဖတ်ကြသည်။ စာဖတ်သောလူများသည် တော်ကြသည်''တဲ့။
ဆရာကြီး အောင်သင်း ပြောသွားတဲ့ စကားလေးတစ်ခွန်းရှိတယ်။
''တိုင်းပြည်တိုးတက်ချင်ရင် လူငယ်တွေကို ရွှေချပါ''တဲ့။
ဆရာကြီးပြောတဲ့ ရွှေချပါဆိုတာ လူငယ်တွေအတွက် စာကြည့်တိုက်တွေ များများထူထောင်ပေးပါလို့ ပြောချင်တာပါ။
ဘာဖြစ်လို့လဲဆိုတော့ ယနေ့လူငယ် နောင်ဝယ် လူကြီးဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား။
အဲ့ဒီတော့ စာမဖတ် ပေမဖတ်နဲ့ အသိဉာဏ်မရှိတဲ့ လူငယ်တွေလက်ထဲတိုင်းပြည်ရောက်သွားရင် အိုကြီးအိုမ ဒုက္ခရောက်နေမှာ စိုးလို့ပါတဲ့။
ဒါကြောင့် လူငယ်တွေ စာဖတ်ဖို့အလွန်မတန် အရေးကြီးတယ်။
ဒါပေမယ့် အခုခေတ် အခြေအနေအရ စာဖတ်ဖို့ကို အာရုံမရောက်နိုင်ပါဘူးဆိုရင် အရင်ခေတ် စစ်ကြီးအတွင်းမှာ ကိုယ့်ဝမ်းစာအတွက် အလုပ်အမျိုးမျိုးလုပ်ရင်း စာကောင်းပေကောင်းတွေ ရေးသားခဲ့ကြတဲ့ ဆရာကြီးရွှေဥဒေါင်းတို့လို စာရေးဆရာကြီးတွေကို ဘယ်လိုပြောကြမလဲ။
ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဓာတ်ကျပြီးပဲနေနေ စိတ်တက်ကြွပြီးပဲနေနေ အချိန် ၂၄နာရီကတော့ ကုန်ဆုံးသွားမှာပါပဲ။
အဲ့ဒီတော့ ကိုယ့်အတွက် တစ်စုံတစ်ရာ အကျိုးရှိသွားအောင် အားထုတ်နေတာက ပိုအဓိပ္ပါယ်မရှိဘူးလား။
နောက်ထပ် ဆရာကြီးအောင်သင်းပြောခဲ့တာရှိသေးတယ်။
''ခွန်အားကြီးသော သူများသည် မိတ်ဆွေဖြစ်ရင် အားကိုးရသလောက် ရန်သူဖြစ်ရင် ကြောက်စရာ ကောင်းတယ်''လို့ ပြောခဲ့တယ်။
ကျွန်မကတော့ ''ခွန်အားကြီးသော အင်အားကြီးသောသူများသည် အသိဉာဏ်ရှိရင် အားကိုးရသလောက် အသိဉာဏ်မဲ့ရင် ကြောက်စရာ ကောင်းတယ်''လို့ ပြောချင်တယ်။
ဒါကြောင့်မို့ အသိဉာဏ်ရှိအောင် စာအုပ်စာပေတွေ ဖတ်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ လူရဲ့အသိဉာဏ်ကို အုပ်စိုးတာက စာအုပ်စာပေမို့လို့ပါပဲ။
နောက်ပြီးလူငယ်တွေကို ပြောချင်တာက ဘဝမှာ အောင်မြင်ချင်တယ် ၊ထူးချွန်ချင်တယ် ၊ခေါင်းမော့နိုင်လောက်တဲ့ နေရာတစ်ခု ရချင်တယ်ဆိုရင် လူငယ်ဘဝမှာ အချိန်ကို မဖြုန်းတီးဘဲ ကိုယ်ဖြစ်ချင်တဲ့အရာကို တစိုက်မတ်မတ် ကြိုးစားအားထုတ်ပါ။
နောက်ထပ်ကတော့ စာအုပ်စာပေကိုလည်း ဖတ်ရှုလေ့လာပါ။ဒါမှသာ တော်ရုံတင်မဟုတ်ဘဲ နှလုံးသားပါလှတဲ့ လူတော်လူကောင်းလေးတွေအဖြစ် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မယ်။
အဲ့ဒီတော့ တော်အောင်လည်းကြိုးစားပါ။ကောင်းအောင်လည်း တည်ဆောက်ယူပါ။နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် အဖိုးတန်တဲ့ လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ပြီး ကိုယ့်ဘဝကို ဂုဏ်ယူလိုက်စမ်းပါလို့ တိုက်တွန်းစကား ပါးလိုက်ချင်ပါတယ်ရှင်။
#စောမြတ်နွယ်
18.9.2024
Keep Reading