San G

ကျွန်တော် တချို့သော အားလပ်အနားယူချိန်တွေဆိုလျှင် Red Bullအဖွဲ့အစည်းက တောင်တက်သမားတွေ
ကြိုးစားပမ်းစားနဲ့ ခက်ခဲမာကျောတဲ့ ကျောက်တောင်တွေကို တက်တဲ့ videoတွေကြည့်ရတာ အင်မတန် နှစ်ခြိုက်ပြီး ထိုတောင်တက်သမားတွေကိုလည်း လေးစား အားကျလေ့ရှိပါတယ်
အဲ့ဒီလိုတောင်တက်သမားတွေရဲ့ video တွေ၊ Documentary တွေ ကြည့်ရှုနေရင်း တစ်နေ့တော့
ကျွန်တော်တွေးမိတာလေးရှိတယ်။
ကျွန်တော်တို့ လူသားရယ်လို့ ဖြစ်တည်လာတဲ့ ဘဝကြီးရကတည်းက အခက်အခဲတွေမျိုးစုံ ကြုံတွေ့လာရတယ်၊ လောကဓံ ၈ပါးထဲက တစ်ပါးပါးနဲ့ တွေ့ကြုံရတယ်၊
ဤသို့ အခက်အခဲတွေ တွေ့ကြုံလာရတဲ့အထဲက ဇွဲနဘဲဖြင့် အခက်အခဲတစ်ခုကြုံတိုင်း စိတ်ပျက်အားလျော့ခြင်းမရှိ၊ အရှုံးမပေးပဲ ဖြတ်ကျော်ခဲ့တဲ့သူတိုင်း တစ်နေ့မှာ အောင်မြင်ကြီးပွားတိုးတက်လာသူတွေ မုချဖြစ်လာတဲ့ သာဓကတွေမှ အပုံအပင်ဆိုပြီး တွေးမိတယ်။
တောင်တက်သမားတွေသည်လည်း မာကျောခက်ခဲတဲ့ ကျောက်တောင်ကို တက်ရာ ရာသီဥတုဒဏ်၊ ကျောက်တောင်ရဲ့ ခက်ခဲမာကျောဒဏ်တွေကို စိတ်ဓာတ်ခွန်အား၊ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်မှု၊ ရဲရင့်မှု၊ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ဖြင့် ကျော်ဖြတ်ကာ ပန်းတိုင်ဖြစ်တဲ့ တောင်ထိပ်ကို ဖြေးဖြေးချင်း တဆင့်စီ တဆင့်စီ ကြိုးစားတက်ကာ အရောက်လှမ်းကြပါတယ်။ အခြေခိုင်ဖို့လဲအဓိကလိုအပ်သလို၊ ကျွမ်းကျင်မှုတို့လဲ အဓိကလိုအပ်ပါတယ်။
ထိုတောင်တက်သမားတွေ တောင်တက်နည်းကို အကျဉ်းချုံးပြောပြလိုပါတယ်။ ထိုသူများသည် မိမိတက်မည့်တောင်ရဲ့ ပထဝီဝင်အနေအထား၊ ရာသီဥတု၊ လေတိုက်နှုန်းစတဲ့ အချက်တွေကို လေ့လာတွက်ချက်ကာ ၊ တောင်တက်ရာတွင်လိုအပ်သည့် ကိရိယာတန်ဆာပလာများ ၊ ရေရိက္ခာအစုံအလင်တို့ကို ထုပ်ပိုးကာသယ်ဆောင်ပြီး စတင်တက်ကြပါတယ်။
ခြေနင်းအား အဖိအဖော့၊ လက်ချောင်းလေးတွေရဲ့ ကုတ်အားရယူမှု၊ တစ်ဆင့်ပြီးတစ်ဆင့်မှာ မိမိရောက်ရှိအခြေခိုင်ရာနေရာမှာ ဆိုင်းကြိုးတွေ၊ချိတ်တွေနဲ့ချိတ်ပြီး တက်လေ့ရှိပါတယ်၊ မတော်တဆ ခြေချော်လက်ချော်ပြုတ်ကျလျှင်တောင် အောက်ဆုံးထိမရောက်ဘူးပေါ့ မိမိနောက်ဆုံး အခြေယူချိတ် ချိတ်ခဲ့တဲ့အထိပဲရောက်မှာ ။
ဤနေရာကနေ မိမိရည်ရွယ်ချက်ဖြစ်တဲ့ တောင်ထိပ်ကို ကြိုးစားတက်ကာ အရောက်လှမ်းနိုင်ကြပါတယ်။
ထိုနည်းတူ ကျွန်တော်တို့ဘဝအတွက် အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရာမှာလဲ ကြုံလာမယ့် အခက်အခဲတွေကို ကျွမ်းကျင်မှု(skills)တွေ၊ သက်လုံကောင်းမှု
(ဇွဲရှိမှု)၊ ဝိရိယရှိမှု(အရှုံးမပေးမှု)၊ ပထဝီဝင်အနေထားနဲ့ ရာသီဥတုအခြေအနေ သိရှိနားလည်မှု( အရိပ်သုံးပါးနားလည်မှုနှင့် ဖြစ်ပေါ်လာတဲ့အခြေအနေကို အကျိုးရှိစွာ အသုံးချနိုင်မှု)စတာတွေကိုအသုံးပြုပြီး ဘဝရဲ့ကျောက်တောင်ကြီးကိုတက်ရာတွင် အခြေခိုင်စွာ ရောက်ရှိတဲ့နေရာတိုင်း(တက်ရောက်ခဲ့ပြီးတဲ့နေရာတိုင်း)တွင် ဆိုင်းကြိုးတွေနဲ့ ခိုင်မြဲသေချာစွာ ချိတ်ထားမယ်ဆိုလျှင် မတော်တဆ ချွတ်ချော်ကျခဲ့ရင်တောင် ဘဝကအကျမနာ အောက်ဆုံးကို ရောက်မှာမဟုတ်ပဲ ပြန်လည်ကြိုးစားတက်၍ ဘဝဆိုတဲ့ကျောက်တောင်ကြီးများကို တစ်တောင်တက် ခဏနား တစ်တောင်ပြန်တက်ရင်း ဘဝရည်မှန်းချက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အကြံပြုရေးသားလိုက်ရပါတယ်...
Keep Reading