Nicolette

"ခေါင်းပြတ် မြင်းစီးသမားက ညဘက်ဆို လျှောက်သွားနေတာတဲ့"
တစ်ခါတုန်းက အမေရိကန်နိုင်ငံမှာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ စလစ်ပီ ဟိုးလိုး (Sleepy Hollow) လို့ ခေါ်တဲ့ မြို့ငယ်လေးကို လူငယ်ကျောင်းဆရာ အစ်ဂါဘုတ် ခရိန်း ပြောင်းရွေ့လာခဲ့တယ်။
ခရိန်းက ပိန်ပိန် သွယ်သွယ် အရပ်မြင့်မြင့် ရိုးသား ရည်မွန်တဲ့ ကျောင်းဆရာ တစ်ယောက်ပေါ့။ သူ့ရဲ့ အားနည်းချက်က သရဲတစ္ဆေတွေကို သိပ်ကြောက်တတ်တာပဲ။
ကျောင်းက ကလေးလေးတွေနဲ့ မြို့နေလူထုက ခရိန်းကို အထင်ကြီး ချစ်ခင်ကြတယ်။ မြို့ထဲက မိန်းမပျို အတော်များများကလဲ ခရိန်းကို အထာပေးကြတယ်။
ဒါပေမယ့် ခရိန်း ချစ်တာက ကတ်ထရီနာ ကိုပဲ။ ကတ်ထရီနာက မြို့မျက်နှာဖုံး လူချမ်းသာကြီးရဲ့ သမီး။ မြို့မှာ အချောအလှဆုံးလေး။
ကတ်ထရီနာကို ခရိန်း ကြိုက်နေတယ်ဆိုတဲ့ သတင်းကြောင့် မြို့ထဲက လူငယ်တစ်ချို့ ခရိန်းကို မုန်းကုန်ကြတယ်။ သူတို့လဲ ကတ်ထရီနာကို ကြိုက်ကြတာကိုး။
အဲ့ထဲမှာ ခရိန်းကို အမုန်းဆုံးကတော့ ဘရွန်းဆိုတဲ့ ကောင်လေးပဲ။ သူကလဲ မြို့က လူချမ်းသာတစ်ယောက်ရဲ့ သား။
မြင်းစီးလဲတော် ရုပ်ကလဲ ဖြောင့်တာကြောင့် မြို့က မိန်းမပျိုလေးတွေကြား ရေပန်းစားတယ်။
ခရိန်းသာ ဒီမြို့ကို ရောက်မလာခဲ့ရင် ကတ်ထရီနာကို ပြိုင်ဘက်မရှိ ဘရွန်းပဲရမှာကိုး။
ခုတော့ ခရိန်းနဲ့ ယှဉ်လုရတော့မယ်။ ဘရွန်းက ခရိန်းကို သိပ်မုန်းတာပေါ့။
တစ်ညမှာတော့ ကတ်ထရီနာရဲ့ ဖခင်သူဌေးကြီးက သူ့အိမ်မှာ ပါတီတစ်ခုလုပ်တယ်။ မြို့ထဲက လူတော်တော်များများကိုလဲ ဖိတ်ထားတယ်။
ဖိတ်ထားတဲ့ထဲမှာ ခရိန်းနဲ့ ဘရွန်းလဲ ပါတယ်။ သူဌေးကြီးက သူတို့နှစ်ယောက်ကို အကဲခတ်ပြီး သမက်ရွေးချင်လို့ ဒီပွဲကို လုပ်တာလို့ မြို့ထဲမှာ သတင်းပြန့်ကုန်တယ်။
ပါတီပွဲမှာတော့ ကတ်ထရီနာက ခရိန်းကို အရေးအပေးဆုံးပဲ။
ဘရွန်းတစ်ယောက် စိတ်ညစ်နေပေမယ့် ဟန်ဆောင်ပြီး ပါတီမှာ သရဲပုံပြင်တွေ အာဘောင်အာရင်းသန်သန်နဲ့ ပြောပြနေတယ်။
ပါတီပွဲက လူတော်တော်များများလဲ သရဲအကြောင်းတွေ ပြောကြတယ်။ စလစ်ပီ ဟိုးလိုးမြို့က သရဲပုံပြင်တွေကြောင့် ကျော်ကြားတယ်လေ။
မြို့ထဲမှာ သရဲအခြောက်မခံရဘူးတဲ့သူ မရှိသလောက်ပဲ။
ပြောကြတဲ့ ပုံပြင်တွေထဲမှာမှ ခရိန်း အကြောက်ဆုံးက မြင်းစီးတစ္ဆေပဲ။
သူက တကယ့် ဖြစ်ရပ်မှန်ကြီးလေ။ သူ့အုပ်ဂူတောင် မြို့ထဲမှာရှိသေးတယ်။
ဖြစ်ပုံက ဒီလို။ ဗြိတိသျှတွေ အမေရိကန်ကို ဝင်သိမ်းတုန်းက မြို့ထဲက သူရဲကောင်း လူငယ်တွေက ပြန်တော်လှန်ကြတယ်။
မြင်းစီးတစ္ဆေက လူ့ဘဝတုန်းက အလွန်တော်တဲ့ မြင်းစီးစစ်သည်။
ကံမကောင်းရှာတော့ ဗြိတိသျှတွေ ပစ်လိုက်တဲ့ အမြှောက်ဆံက သူ့ခေါင်းကို တည့်တည့်မှန်ပြီး ခေါင်းပြတ်သွားတာတဲ့။
ပြတ်သွားတဲ့ခေါင်းတောင် ပြန်ရှာမတွေ့ကြဘူး။ ဒီတိုင်း မြှုပ်လိုက်ရတယ်။
ညဘက်တွေမှာ မြင်းစီးတစ္ဆေက ဖရုံသီးမီးအိမ်ကြီးကို ကိုင်ပြီး သူ့ခေါင်းကို ထွက်ရှာတတ်တယ်။ သူနဲ့ တွေ့တဲ့သူတွေကိုလဲ တမလွန်ကိုခေါ်သွားရောတဲ့။
ပါတီကနေ ပြန်လာတဲ့ညမှာ မြင်းစီးတစ္ဆေဟာ ခရိန်းရဲ့ ခေါင်းထဲကနေ ထွက်မသွားပါဘူး။
ခရိန်းဟာ မြင်းစီးလာရင်းတောက်လျှောက် ကြောက်လန့်နေရရှာတယ်။
ဖြစ်ချင်တော့ သူ့အိမ်ကလဲ ဘယ်သူနဲ့မှ လမ်းမတူတဲ့ ကျောင်းဘက်မှာ ဖြစ်နေတော့ တစ်ယောက်ထဲ ပြန်ရတယ်။
သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ တံတားနားအရောက်မှာတော့ အမှောင်ထဲက အရိပ်တစ်ခုဟာ ခရိန်းနောက်ကို လိုက်လာပါတော့တယ်။
ခရိန်းလဲ မြင်းကို အသားကုန်စီးပြီး ထွက်ပြေးတော့တာပေါ့။
ဆက်တိုက် သည်းကြီး မည်းကြီး လိုက်လာတဲ့ အရိပ်ကို ခရိန်း လှည့်ကြည့်လိုက်တဲ့ အခါမှာ လရောင်အောက်က အရိပ်ကြီးက မြင်းနက်ကြီးကို စီးပြီး ခေါင်းလဲ မပါဘူးတဲ့။
ဒါနဲ့ ခရိန်းလဲ ကြောက်အား လန့်အားတဲ့ အော်ဟစ်ပါတော့တယ်။ မြင်းဟီသံ အကျယ်ကြီးကိုလဲ မြို့ကလူတွေကြားလိုက်ရတယ်။
လူတွေ ထွက်ကြည့်တော့ ခရိန်းကို မတွေ့ရတော့ဘူး။
နောက်တစ်နေ့ မနက်မှာတော့ ခရိန်းရဲ့ မြင်းဟာ ကျောင်းနားမှာရှိတဲ့ သူ့အိမ်ကို ပြန်ရောက်နေပြီ။
ခရိန်းကိုတော့ လုံးဝ ရှာမတွေ့တော့ပါဘူး။
တချို့ပြောကြတာကတော့ မြင်းစီးတစ္ဆေက ခရိန်းကို တမလွန်ခေါ်သွားတာတဲ့။
တချို့ကျတော့ ဘရွန်းက မြင်းစီးတစ္ဆေ ဟန် ဆောင်ပြီး ခရိန်းကို ထွက်ပြေးအောင် ခြောက်လှန့်လိုက်တာလို့ ပြောကြတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ခရိန်း ပြန်မလာတော့ပါဘူး။
ကျောင်းက ကလေးတွေကတော့ ခရိန်းရဲ့ ဝိညာဉ်ဟာ သူ့အိမ်မှာ ခြောက်လှန့်နေထိုင်နေတယ်လို့ ပြောကြတယ်။
The Legend of Sleepy Hollow ဟာ ၁၈၁၉ ခုနှစ်မှာ အမေရိကန် စာရေးဆရာ Washington Irving က အင်္ဂလန်မှာ နေထိုင်နေတုန်း ရေးသားခဲ့တဲ့ ဝတ္ထုတိုလေး ဖြစ်ပါတယ်။
The Sketch Book of Geoffrey Crayon, Gent လို့ခေါ်တဲ့ ဝတ္ထုတိုလေးတွေ စုစည်းထားတဲ့ စာအုပ်ထဲမှာ ဝတ္ထုတို တစ်ပုဒ်အနေနဲ့ ပါဝင် ထုတ်ဝေခဲ့ပါတယ်။
The Legend of Sleepy Hollow ကို အခုချိန်ထိ ရုပ်ပြတွေ ရုပ်ရှင်တွေ ပုံပြင်တွေထဲမှာ အမျိုးမျိုး ပြောင်းလဲ တင်ဆက်နေကြတုန်းပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း 200 ကျော် လောက် ရေးသားခဲ့တဲ့ ၀တ္ထုတို ဖြစ်တာကြောင့် The Legend of Sleepy Hollow ရဲ့ ရေးသားဟန်ဟာ အလွန်ပဲ ရှေးဆန်ပါတယ်။
The Legend of Sleepy Hollow မူရင်း English စာအုပ်ကို အောက်ပါ Telegram Channel မှာ အခမဲ့ ရယူနိုင်ပါတယ်။
https://t.me/+fDx3Hhe9OWoyZmY1
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading