Author's Profile Photo

Swe Zin

10/09/2024

ကျွန်မနှင့်မေ့မေ့ရွာ အကြောင်း  တစ်စေ့တစ်စောင်း

4 mins read
Book Review
General Knowledge
Art

အညာသူဆိုတော့ မန်ကျည်းရွက် ၊မန်ကျည်းသီး ကြိုက်ကြတာ သဘာဝဘဲလေ။ မန်ကျည်းချဉ် ဆို သိပ်ကြိုက်တတ်သောကျွန်မ
မန်ကျည်းရွက် ၁၀၀၀ ဘိုးဝယ်လာပြီး ဇကာခုံးထဲထည့် သန့်နေရင်း အတွေးက အတိတ်ဆီ ပျံ့ သွားခဲ့ ရတယ်။အဲလိုနဲ့ ဒီ စာစုလေး ဖြစ်လာခဲ့ရပါတယ်။

                               (၁)
(၁၉၈၄-၁၉၈၅)ဆီသို့

နွေကျောင်းပိတ်ပြီ ဆိုတာနဲ့ အဖိုးအဖွား ရှိတဲ့ မေမေ့ဇာတိ နတ်မောက်မြို့နယ်က ပန်းကုန်းကျေးရွာ ကိုသွားမလား၊မေမေ့ညီမ အန်တီ ရှိတဲ့ မန္တလေးက တောင်သမန် ကို သွားမလား ဒါမှမဟုတ် ဖေဖေ့ ဇာတိဖြစ်တဲ့ မြင်းခြံ စွန်းလွန်း ကို သွားကြမလား ။များသောအားဖြင့် ပန်းကုန်းကို သွားကြတာများပါတယ်။အဲဒီမှာက ကျွန်မကို သိပ်ချစ်တဲ့ ကျွန်မသိပ်ချစ်ရတဲ့  မေမေ့အမ ကျွန်မရဲ့ ဒေါ်ဒေါ်ကြီး ရှိတယ်လေ။

ရွာမှာဆို ကျွန်မတို့ ညီမအစ်မတွေ သိပ်ပျော်ကြတယ်။နွေရာသီမို့ ထန်းတောပေါတဲ့ ကျွန်မတို့အိမ် ထန်းသီးတွေခုတ် ထန်းသီးဆံ စားရတာ သိပ်ကြိုက်တာပဲ။ဦးလေး *မေမေ့အကို* နွားကျောင်းသွားလျှင် နွားလှည်းလိုက်စီး တောထဲရောက်ပါက ကိုယ့်ထန်းတောတက်တဲ့ ထန်းသမား တဲ  ၂  တဲရှိတယ်။တဲဆီပြေးပြီး ထန်းရည်ချို သောက်လိုက်။မီးလင်းဖိုပေါ်က ထန်းလျက် ဒယ်အိုးကြီး ချခါနီးလျှင် ထန်းဖူး (ထန်းရွက်နု)လေးချိုးပြီး အိုးနှုပ်ခမ်းကပ်နေတဲ့ သကာရည် နွေးနွေး လေး ကော်စားရတဲ့ အရသာ ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး ။ ကျွန်မ ကြိုက်တတ်မှန်းသိလို့ တစ်ခါတရံ လက္ဘက်အုပ် ထဲ နှမ်းဆီလေး ခံပြီး သကာရည်ကျချိန်လေး ထည့်ထားပေးရင် မွှေးချို နေတာပဲ သိပ်အရသာရှိတာပေါ့။ထန်းလျက်ခဲလို မာတဲ့အဆင့်မရောက် ပဲ ပျော့ပျော့လေး ကြာရှည်ခံတယ်လေ။

တောရွာဓလေ့မို့ အဲဒီအချိန် ရွာမှာနေတဲ့ ခလေး တွေက ၄၊ ၅  နှစ်အရွယ်ဆိုရင်ပဲ မိန်းခလေးဆို ဖျင်ထဘီ နဲ့ ယောကျာင်္းလေးဆိုလဲ ဖျင်လုံချည် ကွင်းသိုင်းလို့ ။ ကျွန်မတို့ ညီအစ်မတွေက သူတို့အတွက် လူထူးဆန်းတွေလိုပဲ ။မြို့မှာနေတော့ ဘောင်းဘီ တို၊ရှည်၊ဂါဝန် နဲ့ စကတ် နဲ့လေ။ ထမီ ဝတ်ချင်လို့ အဒေါ်ကို ပူဆာတော့ ဖျင် ထမီ ချုပ်ပေးတယ် ။ မှတ်မှတ်ရရ ရှမ်းအဆင် အနီအနက်ကြားလေးပေါ့။ ခဏပါပဲ လေးတယ် ဆိုပြီး မဝတ်ကြတော့ဘူး ။အဲလို ?

