အယ်ဟုန်သော်(မယ်လတ်)
မှော်ဝင်သူရေးတဲ့ကဗျာ
-==================
ဟိုက်ပါရွာလေးရှိ လိမ္မော်စိုက်ခင်းခြံတစ်ခြံတွင် အိုက်လောဝ်တို့ရှမ်းအမျိုးသားတစ်စုလိမ္မော်သီးများအားခူးဆွတ်နေကြလေသည်။လိမ္မော်စိုက်ပျိုးရေးသည် ဤဟိုက်ပါကျေးရွာ၏ပင်မစီးပွားရေးအသက်သွေးကြောဟု ဆိုရမည်ဖြစ်သည်။ ဟိုက်ပါရွာလေးသည် မိုင်းရှူးမြို့၏အနောက်ဘက်တွင်တည်ရှိသော ရှမ်းတိုင်းရင်းသားအများစုနေထိုင်ရာ ရွာလေးတစ်ရွာပင်ဖြစ်သည်။
ဝင်းဝင်းဝါဝါအရောင်းအဆင်းမရှိသေးသော်လည်း ဝါကျွတ်ချိန်ခါတွင် ဆွမ်းတော်တင်စာသစ်သီးတစ်မျိုးအဖြစ်ရောင်းချရမည့် စိမ်းဖန်ဖန်အရောင်သာရှိသေးသော လိမ္မော်သီးများအား အိုက်လောဝ်သည် မဖြစ်မနေ ခူးဆွတ်ရတော့မည်။ အိုက်လောဝ်အနေဖြင့် မိမိဒေသထွက်လိမ္မော်သီးများအား အလုံးပွပွနှင့် အရောင်ဝင်းဝင်း ရှိသောအခါမှသာခူးဆွတ်ချင်သောဆန္ဒရှ်သူဖြစ်သည်။သို့သော် ခြံပိုင်ရှင်နှင့် ပွဲစားများ၊ လိမ္မော်သီးလာရောက်တင်ဆောင်သော အဝယ်သမားများအကြား လိမ္မော်ခြံအလုပ်သမားတစ်ယောက်ဖြစ်သော အိုက်လောဝ်အနေဖြင့် စောဒကတက်၍မရဖြစ်သည်။ လိမ္မော်ခူးချိန်တွင် သစ်သားရိုးစွန်းတစ်ဖက်တွင်နှီးဇကာဗန်းကြီးတစ်ဗန်းတပ်ဆင်ထားပြီး တစ်ဖက်တွင် ခဲလုံးကြီးချိတ်ဆွဲထားသော ရာကျူ(ခန့်မှန်းတပ်ဆင်ထားသည့်ချိန်ခွင်)ကြီးဖြင့် ချိန်တွယ်ကာ စာရင်းမှတ်သားရသောအလုပ်သည်သာ အိုက်လောဝ်၏တာဝန်ဖြစ်သည်။
အိုက်လောဝ်၏အမည်ရင်းသည် စိုင်းလောဝ်ဆိုင် ဖြစ်သော်လည်း ဤဟိုက်ပါရွာ တစ်ရွာလုံးမှအိုက်လောဝ်ဟုသာခေါ်ဝေါ်ကြသည်။ အိုက်လောဝ်၏မိဘနှစ်ပါး ဆုံးပါသွားသည့်နောက် ဦးလေးဖြစ်သူ လုံးခမ်းလှတို့ လင်မယားထံတွင် မွေးစားသားအဖြစ် သွားရောက်နေထိုင်ခဲ့ရသည်။ အရွယ်ရောက်လာသော အိုက်လောဝ်အား လုံးခမ်းလှသည် သူ၏အသိမိတ်ဆွေ လုံးစံထွန်း၏လိမ္မော်ခြံတွင် အလုပ်သွင်းပေးထားသည်။ အိုက်လောဝ်တို့ ၏ဟိုက်ပါရွာတွင် လိမ္မော်စိုက်ပျိုးရေးလုပ်ကာအသက်မွေးဝမ်းကျောင်းပြုသူများပြားသည်။ ကိုယ်ပိုင်လိမ္မော်ခြံစိုက်သူများရှိသကဲ့သို့ လိမ္မော်သီးဖြိုင်ဖြိုင်ပေါ်ချ်ိန်တွင်ပွဲစားလုပ်သူများလည်းရှိသည်။ အိုက်လောဝ်ကဲ့သို့ လိမ္မော်ခြံသူရင်းငှားများလည်းရှိကြသည်။ ဆောင်းဦးဝင်စ လိမ္မော်ပေါ်ချိန်မှစကာ လိမ္မော်တုံးချိန်သည့်တိုင် လိမ္မော်သီးခူးသူ၊ လိမ္မော်ချိန်သူ၊ လိမ္မော်သီးလာရောက်တင်ကြသော ကားကြီး ၊ကားငယ်များဖြင့် ဟိုက်ပါရွာလေးသည် စည်ကားလေ့ရှိသည်။ လိမ္မော်သီးရာသီဆိုလျှင် အိုက်လောဝ်ပျော်ရွှင်မိသည်။ လိမ္မော်သီးပိဿချိန်များများစားစား ထွက်ရှိ၍ ရောင်းချပြီးလျှင် ခြံပိုင်ရှင်ထံမှ လုပ်အားခအပြင် ထပ်ဆောင်းမုန့်ဖိုးလေးများအား အိုက်လောဝ်ရရှိတတ်သည်။ အထူးသဖြင့် ပီမိုင်တိုင်း(ရှမ်းနှစ်သစ်ကူး)ချိန်တွင် နှင်းရည်ဝသောလိမ္မော်သီးတို့ ပြည့်ပြည့်ဝဝဝင်းမှည့်ကာ ရောင်းအားအသွက်ဆုံးအချိန်ဖြစ်သည်။ ထိုအချိန်တွင် အိုက်လောဝ်အားခြံပိုင်လုံးစံထွန်းမှ မိုင်းရှူးမြို့ထဲတွင်ကျင်းပသော ပီမိုင်တိုင်းပွဲတော်သို့ သွားရောက်လည်ပတ်ရန် စားရိတ်များထုတ်ပေးလေ့ရှိသည်။
"အိုက်လောဝ်.. ပိုက်ယဝ့်ဟ"
ခူးဆွတ်ထားသော လိမ္မော်သီးများ ချိန်တွယ်ရင်း စာရင်းမှတ်နေသော အိုက်လောဝ်အား တောင်ဝှေ့တစ်ချောင်းဖြင့်လျှောက်လာသော ခြံပိုင် လုံးစံထွန်းမှ ရှမ်းဘာသာစကားနှင့်အလုပ်ပြီးပြီးလားဟု လှမ်းမေးလိုက်သည်။ လိမ္မော်ပိဿချ်ိန်ရေးမှတ်နေသော အိုက်လောဝ်မှတစ်ဖန် ရှမ်းဘာသာစကားဖြင့်သာ ပြီးခါနီးပြီဖြစ်ကြောင်းပြန်ဖြေလိုက်လေသည်။
"တေ ယဝ့်ယဝ့်ခ လုံး"
သီတင်းကျွတ်လပြည့်နေတွင် ဆွမ်းတော်စာသစ်သီးအဖြစ် မိုင်းရှူးမြို့တွင်းစျေးကြီးတွင် ပြန်လည်ရောင်းချမည့်လိမ္မော်အဝယ်တော်ကြီးများ ဟိုက်ပါရွာထဲတွင် ခြေချင်းလိမ်နေကြသည်။ ခြံရှင်များထံ သူ့ထက်ငါဦးအောင် စျေးပေးဝယ်ယူနေကြသည်။ ခြံရှင်များကလည်း နှစ်စဥ်နှစ်တ်ိုင်း ရေရှည်လက်တွဲလာခဲ့သော အဆင်ပြေရာ အဝယ်တော်များကိုသာ ဦးစားပေးရောင်းတတ်ကြသည်။ လာရောက်ဝယ်ယူသော ကားများ၏ ဝမ်းခေါင်းအတွင်း ကောက်ရိုးများဖြန့်ခင်းကာ ချိန်တွယ်ရေတွက်ထားသော လိမ္မော်သီးများအား အိုက်လောဝ်တို့မှတင်ပေးရသည်။ တစ်နေကုန်လုံးနီးပါး ခူးဆွတ်၊ချိန်တွယ် ၊ကားပေါ်တင်ပြီးနောက် မနက်စောစောထသွားရန် ကားဝမ်းခေါင်းပေါ်သို့ မိုးကာများအုပ်မိုး ချည်နှောင်ကြရသည်။ လိမ္မော်အဝယ်တော်ကားများသည် ဟိုက်ပါရွာတွင်တစ်ညအိပ်ကာ မနက်လင်းချ်ိန်မှသာ မိုင်းရှူးမြို့တွင်းသို့ ပြန်ကြသည်။ထိုသို့ညအိပ်ညနေ အဝယ်တော်များအား ခြံရှင်မှ ညစာထမင်းဟင်းဖြင့်ဧည့်ခံကျွေးမွေးလေ့ရှိသည်။
တစ်နေ့တာ လိမ္မော်ရောင်းချခြင်းတာဝန်ပြီးဆုံးသည်နှင့် ညစာစားရန် အိပ်စက်ရာတဲငယ်လေးမှ အိမ်မကြီးဆီသို့ အိုက်လောဝ်ထွက်လာခဲ့သည်။ အိမ်ရှေ့ ကပြင်တွင် လိမ္မော်အဝယ်တော်နှင့် ကားဆရာတို့နှစ်ဦး ခြံရှင်လုံးစံထွန်းနှင့် လောက်ခေါက်ဟုခေါ်သောဆန်အရက်များ ထိုင်သောက်နေကြသည်။
"လာ..ညီလေး..တစ်ခွက်တစ်ဖလားချအုန်းမလား"
အိမ်ထဲသို့လှမ်းဝင်လာသော အိုက်လောဝ်အား ကားဆရာမှ အရက်သောက်ရန်လှမ်းခေါ်သည်။ ခြံရှင် လုံးစံထွန်းမှ အိုက်လောဝ်အရက်မသောက်တတ်ကြောင်း ဗမာစကားအားရှမ်းသံဝဲဝဲဖြင့် ဝင်ရောက်ရှင်းပြလိုက်သည်။ အရက်ထိုင်သောက်
နေသူများအား ပြုံးပြနှုတ်ပြီးနောက် ညစာစားရန်မီးဖိုချောင်ထဲသို့ အိုက်လောဝ်လှမ်းဝင်လာခဲ့သည်။မီးဖိုချောင်ထဲတွင် လုံးစံထွန်း၏ဇနီး ပါခမ်းနှင့် သမီးဖြစ်သူ နန်းမွေနွံတို့ ညစာပြင်ဆင်နေကြသည်။
"ပီ ထမင်းစားတော့မလားခ"
နန်းမွေးနွံက မီးဖိုချောင်ထဲဝင်လာသောအိုက်လောဝ်အားမေးလိုက်သည်။
"စားတော့မယ် နောင့်ရေ"
အိုက်လောဝ်ကခေါင်းညိတ်ပြရင်း နန်းမွေနွံအမေးကိုပြန်ဖြေလိုက်သည်။နန်းမွေနွံသည် တစ်ဦးတည်းသောသမီးဖြစ်သူပီပီ အိုက်လောဝ်အားသံယောဇဥ်ရှိရှာသူဖြစ်သည်။ မိုင်းရှူးမြို့ပေါ်တွင်ဘော်ဒါဆောင်နေကာ ကျောင်းတက်ရသည့်တိုင် ကျောင်းပိတ်ရက်ရှည်များတွင် ရွာသို့ခတ္တပြန်လာတတ်သည်။ နန်းမွေနွံဟိုက်ပါသို့ပြန်လာသည့်အခါတိုင်း မိဘများနှင့်အိုက်လောဝ်အတွက် လက်ဆောင်များဝယ်လာတတ်သည်။ ယခုလည်း သီတင်းကျွတ်ကျောင်းဆယ်ရက်ပိတ်ချိန် ရွာသို့အလည်ပြန်လာသော နန်းမွေနွံက အိုက်လောဝ်အတွက်ဝယ်လာသော လက်ဆောင်ပစ္စည်းများကို အိုက်လောဝ်အရှေ့ရှိ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
