ဆွေ (မန္တလေး)
မန္တလေးမြို့မှ မိသားစု ကားလေးတစ်စီး အရှိန်တင်၍ မောင်းနှင်လာခဲ့သည်။ သူတို့အသုံးပြုနေသော အဝေးပြေးလမ်းမကြီးမှာ ရန်ကုန် - မန္တလေး နာမည်ကြီး အမြန်လမ်းမကြီး ဖြစ်ပါသည်။
ခေတ်ကာလသည် မကောင်းသဖြင့် မန္တလေးမှ နေပြည်တော်သို့ ပြောင်းရွှေ့နေထိုင်ရန် လိုအပ်သည့် နေရာထိုင်ခင်း အိမ်တန်ဆောင် တစ်ခုအား မိသားစုဝင် ၃ယောက်သာရှိသည့် မိသားစုတစ်စုအတွက် ငှားရမ်းရန် သွားရောက်ကြည့်ရှုကြခြင်းဖြစ်ပါသည်။
လူကြီးတို့ သဘောသဘာဝအရ ငါတို့ ငယ်ငယ်တုန်းကလေ၊ အဘိုးတို့ ငယ်ငယ်တုန်းကလေ၊ အမေတို့ ငယ်ငယ်တုန်းကလေလို့ ဒီလိုစကားအလှလေး အစချီပြီဆိုရင် လူငယ်တိုင်းသိကြပါပြီ။ ပြီးရင်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတော့မည်။
ရယ်စရာ မောစရာများဖြစ်သလို အတုယူစရာများလည်းပါတတ်၏။ တခါတလေ ဒီဘက်ခေတ်မှာ မကြားဖူးသော စကားလုံး အသုံးနှုန်းများ၊ ခေတ်ကာလအခြေနေ ငွေရေး ကြေးရေး ခေါ်ဝေါ်သုံးစွဲတတ်ကြပုံတွေကိုပါ ကြားရတတ်သည်။
မသိတတ်ခင်ငယ်ငယ်ကတော့ နားမလည်သည်များကို နားမထောင်တတ်သော်လည်း အသက် ၂၅နှစ်ကျော်အရွယ်ကတော့ ကြားဝင်ပြောလို့ရသည့် အရွယ်ပင်ဖြစ်လာနေပါသည်။
ယခုလို စကားဝိုင်းမျိုးသည် ညအခါလူကြီးတွေ စုံကြလေ့ရှိသည့်အချိန် (သို့မဟုတ်) ဆွေမျိုးတွေ စုံကြသည့် အလှူကြီးအခါကြီးလုပ်ကြမည့် ညအချိန်များ၊ ဆွေမျိုးအစုံခရီးထွက်သည့်အချိန်မျိုးများ၌သာ နားထောင်ရသည့် စကားဝိုင်းမျိုးဖြစ်ပါသည်။
သို့ပေသည့် ယခုအသည်းသန် ခရီးအပြေးလွှားသွားရင်း လမ်းခရီးမောင်းသည့် ကားမောင်းသမား အိပ်မငိုက်စေရန် ပြောကြ ဆိုကြသည့် စကားဝိုင်းကမူ တမူထူးခြားနေသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်မ မိခင်သည် မွန်လူမျိုးဖြစ်ပါလျက် မွန်တို့ငှာနေ မော်လမြိုင်၊ သထုံ၊ သံဖြူဇရပ် စသည့် မွန်လူမျိုးတို့ တည်ရှိရာ နေရာဒေသမှာကြီးပြင်းခဲ့ရသူမဟုတ်ချေ။
မွေးရပ်ဇာတိကား တနင်္သာရီကျွန်းစု အတွင်းရှိ မလိကျွန်းဟုခေါ်သည့် ကျွန်းတစ်ကျွန်းမှာ ကျွန်းသူအဖြစ်မွေးဖွားလာခဲ့သည်။ ကြီးပြင်းသည့်အရပ်ဒေသမှာမူ သူမ၏မွေးရပ်ဇာတိ မလိကျွန်းမှာ မဟုတ်။ ဇွဲကပင်အခြေပြု ကရင်လူမျိုးတို့ တည်ရှိရာ ကရင်ပြည်နယ်ထဲရှိ မွန်ရွာ တစ်ရွာ၌သာ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်မ မိခင်စီကမူ ကြားရသည်မှာ မွန်ဓလေ့တို့အကြောင်းနှင့် သူတို့ငယ်စဉ်က ဖြတ်သန်းခဲ့ရသည့် အရေးခင်းများအကြောင်း နားနှင့် မဆန့်အောင်ပင် ကျွန်မကြားဖူးခဲ့ပြီ။
ထို့အတူ စာရေးသူ၏ ဖခင်စီကမူ ကြားရသည်များက စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း၊ ဆွေမျိုး ရပ်ဆွေတို့၏ အခြေနေများအကြောင်းနှင့် ငယ်စဉ်က သူ့သူငယ်ချင်းများနှင့် ဆိုးခဲ့ပေခဲ့ကြသည့် ဇာတ်လမ်းများဟာလည်း ထပ်နေပါလျက် အထပ်ထပ်အခါခါ နားထောင်ချင်စေချင်သည့် ဇာတ်လမ်းများပင်ဖြစ်ပေသည်။
ဟုတ်၏၊ မဟုတ်၏၊ အသာထား စာရေးသူ၏ ဖခင်သည် စီးပွားရေးသမားပီပီ ဟာသနှောကာ ပြောတတ်ဆိုတတ်သောကြောင့် စကားလုံးအသစ် အသစ်များနှင့်ပင် နားထောင်၍ ကောင်းနေဆဲဖြစ်သည်။
ထိုသို့ ကြီးပြင်းခဲ့ရသည့် ပတ်ဝန်းကျင်၊ နေရာ၊ ဒေသများနှင့် ဓလေ့များ မတူညီကြသောကြောင့် သူတို့၏အတွေ့အကြုံ၊ ကြုံဆုံခဲ့ကြသည်များနှင့် ဖြေရှင်းခဲ့ကြပုံများမှာလည်း မတူညီကွဲပြားခြားနားကြသောကြောင့် မှတ်သားစရာကောင်းလှပါသည်။
လာပါပြီ။ မင်းသားကြီး။ စာရေးသူက မင်းသားကြီးဟု တင်စားလိုက်သည်မှာ ယခု "နွားသူခိုး" ဟူသည့် ဇာတ်လမ်းသည် သူ့နှုတ်မှ သူ့ငယ်ဘဝတွင် မြင်ခဲ့ကြားခဲ့ရသမျှကို ခရီးတိုအတွင်း ဖောက်သည်ချမှုမှတစ်ဆင့် ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။
၁၉၈၀ - ၁၉၉၀ ဝန်းကျင်၌ ကားမောင်းသည့် ဦးကြီးတို့၏ ငယ်စဉ်က ကြီးပြင်းခဲ့ရသည်မှာ မဖွံ့ဖြိုးသည့် ကျေးရွာဒေသများတွင်ဖြစ်၏။ သူတို့ခေတ် သူတို့အခါ၌ ကျေးလက်ဒေသများတွင် တရားအစိုးမရသဖြင့် ခိုးဆိုးလုနှိုက်များ သောင်းကျန်းသည့်အချိန်ဖြစ်ပေ၏။
မည်ကဲ့သို့ပင် ဆိုးသနည်းဟု မေးရမှာတွင် ၎င်းတို့၏ ကျေးရွာအိမ်မှာ၌ ထိတ်တုံး ကိုယ်စီရှိကြသည်အထိ ဖြစ်သည်။ ထိတ်တုံးဟူသည် ကျွန်မမြင်ဖူး ဖတ်ဖူးခဲ့သည်မှာ တွပ်ပီ ကာတွန်းစာအုပ်ထဲ၌ သူကြီးအိမ်တွင် တွေ့ဖူးနေကြဖြစ်၍ မထူးဆန်းတော့ချေ။
ထူးဆန်းသည်မှာ နွားများနှင့် နွားသူခိုးများအကြောင်းသာ ဖြစ်၏။ နွားများကား ချမ်းသာသည့် အိမ်များ၌ အဓိကမွေးမြူသည့် အားကိုးအားထားရသော တိရစ္ဆာန်များဖြစ်၏။ တစ်အိမ်၊ တစ်အိမ်တွင် အနည်းဆုံး မရှိလျှင် နွားအကောင်ရေ ၄၀ - ၅၀လောက်ရှိ၏။ တချို့အိမ်ကြီးမှာတွင် ရာကျော်ပိုင်ဆိုင်ကြ၏။
၎င်းနွားအုပ်တွင်များလည်း တစ်အုပ်စုစီတွင် ခေါင်းဆောင်သည့် နွား၊ ဦးဆောင်သည့် နွား ဟူ၍ရှိ၏။ နွားများကို စားကျက်များရှိရင်သို့ ကျောင်းလျှင် နွားကျောင်းသားများသည် ဘေး၌ အထိန်းအကွက်အနေနှင့် ပါ၏။
သို့သော် "ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့် သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့် လိုက်၏။" ဟုဆိုသကဲ့သို့ ဦးဆောင်သည့် နွားလားနောက်သို့သာ လိုက်၍ စားကျက်ရှာဖွေကာ မြက်နုများကို စားသောက်ကြလေ့ရှိ၏။
အနီးနား မြက်များနုလျှင် ပြဿနာမရှိ။ မြက်များတိုနေလျှင် မနုလျှင် အဝေးရှိရာ မြက်နုကို ရှာစားကြသဖြင့် နွားတစ်သိုက်လုံးသည်လည်း နွားလားဦးဆောင်သည့် နောက်သို့လိုက်ကာ စားကြ၏။