ဦးလေးက တောထဲသွားရင် လွယ်အိတ်တစ်လုံး အမြဲပါတယ်။ဦးလေးမှ မဟုတ်ပါဘူး ရွာက လူတွေအားလုံးပါပဲ ။တောထဲဘယ်သူသွားသွား လွယ်အိတ်နဲ့။ ကွမ်းအစ်၊ဆေးလိပ် ၊နဲ့ လောက်လေးခွ ၊လောက်စာလုံးကလဲ တောထဲသွားတဲ့ လူနဲ့ တွဲလျှက်ပါစမြဲ။ဒေါ်ဒေါ်ကြီးကို တောထဲသွားတာ ဘာလို့လွယ်အိတ် လွယ်တာလဲလို့မေးတော့" တောလည် တစ်လွယ်၊ရွာလည်တော့ တစ်စလယ် " တဲ့  အဲအချိန်က ဘာကိုဆိုလိုမှန်းမသိတော့ လူကြီးလွယ်သလို ကျွန်မလည်း အားကျမခံ ဟန်ပါပါ လွယ်အိတ်လွယ်ပစ်လိုက်တယ် ?။ မေမေကြီးတို့ ဒေါ်ဒေါ်ကြီး တို့က လွယ်အိတ်အပြင် ချိတ်( ဝါး သေးသေးလေး အဖျားမှာ ချိတ်ကောက်လေးပါ ပြီး အရှည် ၄ ပေ လောက်တော့ ရှိမည်ထင်ပါတယ်)ပါ ပါသေးတယ်။

ကန်စွန်းကန် လို့အမည်ပေးထားတဲ့ ကန် ရယ် ထန်းတော လယ်ယာ မြေတွေက မေမေကြီး ဘက်က ဘိုးဘွားစဉ်ဆက် ပိုင်ခဲ့တယ်တဲ့။မေမေကြီးဘက်က ရွာ့မြောက်ဘက် နည်းနည်းလှမ်းတဲ့ လယ်ယာမြေ ဖြစ်ပြီး ဘဘကြီး ဘက်ကတော့ အနောက်ကုန်း ဘက်မှာဖြစ်တယ်။ ကျွန်မအတွက်တော့ ကန်ဇွန်းကန်က ပိုရင်းနှီးတယ်။ နွားစားကျက် ကျယ်ဝန်းတယ်။ ထင်းတော(ရှားပင်၊ထနောင်းပင် နှင့် သပွတ်ပင်) ပေါတယ်။ နောက်ပြီး ကန်ဇွန်းကန် ရေက ကြည်လင်ပြီး အောက်ခြေထိ မြင်ရတယ်။ ကန်ထဲမှာ ထိန်ပင်ကြီးတွေ ရှိသလို ကန်ရေသန့်မှာသာပေါက်တဲ့ စားလို့ရတဲ့ ဟင်းကြာဖူး ပင်လည်းပေါက်တယ်။ကျွန်မတို့ရဲ့ ရေကူး ကန်ကြီးပေါ့ ။ရေက စိမ့်ပြီး အေးမြနေတာပဲ။ ကန်ဘောင်မှာကလဲ ထန်းတော ဆိုတော့ ရေအေးစိမ့်နေတာ မထူးဆန်း ပါဘူးလေ။