"ဒါ ပီအတွက်ဝယ်လာတဲ့ နောင့်ရဲ့လက်ဆောင်ပါခ"
နန်းမွေနွံ၏စကားအဆုံး စားပွဲပေါ်ရှိ လက်ဆောင်ပစ္စည်းများအား အိုက်လောဝ်လှမ်းယူကာဖွင့်ကြည့်လိုက်သည်။ ရှမ်းအိုးစည်ရှည်၊ မောင်း၊လင်းကွင်းပုံတ်ို့ကို နောက်ခံထားကာ အရှေ့တွင်ကျားရုပ်နှင့်ချယ်ရီကိုင်းခက်ပုံ စတေကာရိုက်နှိပ်ထားသော တီရှပ်အဖြူလေးနှင့် ပင်နီရောင်ရှမ်းဘောင်းဘီတစ်ထည်တို့အပြင် ပန်းရောင်ရှမ်းခေါင်းပေါင်းပုဝါလေးကိုပါ အိုက်လောဝ်တွေ့လိုက်ရသည်။ လက်ဆောင်ဝယ်လာသူ နန်းမွေနွံအား အိုက်လောဝ်ထိုင်နေရာမှ မော့ကြည့်မိလိုက်သည်။
"ဘယ်လိုလဲပီ..နောင့်ဝယ်လာတာကြိုက်တယ်မဟုတ်လားခ"
မော့ကြည့်လိုက်သော အိုက်လောဝ်၏အကြည့်တို့နှင့်ဆုံခိုက် နန်းမွေနွံထံမှ မေးခွန်းမေးပြန်သည်။
"ကြိုက်တာတော့ကြိုက်ပါတယ် နောင့်ရယ်..ဒါပေမဲ့ နောက်ခါမဝယ်လာပါနဲ့ နောင့်ကျောင်းတက်ရမယ့် ပိုက်ဆံတွေကုန်ပါတယ်..ပီလက်ဆောင်တွေမလိုချင်ဘူးနောင့်"
လက်ဆောင်ပစ္စည်းများထုတ်ကြည့်လျှင် အိုက်လောဝ်၏ကျေနပ်သောအပြုံးတို့အား မျှော်လင့်ခဲ့ရသော နန်းမွေနွံ၏ မျက်နှာလေးတွင် အိုက်လောဝ်စကားအဆုံး ဝမ်းနည်းရိပ်တို့ ဖြတ်သန်းသွားလေသည်။
"အခု သီတင်းကျွတ်ပြီလေ ပီ..မကြာခင် နောင့်တို့ပီမိုင်တိုင်းရောက်တော့မယ်လေ..အဲ့ဒီအချိန် ပီ မြို့ပေါ်တက်ရင်ဝတ်ဖို့ နောင့်ကစေတနာနဲ့ဝယ်လာတာပါ ပီ"
နန်းမွေနွံ၏မျက်ရည်အဝိုင်းသားနှင့်ပြောသောစကားကြောင့် အိုက်လောဝ်သက်ပြင်းချမိသည်။ မကြာခင် ရှမ်းနှစ်သစ်ကူးပွဲတော်(ပီမိုင်တိုင်း)ကျင်းပတော့မည်ကို နန်းမွေနွံသိသကဲ့သို့ အိုက်လောဝ်လည်းသိသည်။ ပီမိုင်တိုင်းပွဲရက်များတွင် ရှမ်းလူမျိုးတို့သည် စိတ်သစ်လူသစ်ရှမ်းဝတ်စုံသစ်များနှင့်နှစ်သစ်အားကြိုဆိုလေ့ရှိကြသည်။ အိုက်လောဝ်သည်လည်း ရှမ်းလူမျိုးစုထဲမှ ရှမ်းတိုင်းရင်းသားတစ်ယောက်ဖြစ်သည့်အလျှောက် နှစ်သစ်အား သစ်လွင်ခမ်းနားတောက်ပဆုံးသောအရာများနှင့်ကြိုဆိုချင်မိသည်။ သို့သော်လည်း နန်းမွေနွံ၏လက်ဆောင်များကို အိုက်လောဝ်အနေဖြင့် မရယူလိုခြင်းဖြစ်မိသည်။
"မွေနွံ..နင့် ပီအိုက်လောဝ်ကိုထမင်းပြင်လိုက်တော့ မယ့်မယ့်ကနင့်ပေါ့ပေါ့နဲ့ဧည်သည်တွေကို အရှေ့မှာထမင်းသွားပြင်လိုက်တော့မယ်"
"အောခ မယ့်"
ပါခမ်းက လုံးစံထွန်းနှင့်ဧည့်သည်များ အရက်ထိုင်သောက်ရာ အိမ်ရှေ့သို့ ထမင်းဟင်းများသယ်ကာ ထွက်သွားလိုက်သည်။ မီးဖိုချောင်အတွင်း အိုက်လောဝ်နှင့်နန်းမွေနွံတို့နှစ်ဦးသာကျန်ခဲ့လေသည်။
"ပီကြိုက်တဲ့ နမ့်ဖစ်ဖူးကိုနောင့်ကိုယ်တိုင်လုပ်ထားတယ် များများစားနော်"
ခရမ်းချဥ်သီးမီးဖုတ်၊ ပဲပုပ်ချပ်မီးကင်၊ငရုပ်သီးစိမ်းတို့ကိုထောင်းကာ နံနံပင်အုပ်ထားသော နမ့်ဖစ်ဖူးဟင်းကို အိုက်လောဝ်ကြိုက်တတ်ကြောင်း နန်းမွေနွံသိသည်။နန်းမွေနွံရွာသို့ပြန်ရောက်သည့်အချိန် မီးဖိုချောင်ဝင်ကူရသည့်အခါမျိုးတွင် အိုက်လောဝ်အတွက် နမ့်ဖစ်ဖူးကို သီးသန့်လုပ်ထားပေးလေ့ရှိသည်။အိုက်လောဝ်ထမင်းစားရာဘေးတွင် နန်းမွေနွံဝင်ထိုင်လိုက်သည်။
"ပီကနောင့်ပေးတဲ့လက်ဆောင်ကိုသဘောမကျဘူးလားဟင်...ပီဘာလိုချင်လဲနောင့်ဝယ်ပေးမယ်လေ"
နန်းမွေနွံ၏စကားကြောင့် အိုက်လောဝ်သည် ထမင်းစားလက်စမှခတ္တရပ်လိုက်သည်။ ပြီးနောက် နံဘေးတွင်ကပ်ထိုင်နေသော နန်းမွေနွံအား အိုက်လောဝ်ကလည်ပြန်ကာလှည့်ကြည့်လိုက်သည်။
"နောင့်ပေးတဲ့လက်ဆောင်ကိုပီကမကြိုက်လို့..အခြားလက်ဆောင်ပစ္စည်းရချင်လို့ပြောနေတာမဟုတ်ဘူးနောင့်..နောင့်စေတနာနဲ့ဝယ်လာတာကိုလည်းပီသိတယ်..သိသလိုအသိအမှတ်လည်းပြုတယ်..ပီတို့နှစ်ယောက်ရိုးသားကြတာ..မောင်နှမလိုသံယောဇဥ်ရှိတာကို
ပီတို့ပဲသိတယ်နောင့်..နောင့်မိဘတွေနဲ့ရွာကလူတွေသိမှာမဟုတ်ဘူး...ပီကနောင့်မိဘတွေရဲ့အလုပ်သမား တစ်နည်းအားဖြင့် နောင့်မိဘတွေကပီရဲ့ကျေးဇူးရှင်.. ပီကိုနောင့်ကမြို့ကပြန်လာတိုင်းလက်ဆောင်တွေဝယ်လာပေးတာ..ပီအတွက်ဟင်းတွေသီးသန့်ချက်ပေးတာတွေကို နောင့်မိဘတွေကသွေးမတော်သားမစပ်တဲ့ပီနဲ့နောင့်ကိုစိုးရိမ်ကြလိမ့်မယ်..ပီရဲ့ကျေးဇူးရှင်တွေစိတ်ပင်ပန်းနေမှာကိုပီမလိုလားဘူး..ပြီးတော့..ရွာကလူတွေရဲ့ ခြံရှင်သမီးဆီကချူစားတဲ့ကောင်လို့လည်း ပီအပြောမခံချင်ဘူး..ရွာကလူတွေကပီနဲ့နောင့်ကို တစ်မျိုးထင်ကြလိမ့်မယ်..နောင့်ကရှေ့ဆက်ပြီးပညာတွေသင်ယူရအုန်းမယ်..နောင့်သိက္ခာကျမှာလည်းပီမလိုလားဘူး..အခုပြောနေတာက ပီအတွက်မဟုတ်ဘူးနောင့်"
အိုက်လောဝ်စကားပြောပြီးသည်နှင့် ထမင်းဆက်စားနေလိုက်သည်။ နန်းမွေနွံထံမှ သက်ပြင်းချသံသဲ့သဲ့မှလွဲ၍ စကားသံထွက်မလာတော့ပေ။ ထမင်းစားပြီးသည်နှင့် ထိုင်ရာမှထကာ အိုက်လောဝ်ပန်းကန်ဆေးရန်ပြင်လိုက်သည်။ နန်းမွေနွံက အိုက်လောဝ်လက်ထဲမှပန်းကန်အားဆွဲလုကာ ပန်းကန်ဆေးရာနေရာသို့ယူသွားလိုက်သည်။ မီးဖိုချောင်အတွင်းမှထွက်ရန် အိုက်လောဝ်ခြေလှမ်းပြင်သည်။ လှမ်းနေသောခြေလှမ်းအားပြန်ရုတ်ကာ ပန်းကန်ဆေးနေသော နန်းမွေနွံ၏အနီးသို့တိုးကပ်သွားလိုက်သည်။ ပန်းကန်ဆေးရင်းမှ နန်းမွေးနွံ၏ပါးပြင်ထက်တွင် မျက်ရည်စများသည် ပူနွေးစွာဖြင့် စီးကျလာသည်။ ထိုမျက်ရည်စများအား အိုက်လောဝ်မြင်တွေ့လိုက်သည်။ အိုက်လောဝ်ခေါင်းကိုသာ တွင်တွင်ခါမိတော့သည်။
"မငိုပါနဲ့နောင့်..ပီကဖြစ်တတ်တဲ့သဘောကိုပြောတာပါ...ဝမ်းမနည်းပါနဲ့.. ပီလည်းနောင့်ကိုညီမအရင်းတစ်ယောက်လိုချစ်ပါတယ်..အခုနောင့်ပေးတဲ့လက်ဆောင်ကိုပီလက်ခံလိုက်မယ်..နောက်နောင်ပီအတွက်မဝယ်လာပါနဲ့..နောင့်ကပီစကားနားထောင်ပါတယ်"
နန်းမွေနွံ၏ခေါင်းလေးအား လက်ဖြင့်အသာတိုးဖွချော့ပြီးသည့်နောက် မီးဖိုချောင်ထဲမှအိုက်လောဝ်ထွက်လာလိုက်သည်။လုံးစံထွန်းနှင့်ပါခမ်းတို့လင်မယားအား နှုတ်ဆက်ပြီးအိပ်စက်ရာတဲအိမ်ငယ်လေးဆီသို့ အိုက်လောဝ်ပြန်လာလိုက်တော့သည်။
???
အိုက်လောဝ်သည် အိပ်ယာထဲသို့ဝင်ရောက်လဲလျှောင်းသည့်တိုင် တော်တော်နှင့်အိပ်မပျော်ပေ။အိပ်မပျော်သော အိုက်လောဝ်အဖို့ ညတာသည်ရှည်လျှားလွန်းသည်ဟုထင်မိသည်။ အိပ်မပျော်သည့်အဆုံးတွင် အိုက်လောဝ်၏မိဘများရှိစဥ် ငယ်ဘဝအဖြစ်အပျက်များအား တမ်းတသတိရမိတော့သည်။အိုက်လောဝ်အားမွေးဖွားစဥ်အဖြစ်အပျက်များကို ပေါ့ပေါ့(ဖေဖေ)မှ ပြောပြခဲ့ဖူးသည်။ပေါ့ပေါ့ပြောပြသောအကြောင်းအရာများနှင့် ကျောင်းသားဘဝအမှတ်တရာများအား အိုက်လောဝ်သည်အိပ်ယာထက်တွင် နဖူးပေါ်လက်တင်ကာ စဥ်းစားနေမိလေသည်။
ခရစ်နှစ်၁၉၉၀ ခုနှစ်၊ကောင်ကင်တွင်ကြယ်များစုံစုံလင်လင် လင်းလတ်သောညတစ်ညတွင်အိုက်လောဝ်အား ဟိုက်ပါကျေးရွာတွင်မွေးဖွားခဲ့သည်။ အိုက်လောဝ်အားဆေးရုံဆေးခန်းကြီးများတွင် သွားရောက်မွေးဖွားခဲ့ခြင်းမဟုတ်ပေ။ ဟိုက်ပါကျေးရွာတွင်တာဝန်ကျသော ကျန်းမာရေးမှူးအား အိမ်သို့ပင့်ဖိတ်ကာ အိုက်လောဝ်အားမွေးဖွားသန့်စင်ခဲ့ခြင်းဖြစ်သည်။ မွေး
ဖွားစဥ် မီးနေခန်းပြင်ဖက်တွင်ထိုင်စောင့်နေရသော ဖခင်ဖြစ်သူမှ ကောင်းကင်သို့မော့ကြည့်ကာ ကြယ်များစုံလင်စွာလင်းလတ်နေသည်ကိုတွေ့လိုက်မိသည်။ အိုက်လောဝ်မွေးဖွားစဥ်အချိန် ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် ဟိုက်ပါကျေးရွာ၏မြို့နယ်ဖြစ်သော မိုင်းရှူးမြို့တွင်ပတ္တမြားရတနာများတူးဖော်ရရှိသောကြောင့်ရတနာမြေဟုပင်စတင်ခေါ်ဝေါ်နေကြပြီဖြစ်သည်။ ထိုအကြောင်းအရာများအားအစွဲပြု၍ စိုင်းလောဝ်ဆိုင် (ကြယ်ရတနာ)ဟု အမည်ပေးခဲ့ကြောင်း ပေါ့ပေါ့(ဖေဖေ)မှအိုက်လောဝ်အားပြောပြဖူးသည်ကို မှတ်မိသည်။ သို့သော်ကျောင်းတက်စဥ်ကာလ ဆရာဆရာမများနှင့်အတန်းဖော်များလောက်သာ စိုင်းလောဝ်ဆိုင်ဟုခေါ်ဝေါ်ကြသည်။ မွေးရပ်ချက်ကြွေဇာတိမြေဖြစ်သော ဟိုက်ပါရွာတစ်လုံးတွင် မိမိထက်အသက်ငယ်သူများမှအမ အိုက်လောဝ်ဟုသာခေါ်ကြသည်။ ရှမ်းတိုင်းရင်းသားအမျိုးသားများ၏ အမည်ရှေ့တွင် အညတရတစ်ယောက်ဖြစ်ပါက အိုက်ဟုတပ်ခေါ်ပြီး၊ မြို့နေလူလတ်တန်းစားဖြစ်ပါက စိုင်းဟုတပ်ခေါ်ကာ စော်ဘွားမျိုးနွယ်ကဲ့သို့ခေါင်းဆောင်နိုင်သူလူတန်းစားမှဆင်းသက်လာလျှင် စဝ်ဟုတပ်ကာခေါ်ဝေါ်ကြသည်။ မိမိထက်အသက်ငယ်ရွယ်သူများကမူ အမည်၏ရှေ့တွင် ပီ ဟုတပ်ကာခေါ်ဝေါ်ကြတတ်သည်။ထို့ကြောင့် ဟိုက်ပါရွာရှိ ကလေးများနှင့်ငယ်ရွယ်သူများက အိုက်လောဝ်အား ပီအိုက်လောဝ်ဟုလည်းကောင်း ၊ပီလောဝ်ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။
ဟိုက်ပါရွာရှိအခြေံပညာမူလတန်းအောင်မြင်ပြီးသည့်နောက် အိုက်လောဝ်သည်အလယ်တန်းအဆင့်ပညာသင်ကြားရန်မိုင်းရှူးမြို့ပေါ်သို့ ပြောင်းရွေ့ခဲ့ရသည်။ အိုက်လောဝ်၏ မိဘနှစ်ပါးသည်လည်း အိုက်လောဝ်နည်းတူ မိုင်းရှူးမြို့ပေါ်သို့ လိုက်ပါပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ မိုင်းရှူးမြို့သို့ပြောင်းရွေ့နေထိုင်သောအခါ ရတနာမြေဖြစ်သည့်အလျှောက် ဖခင်သည် ကျောက်ကျင်းဆင်းသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ အိုက်လောဝ်တို့သားအမိအား ရှာဖွေကျေးမွေးခဲ့သည်။ ပေါ့ပေါ့(ဖေဖေ)သည် မြေကျင်းနက်များတွင်းသို့ ဆင်းကာဗြုန်းအိတ်များကို ကျင်းအပေါ်သို့တင်ပေးရသည်။ ကျောက်ကျင်းလုပ်ဖော်ကိုင်ဖက်အဖွဲ့သားများက ပေါ့ပေါ့ချိတ်ဆွဲတင်ပေးလိုက်သော ဗြုန်းအိတ်များအား စတီးဖြင့်ဆွဲတင်ကြရသည်။ ပြီးနောက် ထို့ဗြုန်းအိတ်များကို နမ့်ငချောင်းနံဘေးထိ ထမ်းယူသွားကြရပြန်သည်။ နမ့်ငချောင်းရေစပ်တွင် ထမ်းလာသောဗြုန်းအိတ်များအားဆေးကာ ကျောက်ရှာသည့်အလုပ်လုပ်ကြရသည်။ ကျောက်ကျင်းတူးရာ ဗြုန်းမရသောနေ့များတွင် နမ့်ငချောင်းတွင်းမှဂဲများသဲများအား ဂေါ်ပြားဖြင့်ထိုးကော်ယူပြီး သံဇကာတွင်ထည့်ကာ ရေတွင်ဇကာဝှိုက်၍ ကမ်းပေါ်တစ်နေရာတွင် ဇကာမှောက်ချရသည်။ မှောက်ချလိုက်သော သံဇကာရာ သဲဂဲပုံအပေါ်မျက်နှာပြင်တွင်တက်လာသော နီညို့ညို့အရောင်ကျောက်လေးများအား ဇာဂနာဖြင့်ကောက်ကာ ကျောက်ရှာသည့်အလုပ်လုပ်ရတတ်သေးသည်။ မိုင်းရှူးမြို့နယ်တွင် တူးဖော်ရရှိသော နီညို့ညို့ကျောက်လေးများအား ပတ္တာမြားဟုအလွယ်ခေါ်ကြသည့်တိုင် စိန်ကဲ့သို့သောဂုဏ်သတ္တိနှင့်ပြည့်စုံကြောင်း ဓာတ်ခွဲခန်းစစ်ချက်များအရသိကြရပြန်သည်။ ထို့ကြောင့် မိုင်းရှူးမြို့နယ်ထွက်ရတနာအား အနီရောင်စိန်ဟူ၍လည်းကောင်း စိန်နီဟုလည်းကောင်း ခေါ်ကြပြန်သေးသည်။
ပေါ့ပေါ့(ဖေဖေ)တို့ကျောက်ကျင်းဆင်းသမား
အုပ်စုသည် ရှာဖွေရရှိသည့် ကျောက်များအား ညနေဖက်ကျောက်ကျင်းသိမ်းချိန်တွင် နမ့်ငချောင်းတစ်ဖက်ကမ်းတွင်ရှိသော ပန်စွဲရွာ၏ ထာပွဲ(ကျောက်ဝယ်ရောင်းလုပ်သောနေရာ)တွင် ဝင်ရောင်းရသည်။ စျေးကောင်းရသော ကျောက်လေးများရောင်းတည့်ကာ ပေါ့ပေါ့အိမ်သို့ပြန်လာချိန်တွင် ခြေလှမ်းတို့မှာသွက်လက်နေတတ်သည်။ အိုက်လောဝ်တို့အားကျွေးရန်မြို့တွင်းတရုတ်စားသောက်ဆိုင်မှ ခေါက်ဆွဲကြော်များဝယ်လာတတ်သေးသည်။ အိမ်ထဲသို့ဝင်လာသော ပေါ့ပေါ့၏ခြေလှမ်းတို့က်ို ကြည့်ကာ ကျောက်ရလာသည်မရလာသည်အား အိုက်လောဝ်တို့သားအမိမှ ခန့်မှန်းနိုင်သည်။အိမ်သို့ပေါ့ပေါ့စောစောပြန်လာသည့်နေ့ရက်များတွင်အိုက်လောဝ်တို့ပျော်ရွှင်ရသည်။ မိုးစုန်စုန်ချုပ်သည့်တိုင်အိမ်သို့ပေါ့ပေါ့ပြန်မရောက်သည့်အခါမျိုးတွင် အိုက်လောဝ်နှင့်မယ့်မယ်(မေမေ)တို့ စိတ်ပူပန်ရလေ့ရှိသည်။ ပေါ့ပေါ့ပြန်လာမှသာ သက်ပြင်းချနိုင်ကြရသည်။ ကျင်းဆင်းရန်အိမ်မှပေါ့ပေါ့ထွက်ခွာသွားသည့်အချိန်မှစ၍ ခလုတ်မထိဆူးမငြိကျင်းမပိစေရန် အိုက်လောဝ်တို့ဆုတောင်းနေကြရသည်။ သို့သော် ကံကြမ္မာသည် အိုက်လောဝ်တို့အားမျက်နှာမပေးခဲ့ပေ။ပေါ့ပေါ့ကျင်းဆင်းစဥ် မြေပြိုကျကာကျင်းပိ၍ ဆုံးပါးသွားရသည့်အကြောင်း ကျင်းသားအဖွဲ့မှအိမ်သို့လာရောက်အကြောင်းကြားခဲ့သည်။ ထိုအချိန်တွင် မယ့်မယ့် သတိလစ်မေ့မြောသွားရခဲ့ပုံတို့အား အိုက်လောဝ်၏အတွေးထဲတွင်ယနေ့ထက်တိုင် တင်ဟပ်ဆဲဖြစ်သည်။ ပေါ့ပေါ့ဆုံးပါးသွားပြီးသည့်နောက် အိုက်လောဝ်အားကျောင်းတက်စေရန်မိုင်းရှူးမြို့တွင်းရှိအသိဆရာမတစ်ဦး၏အိမ်တွင်ဘော်ဒါဆောင်နေကျောင်းသားအဖြစ်ထားခဲ့ကာ မယ့်မယ်သည်ဟိုက်ပါသို့ပြန်သွားခဲ့သည်။ကံကြမ္မာဆိုးတို့သည်အိုက်လောဝ်ထံသို့ မဖိတ်ခေါ်သော်လည်း ဝင်ရောက်လာကြသည်ဟုဆိုရမည်ဖြစ်သည်။ အိုက်လောဝ် ခုနှစ်တန်းတက်စဥ်မှာပင် ဟိုက်ပါတွင်ရှိသော မယ့်မယ့်သည်ရုတ်တရက်ဆုံးပါးသွားခဲ့ရပြန်သည်။လောကအလယ် မိမရှိဖမဲ့ မျက်စိသူငယ်နားသူငယ်ဖြစ်နေသော အိုက်လောဝ်အား မယ့်မယ့်၏မောင်ဖြစ်သူ လုံးခမ်းလှမှ မွေးစားသားအဖြစ်ခေါ်ယူကျွေးမွေးထားခဲ့ခြင်းဖြစ်သည်။ အိုက်လောဝ်ကိုးတန်းအောင်မြင်ပြီးသည့်အချိန်မှစ၍ လုံးခမ်းလှ၏ စေခိုင်းချက်အရ လုံးစံထွန်း၏လိမ္မော်ခြံတွင် အလုပ်သမားအဖြစ်ဝင်ရောက်လုပ်ကိုင်ရသည်မှာ ယနေ့ချိန်ထိပင်ဖြစ်သည်။
အိုက်လောဝ်သည်အတွေးစတို့ဖြင့် မိုးစင်စင်လင်းသည့်တ်ိုင်အိပ်မပျော်နိုင်ဖြစ်ရသည်။ လိမ္မော်အဝယ်တော်များ၏ ကားများနှင့်ထော်လာဂျီများပင် မိုင်းရှူးသို့သွားရန် စက်များနှိုးနေကြပြီဖြစ်သည်။ ယမန်နေ့က လိမ္မော်များခူးဆွတ်ထားသဖြင့် ယနေ့အဖို့ အပင်ထက်တွင်အကင်းသာသာစိမ်းဖန့်ဖန့်လိမ္မော်သီးများသာရှိသည်။ လိမ္မော်များပြန်လည်ခူးဆွတ်ရောင်းချရန် ရက်အနည်းငယ်စောင့်ဆိုင်းရအုန်းမည်ဖြစ်သည်။
???
"ပီ..ပီ...မနိုးသေးဘူးလား"
အိုက်လောဝ်၏တဲအရှေ့မှ နန်းမွေနွံသည် တဲအတွင်းရှိ အိုက်လောဝ်အားလာရောက်နှိုးနေခြင်းဖြစ်သည်။ နန်းမွေနွံ၏ အသံကြားသောအခါမှ အိုက်လောဝ်သည် ခြုံထားသောစောင်အား ကိုယ်မှခွာကာ အိပ်ယာထဲမှထလိုက်သည်။ တစ်ရေးမျှပင်မအိပ်ထားသော အိုက်လောဝ်သည် အိပ်ယာမှရုတ်တရက်ထလိုက်သောအခါ ခေါင်းအတွင်းမူးနောက်သည့်ဒဏ်အားခံစားလိုက်ရသည်။ ကျိန်းစပ်နေသော မျက်လုံးများအား လက်ဖြင့်ပွတ်သပ်ကာ နန်းမွေနွံရှ်ိရာ တဲအရှေ့ဖက်သို့ အိုက်လောဝ်ထွက်လာလိုက်သည်။
"နိုးနေပါပြီနောင့်ရယ်..မနက်အစောကြီးဘာကိစ္စရှိလို့လဲနောင့်..ဘာခိုင်းစရာရှိလို့လဲနောင့်"
အိုက်လောဝ်၏စကားတို့အား နန်းမွေနွံမှဘဝင်မကျဟန်ဖြင့် နှုတ်ခမ်းအားဆူထော်ထားလိုက်သည်။ နန်းမွေနွံက မျက်လုံးကလေးများအားထောင့်သို့ကပ်ကာ အိုက်လောဝ်အားမထိတစ်ထိအကြည့်တ်ို့ဖြင့်လှမ်းကြည့်လိုက်သည်။
"နောင့်ကပီကို ခိုင်းစရာရှိမှလာရမှာလားပီ"
နန်းမွေနွံ၏စကားအား အိုက်လောဝ်ခေါင်းခါမိလိုက်သည်။
"မဟုတ်သေးဘူးလေနောင့်..ပီတစ်ယောက်ထဲနေတဲ့တဲကို နောင့်တစ်ယောက်ထဲလာတယ်ဆိုတော့ အရေးကြီးကိစ္စရှိလို့များလားလို့ပါနောင့်ရယ်"
"အရေးကြီးကိစ္စရှိမှ နောင့်ကလာရမတဲ့လားပီ
တစ်ယောက်ထဲလာတော့ရော ဘာဖြစ်လဲ"
နန်းမွေနွံထံမှ စောဒကတက်သံများအား အိုက်လောဝ်သက်ပြင်းချမိသည်။
"ကိစ္စမရှိပဲနောင့်တစ်ယောက်ထဲပီတစ်ယောက်ထဲရှိတဲ့တဲကိုလာတော့ မသင့်တော်လို့ပါနောင့်..ပြီးတော့ နောင့်ကိုသူများတွေပြောမှာကဲ့ရဲ့မှာပီကစိုးရိမ်လို့ပါ... နောင့်ရဲ့ပေါ့ပေါ့နဲ့မယ့်မယ့်က နောင့်ကိုဆူမှာစိုးလို့ပါ"
"ပီကပတ်ဝန်းကျင်ကိုအရမ်းဂရုစိုက်ပြီး...ပေါ့ပေါ့နဲ့မယ့်မယ့်ကိုအရမ်းကြောက်တတ်တာပဲ"
"ဒီမှာနောင့်...စိုင်းလောဝ်ဆိုင်ဆိုတာ ယောကျ်ားတစ်ယောက်ပါ ဘာမဆိုမကြောက်တတ်ဘူးလို့မပြောလိုပေမဲ့ အရာတော်တော်များများကိုတော့မကြောက်တတ်တဲ့သူပါ..ဒါပေမဲ့..ကျေးဇူးရှင်ကိုကျေးစွပ်မိမှာကိုကြောက်တယ်..ကိုယ့်ပယောဂနဲ့တစ်ပါးသူအပြောခံရတာမျိုးဒုက္ခရောက်ရတာမျိုးကိုကြောက်တယ်"
"ကြောက်..ကြောက်..ပီပဲကြောက်နေလိုက်တော့..
မယ့်မယ့်က ခဏနေရင် မိုင်းရှူးတက်မလို့ပြောခိုင်းလို့.. သဘက်ခါသီတင်းကျွတ်လပြည့်နေ့ဘုန်းကြီးကျောင်းတက်ဖို့ လှူဖွယ်တွေမြို့တက်ဝယ်မလို့ ပီ ထော်လာဂျီမောင်းပို့ပေးရမှာ
အဲ့ဒါလာပြောတာ"
မျက်စောင်းလေးထိုးကာ ပြောပြောဆိုဆိုနှင့် နန်းမွေနွံ ခြေထောက်လေးများစောင့်ကာ အိုက်လောဝ်၏အနီးမှထွက်ခွာသွားလေသည်။ နန်းမွေနွံသည် အိုက်လောဝ်နှင့်တွေ့ဆုံသည့်အခါတိုင်း တစ်ခါတစ်ရံတွင် ကလေးဆိုးဆိုးချင်သည် ။ အိုက်လောဝ် ဆယ့်ငါးနှစ်သားမှ ယခုအသက်နှစ်ဆယ်ရှိသည့်တ်ိုင် နန်းမွေနွံတို့မိသားစုထံအလုပ်လုပ်ခဲ့သည်မှာငါးနှစ်တိတိပင်ပြည့်တော့မည်။ အိုက်လောဝ်အလုပ်ဝင်စကာလများက နန်းမွေနွံသည်မူလတန်းအောင်ပြီးစ ကလေးမလေးတစ်ဦးသာဖြစ်သည်။ နွေကျောင်းပိတ်ရက်ကာလများနှင့် ကျောင်းပိတ်ရက်ရှည်လောက်သာ ဟိုက်ပါသို့ပြန်လာတတ်သော နန်းမွေနွံသည် ယခုဆိုလျှင်ဆယ်တန်းပင်တက်ရောက်နေပြီဖြစ်သည်။ လိမ္မော်စိုက်ခင်းပိုင်၏သမီးဖြစ်သူ ဆယ်တန်းကျောင်းသူနန်းမွေနွံအား ဟိုက်ပါရွာရှိလူပျိုလူရွယ်များ မျက်စိကျသကဲ့သို့ ချွေးမတော်ချင်သူများလည်းရှိပြန်သည်။ နန်းမွေနွံသည် မည်သူ့ကိုမှ ပြန်လည်စိတ်ဝင်စားခြင်းမရှိကြောင်း အိုက်လောဝ်နှင့်လုံးစံထွန်းတို့လင်မယားပါသိထားကြသည်။ ကျောင်းတက်ရောက်ရာမိုင်းရှူးမြို့တွင် ချစ်သူရည်စားရှိကောင်းရှိမည်ဟု နန်းမွေနွံအား အိုက်လောဝ်ကောက်ချက်ချမိသည်။ လုံးစံထွန်း၏လိမ္မော်ခြံသို့ အလုပ်ဝင်စအချိန်ကာလများတွင်အိုက်လောဝ်သည် ကလေးအရွယ်နန်းမွေနွံအား ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည်။ ယခုတွင် အလှကြီးလှကာ အရွယ်ရောက်လာသောနန်းမွေနွံအား အိုက်လောဝ်မှခပ်ခွာခွာနေကာ ခပ်တန်းတန်းသာပြောဆိုဆက်ဆံဖြစ်တော့သည်။
မျက်နှာသစ်၊သွားတိုက် ၊ကိုယ်လက်သန့်စင်ပြီးသည့်နောက် အိုက်လောဝ်အဝတ်အစားလဲလိုက်သည်။ နန်းမွေနွံနှင်ပါခမ်းတို့ သားအမိအား မြို့သို့လိုက်ပို့ပေးရန် အိမ်မကြီးဆီသို့ အိုက်လောဝ်ထွက်လာခဲ့လေသည်။ ကောက်ညှင်းအားပဲပုပ်ချပ်မီးကင်နှင့် တို့ဟူးကြော်ပူပူနွေးနွေးတို့ဖြင့်တွဲစားကာ နံနက်ခင်းစာအဖြစ်ဝမ်းဖြည့်လိုက်ကြသည်။ မနက်စာစားနေစဥ်အတွင်း နန်းမွေနွံသည် သူမ၏အပြစ်ကင်းစင်သောမျက်နှာလေးအား တမင်တကာသုန်မှုန်ထားလေသည်။ အိုက်လောဝ်အား စိတ်ဆိုးစိတ်ကောက်နေကြောင်း သိသာစေရန် မျက်နှာထားတို့ဖြင့် နန်းမွေနွံမှ လစ်ဟပြသသော်လည်း အိုက်လောဝ်သည် မသိကျေးကျွန်ပြုကာ နံနက်စာကောင်းညှင်းပေါင်းကိုသာခေါင်းငုံ့စားနေလိုက်သည်။ တုံးတိဘာဝေပြုမူနေသောအိုက်လောဝ်အား လက်သီးဆုပ်လေးများနှင့်ထုရိုက်ကာ စိတ်ကောက်နေကြောင်းကိုမသိရကောင်းလားဟု အော်ဟစ်မေးချင်မိသော်လည်း အနီးနားတွင် လုံးစံထွန်းနှင့်ပါခမ်းတို့ရှိနေသောကြောင့် နန်းမွေနွံလက်လျှော့ထားလိုက်ရလေသည်။ နံနက်စာစားသောက်ပြီးသည်နှင့် မြို့သို့သွားရန် ပြင်ဆင်လိုက်ကြသည်။
???
အယ်ဟုန်သော်
အပိုင်း၂ဆက်ရန်
Keep Reading