သင်္ကေတ
ဤဆောင်းပါးသည် လူငယ်များအတွက် အဓိကထား၍ ဖော်ပြသွားမည်ဖြစ်သည်။ သို့ဖြစ်၍ ခေါင်းစဥ်သည် ထူးခြားနေပါလိမ့်မည်။ ကျွန်မတို့ကို ကောင်းမွန်သော ပတ်ဝန်းကျင်မှာရှိသည့် ပညာတတ်လူကြီးတိုင်းသည် လူငယ်များအား စာဖတ်ကြရန် တိုက်တွန်းကြသည်။ ကျွန်မကိုယ်တိုင်လည်း တိုက်တွန်းခြင်းခံရဖူးသည်။ တိုက်တွန်းခြင်းခံရသော်လည်း အသက်ငယ်ရွယ်၍ မသိတတ်သေးသောကြောင့် တကယ်လိုက်၍ လိုက်နာပြီး စာမဖတ်ဖြစ်ခဲ့ပါ။ လူတိုင်း၏စိတ်သည် ဆန်းကြယ်လှသည်။ အကြောင်းအရာတစ်ခုခု သော်လည်းကောင်း၊ ပစ္စည်းတစ်ခုခုသော်လည်ကောင်း၊ မထိနှင့်၊မကိုင်နှင့်၊မလုပ်နှင့် ဆိုလျှင် ပို၍ပင် ထိုအရာများကို စမ်းချင်၊လုပ်ချင်သည့် သဘောများရှိသည်။
လူတိုင်းနီးပါးသည် တခြားသူများမှ မိမိတို့အတွက် ကောင်းစေမည့်အရာများ ပြောလျှင် လိုက်လုပ် ကျင့်သုံးသည်မှာ နည်းသည်။ကိုယ်တိုင် လေ့လာပြီးမှ လုပ်ဖြစ်သွားသည့်အရာများသည် ပိုများသည်။ ကျွန်မအနေနှင့်လည်း ကျွန်မဘေးနားမှာ ရှိသောလူများအားစာဖတ်ကြစေချင်သည်။ သို့ပေမဲ့ "စာဖတ်ကြ" ဟု ဘယ်သောအခါမှ ကျွန်မ မတိုက်တွန်းပါ။ သူတို့ စာဖတ်ချင်စိတ်များ ဖြစ်လာစေရန် အကြောင်းကိုတော့ ကျွန်မ လုပ်ဖြစ်သည်။ ထိုအရာမှာ ကျွန်မကိုယ်တိုင် စာဖတ်ပြ၍ စာဖတ်ခြင်းကြောင့် ကျွန်မအတွက် တိုးတက်လာသောအရာများကို ချပြခြင်းပင် ဖြစ်သည်။ ထိုအခါ လူတချိူ့သည် "သူပြိုင်ကိုယ်ပြိုင် တိုးတက်ရန်" စာဖတ်တတ်လာကြသည်။ ကျွန်မ၏နည်းစနစ်သည် ထိရောက်သည်ဟု ကျွန်မမြင်မိသည်။ စာဖတ်ရင်း အလေ့အကျင့်ရသွားလျှင် နေ့စဥ်လုပ်နေသည့်အရာများထဲ၌ တစ်ခုအပါအဝင်ဖြစ်လာမည် ဖြစ်သည်။ ဆရာဇေယျ၏ စာဖတ်ခြင်းအလေ့ သုတဆောင်းပါး ၌လည်း ဖော်ပြထားပေသည်။ မည်သည့်အရာမဆို စလုံးရေစ စာလုံးနှင့်ပင် စလုပ်သင့်သည်။
စာဖတ်ကြဟု ပြောကြသည်၊ အဘယ်ကြောင့် စာဖတ်ရန် တိုက်တွန်းကြသလဲ ဟု စဥ်းစားမိဖူးပါသလား။
အကြောင်းမဲ့ဖြင့် တိုက်တွန်းပြောကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် စာဖတ်ခြင်းသည် ကျွန်မတို့ဘဝအတွက် ဧကန်တိုးတက်လာစေခြင်းအကျိုးကို ဖြစ်စေသည်။ တိုးတက်သောနိုင်ငံရှိ လူတိုင်းသည် စာဖတ်ကြသည်။ စာဖတ်ကြသောလူတိုင်းသည် တိုးတက်ကြသည်။ ထို့ကြောင့် “စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးသည် စာဖတ်ကြလေသည်” ဟူ၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဦးသန့် ပြောကြားခဲ့သောအဆိုအမိန့်သည် ထင်ရှားလှပါသည်။ ပထမဦးစွာ စာစမဖတ်ဖူးသေးသော လူများ နေဖြင့် စာဖတ်ခြင်းကို အပျင်းပြေစေရန်၊ ဗဟုသုတရစေရန် စိတ်ထား၍ စဖတ်သင့်သည်။ သို့မဟုတ် စာဖတ်သက်ရင့်သောသူများ ညွှန်းပေးသော စာများကို စမ်းဖတ်ကြည့်သင့်သည်။ နောက်မှ တဖြည်းဖြည်း စာဖတ်ခြင်းအဆင့်များကို မြင့်လာအောင် ပြုလုပ်သင့်သည်။
"စာဖတ်လိုက်ပါပြီရဲ့" ကိုယ်ဖတ်လိုက်သည့် စာအကြောင်းအရာများကို ကိုယ့်ဦးနှောက်ထဲ၌ မှတ်မိ၍မနေဘူး၊ ထိုသည်မှာ ကိုယ်တစ်ယောက်ထဲပဲလား။
မဟုတ်ပါ။ စာဖတ်ကြသည့်လူတိုင်း ဖြစ်ကြသည့် အရာတစ်ခုဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ကျွန်မ Facebook post တစ်ခုမှာ ပုံပြင်တစ်ပုဒ်ဖတ်ဖူးသည်၊ ပုံပြင်ထဲ၌ အဘိုးအိုနှင့် မြေးငယ်တို့ ပြောထားသည်မှာ စာဖတ်တွေဖတ်နေသော်လည်း မေ့သွားမယ့်အတူတူ ဘာလို့ဖတ်နေတာလဲလို့ မေးထားခြင်း ဖြစ်သည်။ ထိုအခါ အဘိုးအိုမှ မြေးငယ်အား ဥပမာတစ်ခုနှင့် ပြန်ပြောပြထားသည်။ အကျဥ်းချုပ်လျှင် အဘိုးအိုသည် မြေးငယ်အား "ဇကာအပေါက်ပါတဲ့ ခြင်းကြားလေးနဲ့ ရေခပ်ခိုင်းတာပါ၊ အဲ့ခြင်းကြားလေးက မီးသွေးတွေထည့်ထားလို့ ပေနေတဲ့ ခြင်းကြားပါ၊ ခြင်းကအပေါက်တွေနဲ့ဆိုတော့ ရေခပ်တိုင်း ရေမပါလာဘူး၊ ဒါပေမဲ့ ခပ်လိုက်ပြီးတိုင်း ခြင်းမှာပေနေတဲ့ မီးသွေးတွေကတော့ သန့်စင်သွားတယ်။" ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ စာဖတ်ခြင်းဆိုသည်မှာလည်း ထိုနည်းတူပါ၊ ဖတ်လိုက်တိုင်း အကုန်မမှတ်မိနေပေမဲ့ ကျွန်မတို့ရဲ့ စိတ်ဝိညာဥ်နဲ့ ဦးနှောက်ကို တစ်ခါဖတ်ပြီးတိုင်း ဖတ်လိုက်သော အကြောင်းအရာပေါ်မူတည်ပြီး သန့်ရှင်းကြည်လင်စေ၍ ဗဟုသုတရစေသည်။ ကျွန်မတို့ ဖတ်လိုက်သည့် စာများ ဖတ်ပြီး မေ့သွားပါစေ။ ဆက်ဖတ်ရမှာ ကျွန်မတို့ အလုပ်ပါ။ ကျွန်မတို့ ဖတ်လိုက်သည့် အကြောင်းအရာများသည် ကျွန်မတို့နေ့စဥ်ဘဝ၏ တစ်ထောင့်တစ်နေရာ၌ ပြန်လည်ပါဝင်လာသည်ကို ကျွန်မပြောရဲသည်။ အကြောင်းအရာတိုက်ဆိုင်သောအခါ၌လည်း ဖတ်ထားသည့်အရာများကို ပြန်လည်အသုံးချနိုင်လာပေသည်။ ဤသည်ပင် လက်တွေ့အကျိုးကျေးဇူးတစ်ခု ဖြစ်သည်။
စာဖတ်ခြင်းသည် ကျွန်မတို့ ဘဝကို တကယ်တိုးတက်စေတာလား။
ဒီအချက်ကို မယုံကြည်လျှင်လိုက်လုပ်ကြည့်၊ အနည်းဆုံး စာမဖတ်သောလူတစ်ယောက်ထက် မင်းပိုသာစေရမည်။ ဤအချက်ကို ယုံကြည်လျှင်ဆက်လက်ကျင့်သုံး၊ တစ်နေ့သေချာပေါက် မင်းအောင်မြင်လာလိမ့်မည်မှာ မုချဖြစ်သည်။ ကျွန်မတို့စာမဖတ်၊ပညာမတတ်လျှင် အရာရာကို ငွေနှင့်ရနိုင်သည်(ဝယ်နိုင်သည်)ဟူသော အချက်ကြီးသည် လွှမ်းမိုးလာမည်။ ကျွန်မတို့ လူသားအတိုင်းအနေဖြင့် ငွေကြေး၊ပစ္စည်း ဥစ္စာများသည်သာ ဆင်းရဲနေပါစေ။ ပညာ၊ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာနာမှု စသည့်အရာများ ဆင်းရဲမနေစေရန် အမြဲဖြည့်ဆည်းနေရန်လိုသည်။ ထိုကြောင့် ကျွန်မ၏ခေါင်းစဥ်အတိုင်း “ပြောင်းပြန်လိုက်လုပ်ကြပါ” ဟုရေးသားတင်ပြလိုက်ပါတော့သည်။
စာဖတ်သူများအား ထာဝစဉ်လေးစားလျက်...
ဤစာကိုဖတ်ပြီး၍ ဦးနှောက်ထဲ၊ရင်ထဲ၌ တစ်ခုခုကျန်လျှင် စာရေးသူကျေနပ်အံ့။
Feedback ပေး၍ ထောက်ပြလိုပါက
@Daffo0918
ကျွန်မ၏ စာများဖတ်ရန်နှင့် အထွေထွေဗဟုသုတရစေရန် ကျွန်မ၏ ကိုယ်ပိုင် Telegram Channel ကို join ထားနိုင်ပါကြောင်း။
https://t.me/My_Collections_Channel
Sep 2 Monday 2024
4:00PM @Ag #သင်္ကေတ
Keep Reading