Author's Profile Photo

Youth’s Book Reflections

3/09/2024

ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား-မိုးမိုး(အင်းလျား)

1 min read
Book Review
Education
General Knowledge
ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား-မိုးမိုး(အင်းလျား)'s photo

~~~~~~~~~~~~~~~~~~~~~~~~~~~~
ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား တဲ့…

ဝတ္ထုထဲက ညီမလေး ‘စု’ ကိုးကွယ်ခဲ့တဲ့ အချစ်ဆိုတာ ဘယ်လိုအချစ်မျိုးလဲ။ ‘စု’ကိုးကွယ်တဲ့အချစ်ဆိုတာ ဘယ်အရာလဲ။မိဘအပေါ်ထားတဲ့မေတ္တာလား၊ မောင်နှမသံယောဇဥ်လား၊ ချစ်သူရည်းစားအချစ်မျိုးလား၊ သူငယ်ချင်းအချင်းချင်း မိတ်ဆွေအချင်းချင်းကြားက မေတ္တာမျိုးလား။

တက္ကသိုလ်ဘုန်းနိုင်ရဲ့စာထဲကလိုပြောရရင် ချစ်သူနဲ့ ချစ်နိုင်သူရယ်ရှိသလိုပဲ။ချစ်နိုင်သူကို ရွေးချယ်ခဲ့တဲ့ `စု’ ဟာ အချစ်အကြောင်းသေချာသိဖို့တန်ရာတန်ကြေးပေးပြီးမှ သိခွင့်ရလိုက်တယ်။

စိတ်ကစားတတ်တဲ့အရွယ် ၁၅-၁၆ မှာ အချစ်ဆိုတာ ဘာလဲ စူးစမ်းချင်လာတဲ့ `စု’အတွက် အချစ်ဝတ္ထုတွေဟာ အဖေတို့ အကြီးတို့ ပိတ်ဆို့မှုကြားကနေ စိမ့်ထွက်လာပြီး သင်ဆရာမြင်ဆရာဖြစ်ခဲ့တယ်။ ဗေဒါပန်းကို မွေးကတည်းကမမြင်ဖူးရှာတဲ့ `စု’ ဟာ ဝတ္ထုထဲက စာသားအလှမှာ မိန်းမောပြီး နှင်းဆီတို့လို ဂုဏ်ဒြပ်ကြီးတဲ့ပန်းထက် တန်ဖိုးအထားမခံရတဲ့ အပယ်ခံ ဗေဒါပန်းမျိုးကိုမှ သနားချစ်ချစ်တတ်လာတယ်။

လက်တွဲဖော်ရှာကြတဲ့အခါ တချို့က ဦးနှောက်နဲ့ဆုံးဖြတ်ကြတယ်။တချို့ကတော့ နှလုံးသားနဲ့ရင်းပစ်ကြတယ်။ အဆုံးသတ်တွေကတော့ တစ်ဖက်စွန်းရောက်တိုင်း အဆိုးနဲ့ကြုံရမှာပဲ။ ရင်ဘတ်ကြီးနဲ့ချစ်တတ်ရုံနဲ့ သာယာကောင်းမွန်တဲ့ ကာလတွေကို မဖန်တီးနိုင်သလို ဦးနှောက်နဲ့တွက်ချက်လွန်းရင်လည်း အသက်မပါတဲ့ဆက်ဆံရေးဖြစ်မယ်။ဒါကြောင့်လည်း ဘက်ညီဖို့ကလိုတာပဲလေ။

အဆင့်အတန်းကွာခြားချက်ထက် စိတ်ကူးနဲ့လက်တွေ့ တကယ်တမ်း ထပ်တူမကျတဲ့အခါ ပိုရုန်းကန်ကြရတယ်။ အေးအတူပူအမျှအချစ်တွေကလည်း ထာဝရမလတ်ဆတ်နေနိုင်တော့ဘူး မြန်မြန်အိုမင်းလာပြီး ပျက်စီးသွားတယ်။ကျန်ခဲ့တာတော့ ကြီးကြီးမားမားဆိုလို့နောင်တတွေပေါ့။

ဆိုးသွမ်းနေတဲ့ လူတစ်ယောက်ကို ပြင်ပေးဖို့ကြိုးစားချင်တယ်၊ငါသာဆို ပြင်ပေးနိုင်မှာ၊သူ့ဘဝကောင်းအောင် ငါ လုပ်ကြည့်ချင်တယ်ဆိုတာမျိုးကလည်း မဖြစ်နိုင်တဲ့အရာပါပဲ။ ကိုယ့်အကျင့်ဆိုးတွေတောင် မပယ်နိုင်သေးတာ ကိုယ့်ကိုယ်ကိုတောင် အစိုးမရတာ တခြားသူဘဝကို ပြောင်းလဲပစ်မယ်ဆိုတာက ကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ မပြည့်ဝနိုင်ဘူး။သူကိုယ်တိုင် လိုလိုလားလားရှိမှ သူ့ဆန္ဒနဲ့ပေါင်းစပ်မှသာ ဖြစ်မယ်။ဒါပေမယ့်လည်း ဖြစ်ခဲမှန်းသိလျက် မျှော်လင့်ချက်လေးတော့ ထားထားတတ်ကြတယ်။

လူ(သို့)ပတ်ဝန်းကျင်ကိုပြောင်းလဲကြည့်ချင်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။ပထမအရွယ် ပညာရှာချိန် ရွယ်တူတွေ တစ်လမ်းတည်းလျှောက်နေချိန်မှာ သူ့မှာတော့ လမ်းအချိုးအကွေ့တွေ အတားအဆီးတွေနဲ့ တွားသွားနေရတယ်။ ဒီယုန်မြင်ရင်တော့ ဒီချုံဘယ်ထွင်မိပါ့မလဲ။ လုပ်ခဲ့ပြီးမှတော့ ပြင်မရတဲ့အခြေအနေရောက်လာပြီ။ အဲ့လို ဖြစ်လာတော့ ‘စု’ က ဘဝကို ဘယ်လိုရင်ဆိုင်သွားမယ်ထင်သလဲ။ ငယ်စဉ်ကတည်းက အဖေ့ရဲ့လက်အောက်မှာ ကြီးလာရတဲ့ သမီးထွေးလေး၊ တစ်အိမ်လုံးအချစ်တော်လေးက ဒီဝန်ထုပ်ဝန်ပိုးကြီးတွေကို ဘယ်လိုနည်းသုံးသွားမလဲ။

စိတ်မောလူမောနဲ့ကို ဖတ်ရမယ့် စာအုပ်ကောင်းပါ။ ဘဝသင်ခန်းစာတွေကို တန်ဖိုးကြီးကြီးပေးမဝယ်ရအောင်လို့ ဖတိသင့်တယ်လို့ဆိုချင်ပါတယ်ဗျာ။အပျော်ဖတ်ဝတ္ထုဆိုတဲ့အဆင့်ထက်သာပါတယ်။လူငယ်ပီပီ မှားတတ်ကြမှာပဲ။သင်ခန်းစာအတွေ့အကြုံတွေရဖို့ ပေးဆပ်ရတာတွေရှိတယ်။အသိတစ်ခုအတွက် တန်ဖိုးမတန်တဆပေးလိုက်ရတဲ့သူတွေ ရှိသလို သက်သာ ညှာတာစွာနဲ့ ဘဝသင်ခန်းစာတွေ ရသွားကြသူတွေရှိတယ်။ဒီတော့ ဒီစာအုပ်ကတဆင့် ပေးချင်တဲ့ မက်ဆေ့ချ်တွေကို မလွတ်တမ်း အရယူနိုင်ဖို့ အထူးသဖြင့် တစ်ဆယ်ကျော်ငါးနှစ်ပတ်လည် တို့ကို တိုက်တွန်းလိုက်ပါတယ်ဗျာ။

Rating-⭐️⭐️⭐️⭐️⭐️
#လမင်းကိုထရံပေါက်မှကြည့်ခြင်း #bookreview #မိုးမိုး(အင်းလျား)

Keep Reading

တစ်ကျွန်းစံ၏အပြန်လမ်းအသပြာလုလင်ညပျူတွေ ဘယ်ပျောက်သွားသလဲဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) စာအုပ်လား ရုပ်ရှင်လားကိုယ့်အလှ ဘဝငွေလမင်း - တက္ကသိုလ် ဘုန်းနိုင်𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၁၁-၁၅)