သိုက်စိုးထွန်း(နတ်ရွာ)

“ဘယ်ဘက်က ဘရိတ်၊ ညာဘက်က လီဗာ၊ ဖြည်းဖြည်းသာ စမောင်းပေတော့”
ဒီလိုနဲ့ ကားမောင်းတာကိုစသင်ခဲ့ရတာပါပဲ။ မောင်းတယ်ဆိုတာ ဒီအတိုင်းရိုးရိုးလေးကြည့်ရင်တော့ တကယ့်ရိုးရိုးလေးပါပဲ။ စတီရာရင်လေးနဲ့ ကိုယ်လိုရာကိုလှည့်မယ်၊ အရှိန်တင်ချင်တဲ့အခါ ဘီဗာနင်းမယ်၊ ရပ်ချင်ရင် ဘရိတ်အုပ်လိုက်မယ်၊ ဒါပါပဲ။ ကိုယ့်တွက်ကိန်းနဲ့ကိုယ်ကတော့ ဘာမှကို မခက်ဘူးပေါ့လေ။
ဒါပေမဲ့ တကယ်တမ်းလက်တွေ့မောင်းကြည့်တဲ့အခါကျတော့ ထင်သလောက်မလွယ်ဘူးပေါ့လေ။ လီဗာကိုနင်းလိုက်တယ်၊ ဝူးခနဲထွက်သွားတယ်။ ကိုယ့်အရှိန်ကိုယ်လန့်ပြီး ဘရိတ်ကိုချက်ချင်းနင်းလိုက် ပြန်တော့ ကျွိခနဲထိုးရပ်မိတယ်။ ဘယ်လိုမှအဆင်မချောဘူးဆိုပါတော့။ ဘယ်အရှိန်ကိုလိုချင်ရင် ဘယ်လောက်ပဲနင်းရမယ်ဆိုတာကို နားမလည်ဘူးပေါ့။ ဘယ်လောက်ဖိလိုက်ရင် အရှိန်ဘယ်လောက် လျော့သွားမယ်ဆိုတာကိုလည်း နားမလည်ဘူးဆိုပါတော့။
ဒါ့ကြောင့် ဘာမှမမောင်းတတ်သေးတဲ့သူကို လမ်းမပေါ်စပြီးအမောင်းမခိုင်းကြတာဖြစ်မှာပေါ့။ ကွင်းကျယ်ထဲကိုသွား၊ ဘောလုံးကွင်းဖြစ်ဖြစ်၊ ကားလေ့ကျင့်ကွင်းဖြစ်ဖြစ်၊ ကွင်းကျယ်ကျယ် တစ်ခုတည်းကို သွား၊ မောင်း၊ စိတ်တိုင်းကျမောင်း။ ဘယ်သူ့ကိုမှလည်း တိုက်မိခိုက်မိစရာမရှိဘူးပေါ့။ ဒီအထဲမှာ ပတ်မောင်းပြီးတော့မှ လမ်းမပေါ်ကိုတစ်ဖြည်းဖြည်းလေ့ကျင့်ယူရတယ်။ လမ်းရဲ့သဘော၊ ယာဉ်ကြောရဲ့ သဘော၊ နောက်ကြည့်မှန်တွေရဲ့သဘော၊ အသွားအလာအယူအဆတွေ တစ်ဖြည်းဖြည်းချင်း သင်ယူရ တာပေါ့။
ကိုယ်မောင်းတဲ့ကားကို လိုသလို အရှိန်လျှော့နိုင်၊ တိုးနိုင်၊ ကွေ့နိုင်၊ ဝိုက်နိုင်ရုံနဲ့ လမ်းမကြီးပေါ်ကို စိတ်ချလက်ချလွှတ်လိုက်လို့ကလည်း မဖြစ်သေးပြန်ဘူးတဲ့။ ကျော်တက်ရင်ဘယ်လိုတက်ရမယ်၊ ချိုးကွေ့ တော့မယ်ဆိုရင် ဘယ်လိုအချက်ပြရမယ်၊ ဘယ်လိုဆိုင်းဘုတ်တွေ့ရင်ဘာတွေလိုက်နာရမယ်၊ ဘယ်လို သင်္ကေတလေးဆိုရင် ဘာကိုဆိုလိုတယ်၊ ဘယ်ဂဏန်းတွေရေးထားပြီး ဘာရောင်ခံထားရင် အဲ့ဒါ ဘာကို ဆိုလိုတယ်ဆိုတာမျိုးတွေကို အသေးစိတ်မှတ်မိနေအောင်လေ့လာထားရသေးတာပါ။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေအကြောင်း ဟောပြောပို့ချတဲ့သင်တန်းတွေဘာတွေတက်၊ ကညနမှာ ရေးဖြေစာမေးပွဲတွေ၊ လက်တွေ့သရုပ်ပြမောင်းနှင်မှုတွေလုပ်ပြီး အောင်ပြီဆိုမှ လိုင်စင်တစ်ခု ရလာတာပါ။ ဒါတောင်မှ ဒီလိုင်စင်ကိုကိုင်ထားတဲ့သူမှန်သမျှ လုံးဝကျွမ်းကျင်အဆင့်ရောက်ပါပြီလို့ မဆိုနိုင် သေးပါဘူး။ တကယ့်မိုးထဲရေထဲကျတော့မှ အမှားမှားအယွင်းယွင်းဖြစ်ကုန်တဲ့သူတွေလည်းရှိပါတယ်။ လေ့ကျင့်သားရနေတဲ့သူ၊ အတွေ့အကြုံကြွယ်ဝနေတဲ့သူတွေမှသာ အန္တရာယ်တွေကိုရှောင်ကွင်းနိုင်မှာပါ။
“ကားမောင်းတာများ အလွယ်လေးပါ”ဆိုပြီး ကားပေါ်တက်၊ ဝှီးခနဲ၊ ဝေါခနဲမောင်းကြလို့ ယာဉ်တိုက်မှုဖြစ်ကြရတာတွေကလည်း တစ်ပုံကြီး။ မောင်းတာကတော့ မခက်ပါဘူး။ ဘာကခက်နေသလဲ ဆိုတော့ သတိပါပဲ။ မောင်းနေသမျှကာလပတ်လုံးသတိတစ်ချက်မှ လွတ်လို့မရဘူး။ အထူးသဖြင့် ယာဉ်သွားယာဉ်လာများတဲ့နေရာတွေမှာ လုံးဝသတိလွတ်လို့မရဘူး။ လွတ်လိုက်တာနဲ့ တိုက်ပြီးသား။ ဝုန်းခနဲ၊ ဒိုင်းခနဲဖြစ်ပြီးသားပါပဲ။
မောင်းနေချိန်မှာ ယာဉ်စည်းကမ်းကိုနားလည်ဖို့လိုတာမှန်တယ်။ ဒါ့ထက်ပိုပြီးသတိထားရမှာက ကိုယ်ကိုယ်တိုင်က ယာဉ်စည်းကမ်းနဲ့အညီမောင်းနှင်နိုင်ပါတယ်ဆိုတာတောင်မှ ယာဉ်အန္တရာယ်ကင်းဖို့ စိတ်မချရသေးဘူးဆိုတဲ့အချက်ပါ။ ကိုယ်ကလမ်းကြောင်းအမှန်အတိုင်းမောင်းနေတယ်။ သတ်မှတ်အရှိန်နှုန်း အတိုင်းပဲ သွားနေတယ်။ ဒါကို တစ်ဘက်က တစ်ယောက်ယောက်က လမ်းပြောင်းပြန်စီး၊ ပြောင်းပြန်တွေ ကွေ့ပြီး မဆင်မခြင်ဝင်တိုးလိုက်ရင် မတော်တဆမှုတေွဖြစ်သွားနိုင်ပါသေးတယ်။ လမ်းပေါ်တက်လာသူတိုင်း လမ်းစည်းကမ်းကိုနားလည်သူတွေချည်းမဟုတ်ကြပါဘူး။ ယာဉ်ပေါ်တက်မောင်းလာတိုင်း ယာဉ်စည်းကမ်း ကို နားလည်သူတွေချည်း မဟုတ်ကြပါဘူး။ ပြဿနာတစ်ခုခုဖြစ်လာရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အရသာ အမှား၊ အမှန်ဆုံးဖြတ်မယ်ဆိုပေမဲ့ တကယ့်တကယ်ကျတော့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာကို သက်သေပြဖို့အတော်ခက်ပါတယ်။ သက်သေတွေရှိတယ်ဆိုဦးတော့ သက်သေခံဥပဒေအရ သက်သေခံဝင်တဲ့အထောက်အထားမျိုးဖြစ်နေဖို့ အတော်ခက်ပါတယ်။ ဖြစ်ပြီဆိုမှတော့ ရှင်ပေဦးတော့ပဲ။
တိုက်မိခိုက်မိကြပြီးမှ ရှင်းရလင်းရတာထက် မတိုက်မိမခိုက်မိဖို့ သတိကြီးကြီးထားပြီး မောင်းနှင် ကြရမှာပါ။ ယာဉ်စည်းကမ်းကို ကိုယ်တိုင်လိုက်နာနေရုံနဲ့မလုံလောက်ပါဘူး။ ကိုယ်သွားနေတဲ့လမ်းပေါ်က လူတွေ စည်းကမ်းလိုက်နာ၊ မလိုက်နာဆိုတာကိုပါ မောင်းနေရင်းစောင့်ကြည့်နေဖို့လိုပါတယ်။ မူးရူးပြီး လမ်းလုံးပြည့် ယိမ်းထိုးပြီးလာနေတဲ့သူကို ကိုယ့်ဘက်ကယာဉ်စည်းကမ်းနဲ့ညီနေတာပဲဆိုပြီး ဝင်တိုက်မိ သွားရင်တော့ မှန်တာ၊ မမှန်တာကနောက်ထား၊ လတ်တလောကတော့ ပြဿနာအကြီးကြီးနဲ့ ရင်ဆိုင်ရ တော့မှာပါ။
နောက်တစ်ချက်သတိထားရမှာကတော့ ကိုယ်ကိုယ်တိုင်မမူးမိဖို့ပါပဲ။ မူးရင်မမောင်းနဲ့၊ မောင်းရင် မမူးနဲ့ဆိုတဲ့စာတမ်းတွေ ကားအတော်များများမှာကပ်ထားကြပေမယ့် မူးရင်းမောင်းတဲ့သူတွေလည်း တော်တော်များပါတယ်။ “ဒီလောက်တော့ရပါတယ်၊ ရေချိန်တောင်မကိုက်သေးဘူး” ဆိုတာမျိုးနဲ့ နည်းနည်း ပါးပါးသောက်လိုက်တယ်၊ နည်းရာကတစ်ဆင့်များသွားတယ်။ များလာတော့ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်ပြီး တိုက်ခိုက်တိမ်းမှောက်တာတွေဖြစ်ကုန်တယ်။ ကိုယ်မောင်းတဲ့ကား မတော်တဆဖြစ်လို့ ကိုယ့်တစ်ယောက်တည်း ထိခိုက်ရှနာဖြစ်သွားတယ်ဆိုရင်တော်သေးတယ်။ ကိုယ့်အမှားကြောင့် တစ်ခြား လူတွေပါသေကြေကုန်မယ်၊ ဒဏ်ရာရကုန်မယ်ဆိုရင်တော့ တကယ်ကိုအဆင်မပြေတဲ့ကိစ္စလို့ ပြောရမှာပါ။ ဖြစ်ခဲ့တဲ့နမူနာတွေလည်း အများကြီးရှိခဲ့ကြပါပြီ။
တစ်ချို့ကားဆရာတွေကို “ဘယ်လိုလုပ်ပြီးမှောက်သွားတာလဲ”လို့မေးလိုက်ရင် “ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူးဗျာ” လို့ ပြောတာမျိုးရှိပါတယ်။ မူးနေလို့ မမှတ်မိတော့တာပါ။ အဓိကကတော့ သတိပါပဲ။ ဘဝတစ်လျှောက်လုံး သတိရှိရှိနဲ့မောင်းလာခဲ့တာပါပဲ၊ ဒီတစ်ချက်ကလေးကျမှ သတိလက်လွတ်ဖြစ်သွား လို့ပါလို့ ပြောချင်ပြောပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီတစ်ချက်ကလေးကြောင့် အသက်ပေါင်းများစွာဆုံးရှုံး သွားနိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။
မူးတော့မမူးဘူး၊ ဒါပေမဲ့ အိပ်ငိုက်မိသွားလို့ဆိုတာမျိုးလည်း ရှိပါတယ်။ နိုင်ငံအနှံ့ဘုရားဖူးလိုမျိုး ခရီးသွားကြတဲ့အခါ တစ်နေရာပြီးတစ်နေရာ ရောက်ချင်ဇောကများနေတယ်၊ မောင်းမောင်းမောင်း၊ ဒါပြီးတော့ ဟိုနေရာ၊ ဟိုနေရာပြီးတော့ နောက်တစ်နေရာ၊ ဆက်မောင်းဆက်မောင်း။ မောင်းတဲ့သူက ရှေ့ကမောင်း၊ နောက်ကခရီးသည်တွေကအိပ်လိုက်၊ အချိန်က ညအချိန်၊ လမ်းကကောင်း၊ ယာဉ်သွား ယာဉ်လာကနည်းဆိုတော့ စကားပြောဖော်ကလည်းမရှိတာနဲ့ ဆတ်ခနဲငိုက်မိသွားတာမျိုး၊ တစ်ချက်လေး အငိုက်မှာ ဒုက္ခရောက်သွားတတ်တာမျိုးတွေ ရှိခဲ့ပေါင်းများလှပါပြီ။ တစ်ချို့ဆို တစ်နေ့လုံးကုန်သွား တာတောင် တစ်ရေးတစ်မှေးလောက်ပဲအိပ်လိုက်ရပြီး မနားတမ်းဆက်တိုက်မောင်းရတာ သုံးလေးငါးရက် ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီတော့ မောင်းတဲ့သူကိုယ်တိုင်သာမက ခရီးသည်တွေကလည်း သတိရှိဖို့ လိုပါတယ်။ ကိုယ့်ကားကိုမောင်းနေတဲ့သူက အိပ်ရေးဝဝအိပ်ရရဲ့လား၊ မူးများမူးနေသလားဆိုတာမျိုးကို အကဲခတ်သင့်ပါတယ်။
ယာဉ်မောင်းတတ်ရုံ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကိုနားလည်ရုံနဲ့လည်း စိတ်ချလက်ချ မောင်းနိုင်ပြီလို့ပြောလို့မရသေးပါဘူး။ လမ်းရဲ့အခြေအနေကိုလည်း သိရသေးတာပါ။ ဘယ်ကနေသွားရင် ဘယ်ကိုရောက်တယ်ဆိုတာမျိုးကိုပြောတာမဟုတ်ပါဘူး။ ဒါလည်းအရေးတော့ကြီးပါတယ်။ လမ်းရဲ့ အနိမ့်အမြင့်အစောင်းအချိုင့်တွေကြားမှာ၊ ချောတတ်တဲ့နေရာတွေမှာ ဒုက္ခရောက်ကုန်ကြတာမျိုး ရှိတတ်ပါသေးတယ်။ ဘယ်လောက်မတ်စောက်တဲ့အတက်ကို ဘယ်ဂီယာနဲ့တက်ရမလဲ၊ ဘယ်လောက် ကုန်းဆင်းကို ဘယ်လိုဘရိတ်နင်းရမလဲ၊ ဘယ်အကွေ့လောက်ဆိုရင် ဘယ်လိုဆွဲကွေ့ရမလဲဆိုတာမျိုးတွေ၊ ချောက်တွေ၊ ကျင်းတွေ၊ ဗွက်တွေ၊ ခရောင်းတောတွေမှာ ဘယ်လိုရုန်းရမယ်ဆိုတာမျိုးတွေကိုလည်း နားလည်ရမှာပါ။
နောက်တစ်ခု အဓိကကျတဲ့အချက်ကတော့ ကိုယ်မောင်းတဲ့ယာဉ်အကြောင်း နားလည်ထားဖို့ပါပဲ။ မောင်းသာမောင်းနေတယ်၊ ဆီရေလေဝိုင်ရှိရဲ့လားမသိ၊ ဟိုနားဒီနားက အသံတွေမြည်နေတာ ဘာ့ကြောင့်မှန်းမသိ၊ ဆီပျောက်မီးပျောက်တွေလည်းမသိ၊ မသိတာတွေများပြီး တွန်းမောင်းနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ မောင်းတတ်ရုံသာရှိပြီး ကိုယ်မောင်းတဲ့ယာဉ်အကြောင်း နကန်းတစ်လုံးမှမသိရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ ဝပ်ရှော့ဆရာလို၊ စက်မှုပညာရှင်တွေလိုတက်မြောက်ကျွမ်းကျင် နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ နည်းနည်းပါးပါးတီးမိခေါက်မိလောက်တော့ ရှိရမယ်လို့သာ ဆိုလိုရင်းပါ။ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေမယ်ဆိုရင်တော့ တိုင်းထက်အလွန်ပေါ့လေ။
ယာဉ်အကြောင်း သိပ်မသိတာက ဝပ်ရှော့နဲ့အဆက်အသွယ်မပြတ်ဘဲ အချိန်မှန်ပြသစစ်ဆေးနေရင် အဆင်ပြေနိုင်ပါသေးတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေအကြောင်း၊ ယာဉ်ရဲ့ အလုပ်လုပ်ပုံ အကြောင်း၊ အခြေအနေမျိုးစုံမှာ တုံ့ပြန်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေအကြောင်း နားမလည်ရင်တော့ ယာဉ်တစ်စီးကို မမောင်းနှင်သင့်ပါဘူး။
မကျွမ်းကျင်သမျှ မမောင်းနှင်သင့်ပါဘူး။ မုဆိုးစိုင်သင်သဘောမျိုးနဲ့ စမ်းတဝါးဝါးမောင်းရင်း နှင်ရင်း တိုက်မိခိုက်မိကုန်ပြီး ကိုယ်သာမက ဘေးပတ်ဝန်းကျင်ကလူတွေ၊ ကိုယ်မောင်းတဲ့ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့သူတွေ ဒုက္ခရောက်ကုန်မှဖြင့် မခက်ပေဘူးလား။ ဆိုင်ကယ်လေးတစ်စီး တက်မောင်း၊ ဝေါခနဲထွက်သွားလို့ ‘ဘေးလည်းဖယ်ပါ၊ ကျုပ်လည်းကယ်ပါ’လုပ်ကြရတဲ့အဖြစ်မျိုး တွေ့ဖူးကြ မှာပါ။
ဒီနေရာမှာ ကားတစ်စီးနဲ့ပဲ ဥပမာတင်ခဲ့တာပါ။ မော်တော်ကားဆိုတာကမှ ကုန်းလမ်းပေါ်မှာပဲ မောင်းရတာမို့ နည်းနည်းတော်သေးတာပါ။ အတက်အဆင်း၊ ချောက်ကျင်း၊ ခလုတ်လောက်ပဲ ကြုံရတာမျိုး ပါ။ တကယ်လို့ ရေယာဉ်တစ်စင်း၊ လေယာဉ်တစ်စင်းကိုမောင်းနှင်ရပြီဆိုရင်တော့ ဒီထက်မကတဲ့ အခက်အခဲ တွေနဲ့ ကြုံရမှာမို့ ဒီ့ထက်မကတဲ့ ပညာတွေလိုတော့မှာပါ။ လှိုင်းရဲ့သဘော၊ လေရဲ့သဘော၊ ရေစီးရေလာရဲ့သဘော၊ ဆီးနှင်းမြူတိမ်ရဲ့သဘော၊ ရာသီဥတုရဲ့သဘော စသည်အားဖြင့် သဘောသဘာဝ တွေကို နားလည်နေမှသာ နိုင်နိုင်နင်းနင်းမောင်းနှင်နိုင်မှာပါ။
ဒီနေရာအထိတင်ပြခဲ့တာက ယာဉ်တွေကိုမောင်းနှင်တဲ့အကြောင်း၊ မောင်းနှင်တဲ့ယာဉ်မှန်သမျှရဲ့ သဘောသဘာဝတွေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို နားလည်ထားသင့်တဲ့အကြောင်းပါ။
တကယ်တော့ သက်မဲ့ဖြစ်တဲ့ယာဉ်ယန္တရားကို မောင်းနှင်တတ်အောင် လေ့ကျင့်ရတာကမှ သိပ်တော့ မခက်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက လီဗာ၊ အရှိန်မြှင့်တဲ့ကိရိယာဆိုရင် နင်းလိုက်တာနဲ့၊ တို့လိုက်တာနဲ့ အရှိန်ကမြင့်သွားမှာပဲ။ သူကဘရိတ်၊ အရှိန်ထိန်းတဲ့ကိရိယာဆိုရင် နင်းလိုက်တာနဲ့၊ တို့လိုက်တာနဲ့ အရှိန်ကနှေးသွားမှာပါပဲ။ လောင်စာဆီထည့်ရင်လည်ပတ်လို့ရမယ်၊ ဆီကုန်သွားရင် ရပ်သွားမယ်။ အင်ဂျင်ဝိုင်ထည့်ရင် စက်အပျက်သက်သာမယ်၊ အင်ဂျင်ဝိုင်ကျနေတာကိုမလဲရင်၊ နည်းနေတာကိုမဖြည့်ရင် စက်ပျက်လွယ်မယ်။ သူ့သဘောက ရိုးရှင်းပါတယ်။ ထုတ်လုပ်လိုက်တဲ့ ကုမ္ပဏီက ဒီစက်ပစ္စည်း ဒီယန္တရားကတော့ဖြင့် ဘယ်နှနှစ်လောက်အထိ အလုပ်လုပ်နိုင်ပါတယ်။ ဘယ်နှနှစ်လောက်အထိ သက်တမ်းရှိပါတယ်ဆိုရင် အဲ့ဒီဘောင်အတွင်းထဲကနေသာလုပ်၊ သိပ်အခက်အခဲ မရှိနိုင်ပါဘူး။ မောင်းနှင်သူမှာ ကျွမ်းကျင်မှုအတတ်ပညာအထိုက်အလျောက်ရှိနေရင် အဆင်ပြေပါပြီ။
သက်ရှိသတ္တဝါတွေဖြစ်တဲ့ လူသားတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ ယန္တရားတွေကို မောင်းနှင်ရတော့မယ့်နေရာရောက်ပြီဆိုရင်တော့ အတတ်ပညာသာမက အနုပညာပါလိုလာပါပြီ။ သက်မဲ့ယာဉ်ကိုမောင်းရတဲ့သူထက် ပိုပြီး နားလည်တတ်ကျွမ်းမှုတွေလိုအပ်နေမှာပါပဲ။ တဂျုံးဂျုံးမြည်လာတဲ့ စက်သံကို ဘယ်နားကဘာဖောက်နေတယ်ဆိုတာသိနိုင်ဖို့ အတတ်ပညာလိုသလို အဖွဲ့အစည်းဝင်တွေဆီက အသံဗလံလေးတွေတစွန်းတစကြားရရင် ဘာ့ကြောင့်ဒီအသံထွက်လာရတာလဲဆိုတာ ခံစားနားလည်နိုင်တဲ့ အနုပညာတွေ လိုအပ်နေမှာပါ။ ရပ်တဲ့ခလုတ်တွေ၊ မောင်းတဲ့ခလုတ်တွေ၊ အရှိန် မြှင့်တဲ့လီဗာတွေ၊ အရှိန်လျှော့တဲ့ဘရိတ်တွေ သီးသီးသန့်သန့်မပါတဲ့ ယန္တရားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်နိုင်ဖို့ အတွက်ဆိုရင်တော့ ထိုက်သင့်တဲ့အတွေ့အကြုံနဲ့ ဉာဏ်ပညာတော့ မဖြစ်မနေ လိုအပ်နေမှာပါ။
မောင်းနှင်ခြင်းအနုပညာဆိုတာ တကယ်ကိုသိမ်မွေ့နက်နဲတဲ့ပညာရပ်တစ်ခုလို့ပဲ ဆိုရမှာပါပဲလေ။
သိုက်စိုးထွန်း(နတ်ရွာ)
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ထုတ်
ရတနာပုံသတင်းစာ
Keep Reading