ထိုအခါ နွားကျောင်းသားများနှင့် အိမ်ကြီးရှင်များက နွားများဝေးဝေးမသွားစေရန် နွားလား၏ လည်ပင်း၌ သစ်တုံးတစ်တုံးကို နွား၏ ဒူးခေါင်းနှင့် ချိန်ရွယ်ကာ ကြိုးဖြင့် ချိတ်ဆွဲထားလိုက်ကြသည်။
နောက်နေ့ ထိုနွားလားသည် လမ်းလျှောက်လေ လျှောက်လေ လျှောက်ပါများလေ ၎င်း၏ ဒူးခေါင်းကို သစ်တုံးနှင့် ရိုက်ခတ်သည်မှာ အကြိမ်ရည် များလာ၍ ဒူးခေါင်းနာသည့် ဒဏ်ခံစားရကာ ဝေးဝေးသို့မသွားနိုင်တော့ပဲ အနီးနားရှိ မြက်များကိုသာ စားသည်။
နောက်နွားများသည်လည်း နွားလားနောက်ကိုသာ လိုက်စားသည်ဖြစ်၍ တစ်အုပ်လုံးအား ထိန်းစရာမလိုတော့ပေ ဟုဆို၏။ အဝေးသွားသည့် နွားလား အမှတ်သည်းခြေရှိစေရန် ဤသို့ ဒဏ်ပေးခြင်းနည်းကို သုံးကြလေ့ရှိသည်။ နွားလားသည်လည်း အဝေးကို သွားမည်ကြံလျှင် နာသည့်ဒူးခေါင်းက ဒဏ်ရာကို အမှတ်ရကာ အနီးတဝိုက်၌သာ စားကျက်ရှာလေတော့သတည်း။
စာရေးသူ၏ မိခင် ထပြောသည်က ၎င်းနွားအုပ်များ နွားသူခိုး၏ ခိုးခြင်းခံရလျှင် တချို့နွားများသည် သူတို့သခင်အိမ်ရှိရာသို့ မှတ်မိပြီး ပြန်လာကြသည်ကို မြင်ဖူးသည်တဲ့။ နွားများလည်း ကြောင်များ၊ ခွေးများ ကဲ့သို့ပင် မှတ်ထားတတ်သည့် မှတ်ဉာဏ်ရှိသည်ကို တွေ့ရပါသည်။
နွားပြန်ရောက်မလာသည့်သခင်များကလည်း သူတို့နွားများကို ပြန်ရှာကြသည့်ခရီးစဉ်အရ ရလဒ်သည်ကား ကောင်းပေ့ဆိုလျှင် နွားပွဲစားများထံမှ ပြန်ဝယ်ကြရသည်မျိုး ရှိ၏။ အသက်ရှင်လျက် ပြန်ရကြသည်ပင် ကံကောင်းလှပေပြီ။
ရလဒ်မကောင်းသည့် နွားပိုင်ရှင်များအနေနှင့်မူ နွားသတ်ရုံမှ စိတ်မကောင်းစွာ ခြေကုန်လက်ပန်းကြသည့် ခြေလှမ်းများနှင့် ပြန်လာကြရသည်များလည်းရှိ၏။
ထိုခေတ် ထိုအခါက နွားသူခိုးများသည် တော်တော်ဒုက္ခပေးတတ်သည့် အလုပ်ကိုင်ဖြစ်၍ အိမ်တိုင်း၌ ထိပ်တုံးများထားရသည့်အပြင် ဖမ်းမိသည့်အခါများ၌လည်း ရပ်ရွာမှ ဝိုင်းသမကြသည်ကို မသေရုံတမယ်ကလေးတင် ခံစားကြရသည်။
ကိုယ့်တရား ကိုယ်စီရင်ခဲ့ကြသည့် အချိန်မျိုးဟု ဦးလေးကြီးကဆိုသေး၏။ တချို့ကလေးငယ်များသည်လည်း နှာချေးတွဲလောင်းများဖြင့် သူခိုးဆိုတာ ဂျိုနဲ့လားဟု အမေးကလေးနှင့် ကလေးပီပီစူးစမ်းလိုစိတ်ကြောင့် နွားသူခိုးမိပြီဟု ဆော်ဩသံကြားကြပြီဆိုလျှင် လူကြီး၊ ကလေး မကျန် ဘုရားပွဲကြည့်သလို ဝိုင်းအုံကြည့်ရှုကြလေ့ရှိသည် ဆို၏။
ရပ်ရွာကောင်းဖို့ရာ သွန်သင်ဆုံးမပြီးကြပြီဆိုလျှင် ဒီအတိုင်းပြန်မလွှတ်သေး ရွာကနေပါ အပြီးပိုင် နှင်ထုတ်ကြကုန်၏။ ဤခေတ် ဤအခါက နွားသူခိုးတို့၏ ဘဝသည် မလွယ်လှပါတကား။
၁၆၊ ဩဂုတ်၊ ၂၀၂၄။
ဆွေ (မန္တလေး)
Keep Reading