ရေတမာ မွန်
အချစ်ဆိုတာ
အမုန်းရဲ့ဆန့်ကျင်ဘက်။
အမှန်းရဲ့ အစဟာ သံသယ။
သံသယ ရဲ့ မြစ်ဖျားခံရာက
အထင်အမြင်မှားခြင်း။
အထင်အမြင်လွဲမှားတာက
နှလုံးသွင်းမှားလို့။
နှလုံးသွင်းဘာလို့မှားလဲဆိုတော့
အမှန်အတိုင်းမသိလို့။
အမှန်အတိုင်းသိဖို့အင်မတန်အရေးကြီးတယ်။
အာရုံနောက်ရင် အမှန်မသိဘူး။
အာရုံမနောက်ချင်ရင်
စိတ်အကြည်ဓာတ်မွေးရမယ်။
ဘယ်လိုမွေးရမှာလဲ။
အရှိ နဲ့ အသိကပ်၍ သိယုံမျှသိပေး။
ဖြစ်ကြောမရှည်စေနဲ့။
အရှည်ကြီး မတွေးနဲ့ ။
အတွေးကို သတိထား။
အတွေး အပြော အလုပ်က ဆက်စပ်နေတယ်။
ဆက်တိုက်ဖြစ်ကြောတွေ ရှည်တတ်တယ်။
သူသဘောသူဆောင်ပါလေ့စေ။
သူသဘောထဲ ကိုယ့်သဘောရောနှောသွားရင်
သဘောထားမတူ ရန်သူပမာ
အမြင်မတူ အမုန်းပွားတတ်တယ်။
အတွေးက စတဲ့ အမုန်းကပိုများတယ်။
အချစ် က ချည်နှောင်တတ်လို့
တွယ်တာ လွန်းရင် သောက ဆိုတဲ့ပူလောင်မှုသာ
အဖတ်တင်မယ်။
ခပ်ခွာခွာချစ်မှ သက်သာမယ်။
သက်သာမှ တင်းကြပ်ခြင်းက လွတ်မှာပါ။
သတိ အချစ်ဟာ ပူလောင်တတ်လို့
ကပ်မလိုက်ပါနှင့်။
ခပ်ခွာခွာလေးချစ်။
အချစ်နဲ့သံယောဇဉ်က အမှန်တရားကို
ဖုံးကွယ်တတ်တယ်။
လူတစ်ယောက်ရဲ့ပျော်ရွှင်မှုတွေကို
ခိုးယူသွားတဲ့ တရာခံဟာ
မနာလိုဝန်တိုခြင်း။
မနာလို ဝန်တိုခြင်းကြောင့်
မိတ်ဆွေကောင်းတွေ ဆုံးရှုံးရတယ်။
ချစ်သူချင်းတွေ ဝေးကွာတတ်တယ်။
သံသယ ကြီးထွားလာရင် ပူလောင်ပြီပေါ့။
အဆိုး အကောင်းကြားမှာ
ဂယက်ထစေတာက သံသယ ။
သံသယ ပျောက်ကွယ်မှ အမှန်ဘဝရောက်မယ်။
မုဒိတာနှလုံးသားရှိရင် ဂယက်မထ တော့ပါဘူး။
သူပျော်တာ မြင်ရင် ပျော်တတ်ပါစေ။
သူငိုတာ မြင်ရင် နှစ်သိပ်တတ်ပါစေ။
ချစ်သူကို ပျော်ရွှင်စွာ ထားဖို့
မုဒိတာစိတ်ရှိရမယ်။
အယုံလွယ်လွန်းတာဟာ အားနည်းချက်ပဲ။
အ လွန်းတာဟာ အားနည်းချက်ပဲ။
အားနာလွန်းတာလည်း အားနည်းချက်ပဲ။
အပျော်အပါးလိုက်စားလွန်းတာက အမှား။
အပျင်းထူလွန်းတာက အမှား။
အမှန်အတိုင်းမသိတတ်တာက မဟာအမှား။
အမှားသိရင် အမှန်ပြင်ပါ။
အားနည်းချက်ကို အားသာချက်နဲ့အစားထိုးပါ။
မသိမှု နေရာမှာ သိမှု့နဲ့အစားထိုးတတ်ရမယ်။
မတရားမှုနေရာမှာ တရားအသိနဲ့အစားထိုး၍
ရှင်သန်တတ်ရင် အမှားမရှိလို့ စိတ်အေးရမယ်။
ကုသိုလ်ရေးအတွက်အချိန်မပေးနိုင်ပါက
အကုသိုလ်ရေးနဲ့အချိန်ရနေသူ ဖြစ်နေပါလိမ့်မယ်။
အစားထိုးမှန်ရင် အားကိုးစရာကုသိုလ်ရေးနဲ့
ဘဝအရေးစိတ်အေးစေပါတယ်။
အချစ်အမုန်း
သံသယ
အဆိုးအကောင်း ကြားမှာ
အကြောင်းကျိုးသိ၍
အစားထိုးမှန်ကန်တဲ့သူဖြစ်ဖို့
အင်မတန်အရေးကြီးတယ်ဆိုတာ
သိသွားရင်
သိတဲ့အတိုင်းကျင့်
ကျင့်တဲ့အတိုင်းရ
ရတဲ့အတိုင်း ကောင်းစွာအသုံးချတတ်ကြပါစေ။
ဘဝအရေး စိတ်အေးကြပါစေ။
ရေတမာ မွန်
Keep Reading