နောက်ပြီး သရက်ပင်ကလည်းပေါတယ် ။ ကန်ဖျားက အပင်က ၊လယ်ကြီး ကန်ဇင်းလုံးက အပင် က ၊ဝါဆို ပင်က လေ ပျိုးခင်း ထိပ်က အပင် နဲ့ စသဖြင့် ခွဲခြားခ်ါတတ်ကြတယ်။
အော် နောက်တစ်ခု ရှိသေးတယ် ။ရွာ့ မြောက်ဘက် ရွာနဲ့ သိပ်မဝေးတဲ့ နေရာမှာ မယ်လှဦး သရက်ပင် ဆိုတာ ရှိသေးတယ်။ အဲဒီနားမှာ လယ် နဲ့ ယာ ၃၊၄ ကွက်လောက်တော့ရှိမယ်ထင်ပါရဲ့ ။ကျွန်မ သိပ်မမှတ်မိဘူး။ ပြောချင်တာက အဲဒီ မယ်လှဦး သရက်ပင် ခူးပြီဆိုရင် တောင်းလေး တွေနဲ့ လူများတယ် ခွဲဝေယူ ကြရတာ။ ဒေါ်ဒေါ် သူတုိ့ကို ဘာလို့ ခွဲဝေပေးရတာလဲ လို့ မေးတော့ ဘဘကြီးဘက်က အမွေဆိုင် အပင်တဲ့ ?အဲဒါကြောင့် အမျိုးတွေ ခေါ်ပြီး ခွဲဝေယူရတယ် တဲ့ ။? အဲဒီအချိန်ကြမှ ကျွန်မတို့ ခလေးတွေ ကိုလည်း သူနဲ့က ဘယ်နှစ်ဝမ်းကွဲ ဘယ်လို ဆိုတာ ဆွေမျိုးစပ်ပြ ကြလေရဲ့  နောက်ပြီး ဘယ်သူက ဘယ်မှာ ဘယ်ဝါသားသမီးက ဘယ်နေရာရောက်၊ဘကြီးရောမာရဲ့လား အရီးလေး ဘယ်လိုနေလဲ စသဖြင့် သာကြောင်းမာကြောင်းပါရဲ့။တစ်ချို့ တွေက အခြားရွာကလူနဲ့ အိမ်ထောင်ကျလို့ ရွာပြောင်းသွားကြတဲ့သူတွေလည်း ပါတာကို။ ??ချစ်စရာ ဓလေ့ပေါ့။နောက်ပြီး အဲလိုပဲ မန်ကျည်းသီး ပုပ် ချိန်လဲ ထိုနည်းတူပါပဲ။ အမွေဆိုင်အပင် ဖြစ်ပါက ခွဲဝေယူကြရတယ်။

အဲဒီတုန်းကတော့ ခလေးအတွေးနဲ့ အိမ်မှာဒီလောက် သရက်ပင်တွေပေါတာ ဒီက ရတဲ့ သရက်သီး တစ်တင်းစာလောက် မန်ကြည်း အချိန်တစ်ဆယ်လောက် ကို လယ်ထဲထိ လာခွဲဝေယူကြသေးတယ်လို့ တွေးမိပါရဲ့ ။ ##အခုချိန်မှာ ကျွန်မ အဲလိုအပင်မျိုး လိုချင်မိပါတယ်။အဲဒါမှ တစ်နှစ် တစ်ကြိမ်တော့ ဆွေမျိုး စပ်ကြပြီး သာကြောင်း မာကြောင်း သိကြရမယ်လေ။###


                          ( ၂)

ရယ်တော့ ရယ်ရသား ။ အိမ်က ညီအစ်မ လေးယောက်ထဲမှာ ကျွန်မက သစ်ပင်တက် သိပ်ဝါသနာ ပါတဲ့သူပါ။ ရွာအိမ်ဝိုင်း တွေက ထုံးစံအတိုင်း တလင်း( နှမ်း၊ မြေပဲ၊စပါး၊နေကြာ စသဖြင့် ပုံရန်) ကျယ်ကျယ်နဲ့ ခြံစည်းရိုးပတ်ခြာလည်မှာကလည်း မန်ကျည်းပင်တွေ တန်းစီနေပါတယ်။ မန်ကျည်းပင် ကလည်း ၂ မျိုးရှိတယ်။ တစ်မျိုးက ပင်နီပင်။သူက အရွက်အဖူးထွက်တော့ နီထွေးထွေးလေးပေါ့။အရသာဖန်တော့ သိပ်ခူး မစားကြဘူး။ အဲဒီ ပင်နီ ပင်တွေက ခေါင်းရင်း ခြံစည်းရိုးမှာ ၄ ပင်လောက်ရှိတယ်။ ခြေရင်း မှာတော့ မန်ကျည်းပင် တစ်ပင် ။အဲဒီ အပင်ကတော့ ခူးပြီး ချက်စားလို့ ရတယ်။ နောက်ပြီး ခြေရင်းက အိမ်ဝန်း ထဲမှာလဲ မန်ကျည်းပင်တွေပေါသား။ တောဓလေ့ ဆိုတော့ ဘယ် အပင်ဖြစ်ဖြစ် တက်နိုင်လို့ကတော့ ခူးသာခူး ဘယ်သူမှမပြောဘူး။ မခူးအားတဲ့သူတွေကလည်း မပု ရေ တစ်ခါချက်လောက်ဆို ပေးခဲ့ကြတာပါပဲ။သိပ်ကို ဖြူစင်ကြတယ်။

ရွာက မေမေကြီးက သရက်သီး ပိုးတီရစ် ပြီး အလုံးလိုက် စဉ့်အိုးနဲ့ အချဉ်သိပ်တယ်။ မန်ကျည်းရွက်လည်း ထိုနည်းတူ စဉ့်အိုး သေးသေးလေးတွေနဲ့ အချဉ်သိပ်တယ်။ သီတင်းကျွတ် လကွယ် ရွာအခါ မှာ သူ့သားသမီးတွေ အနယ်နယ် အရပ်ရပ်က လာရင် နှမ်းဆီ၊မြေပဲဆံ၊ထန်းလျက်၊ပေါက်ပေါက်ဆုပ်၊သရက်သီးချဉ်၊မန်ကျည်းချဉ် မန်ကျည်းသီးမှည့်  နှင့် မုန့်ဆီကြော် ပါမကျန်စေရ အားလုံး ဝေစု ခွဲဝေပေးတဲ့ ဓလေ့ ရှိတယ်။ အကြောင်းကြောင်းကြောင့် မလာနိုင်တဲ့သားသမီးကို လူကြုံ နဲ့ထည့်ပေးလေ့ရှိတယ်။

ဇာတ်လမ်းက အခုမှစတာ ?

မန်ကျည်းပင်ဆိုတာလည်း သူနုချင်တဲ့အပင် စနုတာလေ။ အိမ်ကအပင်က မနုသေးပဲ ခြေရင်း အိမ်ဝန်း ထဲက အပင်ကနုတယ်။ ကျွန်မတို့ အခေါ် ဘိုးဆိုကြီး အိမ်ဝိုင်း ပေါ့။ အဘ ဘိုးဆိုကြီး ပိုင်လို့ ?။
အဲဒီအပင်က အောက်ခြေ ခြောက်ပေ ကျော်လောက်က ပြောင်ချောနေတယ်။ရွာမှာ အတူကစား ကြတဲ့ အပေါင်းသင်းတွေက သူတို့အတွက် ဖက်တွယ်တက်ရတာ လွယ်ကူပေမယ့် ကျွန်မအတွက် ခက်ခဲတာ အမှန်ပါပဲ။ ကျွန်မကို သူတို့က "မိတ္ထီလာသူ ဒီအပင်တောင် မတက်နိုင်ဘူးလား"လို့ မခံချင်အောင်ပြောတော့  ကျွန်မကလည်း မဖြစ်နိုင်တာမရှိ မဖြစ်သေးတာပဲရှိတယ် ဆိုတဲ့စိတ် ခံယူထားသူ ပီပီ အပင်ကို ဖက်တွယ်တက်ပါလေရော လက်မောင်းနဲ့  တံတောင်ဆစ်တွေများတောင်ပွန်းလို့။
အံမယ် ဂွဆုံရောက်တော့ မန်ကျည်းပင် ထိပ်ဖျားထိ တက်ပြီး အကိုင်းမှာ ခွထိုင် သီချင်းလေး တကြော်ကြော်နဲ့ မန်ကျည်းရွက် လွယ်အိပ် အပြည့် အသိပ်ခူးထည့်တော့တာပါပဲ။ ညနေစောင်းဆိုတော့ လေက လူးလွန့်လာတော့ အပင်ကိုင်းဖျား ယိမ်းကပြီပေါ့။ လွယ်အိပ်က ပြည့်တာတောင် မဆင်းပဲနဲ့ သိပ်ထည့်ခူးနေသော ကျွန်မ လေယိမ်းတော့ မှ သီချင်းသံရပ်ပြီး အမလေး အောက်ငုံကြည့်တော့ မနည်းမနော အမြင့်လား တက်သွားလိုက်တာ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိ။ ကြောက်စိတ်က ငယ်ထိပ်တက်ပြီပေါ့။ ခွထိုင်ထားတဲ့ခြေထောက် ဘယ်ဟာ အရင် ဘယ်ကိုင်း ချရမှန်းမသိ ဖြစ်ရပြီလေ။ သူငယ်ချင်းတွေက ဟိုကိုင်းကိုခို၊ ဒီကိုင်းကို ခြေထောက်ချလေ နဲ့ လမ်းညွှန်ပေးသော်လည်း စိတ်မတည်ငြိမ်တော့ ကိုင်လက်စ အကိုင်းကိုသာ လက်မလွှတ်ပဲ အာခေါင်ခြစ် ငိုနေပါတော့တယ်?။

ကျွန်မတို့အိမ်နဲ့ ကပ်လျက်မို့ အိမ်က သိသွားပြီး မေမေကြီးက ဦးလေးလှမ်းခေါ် လှေခါးပါယူလာပြီး ဦးလေးက မန်ကျည်းပင်ပေါ်တက်လာ အနားထိလာပြီး သေချာ ဘယ်ကိုင်း ဘယ်လိုခြေထောက်ချ ဟုတ်ပြီ လက်က ဘဟ်ကိုလှမ်း နဲ့ နောက်ဆုံးပိတ် မြေကြီးပေါ် ရောက်လာတော့တာာပဲ ?။ မှတ်မှတ်ရရအသဲ ထိပ်လို့  အသဲစွဲ မှတ်မိနေတယ်?။
အောက်ရောက်တော့ ဒေါ်ဒေါ်ကြီးက" ညည်း မန်ကျည်းရွက်တွေ အိမ်မှာပေါလို့ ဘာလုပ်ဖို့ တက်ခူးရတာလဲ။လူကြီးတွေခူးမှာပေါ့ သိပ်လျှာရှည်တာပဲ"  လို့  ဆူတယ်။အားကျမခံ" မေမေကြီး အချည်သိပ်ဖို့ပေါ့ သမီးက စေတနာနဲ့ခူးပေးတာ နော် "လို့ ဘွားအေကို စစ်ကူတောင်းရတယ်။ မေမေကြီးကလည်း ခလေးကို မဆူပါနဲ့အေ လို့ပြောပြီး  နှီးဗန်း တစ်ချပ်ထဲ ကျွန်မ ခူးလာတဲ့ လွယ်အိတ်ထဲက မန်ကျည်းရွက်ကို လှယ်ထည့်ပြီး သန့်တော့တာပါပဲ။ အဲဒီက နောက်တော့ ကျွန်မ မန်ကျည်းပင် ပင်စည်ကတက် ကိုင်းဖျားက ခိုစီးတတ်ပြီး ရွာဇရပ် ထုတ်တန်း တွေပေါ် တလွှးလွှား တက် စိန်ပြေးတမ်း ဆော့တတ်တဲ့ အကျင့်များကို မကြောက်မရွံ့ သင်ယူတတ်မြောက်ခဲ့ပါတယ် ။?

swe zin
အမှတ်တရ ငယ်ဘဝ
14.5.2020 (5:16 PM)

ဤစာကို တစ်ရက်နည်းနည်းချင်း စာရိုက်ရပါတယ်။(ကျန်းမာရေးကြောင့် စာများများ မရိုက်နိုင်ပါ)။ဤစာရေးပြီးချိန်မှာ မန်ကျည်းရွက် ၁၀၀၀ ဘိုးဝယ် အချည်သိပ်ထားတာ ၂ နပ်နဲ့ ကုန်သွားတော့တာပါပဲ။
?ဖြစ်နိုင်ရင် မန်ကျည်းပင်ပေါ်တက်ပြီး တစ်လွယ်အိတ်လောက် ခူးချင်စပ်းပါဘိ နဲ့ ?





Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမား