Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

30/08/2024

တစ်ခါသုံး လူ

8 mins read
Personal Development
General Knowledge
တစ်ခါသုံး လူ's photo


နေ့စဉ်သုံးစွဲနေရတဲ့ပစ္စည်းပစ္စယတွေထဲမှာ ရေရှည်သုံးရတဲ့ပစ္စည်းတွေရှိသလို တစ်ခါသုံးပစ္စည်းတွေလည်း ရှိကြတယ်။ လူတွေက ပစ္စည်းတစ်ခုခုအပေါ်မှာ ရေရှည်သုံးလား၊ တစ်ခါသုံးလားခွဲပြီးတဲ့နောက် တန်ဖိုးထားမှုတွေ လည်း ခွဲခြားတတ်ကြတာကို တွေ့ရမှာပါ။ ရေရှည်သုံးရမယ့်ပစ္စည်းဆိုရင်တော့ တလေးတစားတရိုတသေနဲ့ တန်ဖိုးထားတတ်ကြပါတယ်။ တစ်ခါသုံးတွေအတွက်ဆိုရင်တော့ တန်ဖိုးထားမှုနည်းတဲ့အပြင် အလေးထားမှုလည်း မရှိတတ်ပါဘူး။

ရေရှည်အသုံးပြုရမယ့်ပစ္စည်းလေးတစ်ခုက ကွဲတတ်တဲ့အမျိုးဆိုရင် ကွဲသွားမှာစိုးလို့၊ ပွန်းပဲ့သွားမှာစိုးလို့၊ ထိရှသွားမှာစိုးလို့ သေသေချာချာတယုတယကိုင်တွယ်ကြတယ်။ ကြွေပန်းကန်လုံးလေးတစ်ခုဆိုပါတော့။ သူ့ကို ဆေးကြောတဲ့အခါလည်း သတိထားပြီးကိုင်တွယ်တယ်။ ရေတွေပြောင်အောင်ပွတ်တိုက်ပြန်တော့လည်း ဂရုတစိုက်ပဲ။ ပန်းကန်စင်ထဲမှာသိမ်းတဲ့အခါကျပြန်တော့လည်း ထိုနည်းလည်းကောင်းပါပဲ။ ဒံပေါက်တို့၊ ခေါက်ဆွဲတို့ ဆိုင်ကနေ ပါဆယ်ထုတ်လာတဲ့ ဖော့ဘူးကိုကျတော့ အိမ်ကိုသယ်ရမယ့်ဟာဆိုရင်သယ်လာမယ်၊ ပန်ကန်ခွက်ယောက်တစ်ခုခုထဲကိုလှယ်လိုက်မယ်။ ပြီးရင်တော့မောင်မင်းကြီးသားဖော့ဘူး အမှိုက်ပုံးထဲကြွပေရော့။

လက်ကိုင်ပုဝါလေးတစ်ထည်ဆိုပါတော့။ ဒီဟာလေးက အခုလည်းသုံးရမှာ၊ နောင်လည်းသုံးနေရမှာဆိုတဲ့ အတွက် အသုံးပြုပြီးရင် သေသေချာချာပြန်လျှော်ဖွတ်ပြီး မီးပူတိုက်ပြီးမှ သိမ်းထားတယ်။ သုံးဖို့လိုလာတော့လည်း အိတ်ထောင်လေးထဲမှာ ထည့်ထည့်ထားတယ်။ တစ်သျှူးလေးတွေကျတော့ သုံးပြီးတာနဲ့ အမှိုက်ပုံးထဲသွား၊ တစ်ရွက်ကို တစ်ခါသုံး၊ သုံးပြီးတာနဲ့ သူစံမြန်းရမှာက အမှိုက်ပုံး။

ကိုယ့်ရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုထဲမှာ ရေရှည်သုံးပစ္စည်းတွေက ဘယ်လောက်များပြီး တစ်ခါသုံးပစ္စည်းပစ္စယတွေက ဘယ်လျောက်များနေသလဲဆိုတာကို သေသေချာချာခွဲခြမ်းစိတ်ဖြာကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဟိုတုန်းက အချိန်တွေထက် ဒီကနေ့ခေတ်မှာ တစ်ခါသုံးပစ္စည်းတွေ ပိုပိုများလာတာကို တွေ့နိုင်မှာပါ။

တစ်ခါသုံးပစ္စည်းတွေများလာတာကောင်းသလားမကောင်းဘူးလား။ ဒီမေးခွန်းက ဖြေဖို့တော့ သိပ်မလွယ်နိုင်ဘူးထင်ပါတယ်။ ကောင်းတဲ့ဘက်ကကြည့်ရင်ကောင်းပါတယ်။ အဆိုးဘက်လည်း စင်းလုံးချောတော့မလွတ်ဘူး ဆိုပါတော့။ တစ်ခါသုံးပစ္စည်းတွေကြောင့် လူတွေရဲ့ဘဝနေထိုင်မှုဟာ ဟိုတုန်းကထက် ပိုမိုလွယ်ကူလာတယ်၊ အဆင်ပြေလာတယ်လို့ ပြောနိုင်စရာရှိပါတယ်။ ဒါပေမဲ့လည်း တစ်ခါသုံးပစ္စည်းတွေမှာ အန္တရာယ်တစ်ချို့က ကပ်ပါ လာတတ်ပါတယ်။ ဥပမာအားဖြင့် ပစ္စည်းတစ်ခုခုထည့်ဖို့အတွက် ကြွပ်ကြွပ်အိတ်ကလေးတွေ၀ယ်သုံးပြီး တော်တဲ့နေရာပစ်လိုက်တော့ ဒီအိတ်တစ်လုံးက နှစ်ပေါင်း လေးငါးရာကြာမှ ဆွေးမြေ့ပျက်စီးပါသတဲ့။ ဒီတော့ တစ်ခါသုံးပစ္စည်းတွေနဲ့ပတ်သက်တဲ့ပြဿနာတွေကိုဖြေရှင်းရေးဟာလည်း အရေးပါတဲ့ကိစ္စရပ်ကြီးတစ်ခုဖြစ်လာ ပြန်တယ်။

သက်မဲ့ဖြစ်တဲ့ပစ္စည်းပစ္စယတွေမှာမှ တစ်ခါသုံးရှိတာမဟုတ်ပြန်ဘူး။ သက်ရှိစင်စစ်ဖြစ်တဲ့ လူတွေမှာလည်း တစ်ခါသုံးလူတန်းစားဆိုတာပေါ်လာပြန်ပါသတဲ့။ တစ်ခါသုံးလူဆိုတာဘယ်လိုလူမျိုးပါလိမ့်။ တစ်ကြိမ်တစ်ခါသာ သုံးလို့ရနိုင်တဲ့လူမျိုးကိုဆိုလိုတာဖြစ်ပါလိမ့်မယ်။ လူတစ်ယောက်နဲ့အလုပ်တစ်ခုတွဲလုပ်လိုက်တယ်။ ဒီလူက ကိုယ့်ကို ကွက်ကျော်ရိုက်သွားတယ်၊ ခွင်ဆင်ပြီး သူ့အကျိုးစီးပွားကိုဆွဲယူသွားတယ်။ လူတစ်ယောက်နဲ့ ရေရှည်လက်တွဲ ဆောင်ရွက်ဖို့ စိတ်မကူးဘူး။ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား စိတ်ထားမျိုးမွေးတယ်။

လူတစ်ယောက်ကိုချဉ်းကပ်ပြီဆိုရင် စကားအတတ်ပညာတွေနဲ့ စီကာပတ်ကုံးပြောဆိုဖွဲ့နွဲ့ပြီးတော့ ယုံလောက်အောင် သိမ်းသွင်းပြောဆိုတယ်။ ဟိုတစ်ဘက်ကယုံပြီဆိုတော့ လုပ်ကြံလီဆယ်မှုတွေပြည့်နှက်နေတဲ့ အလိမ်အညာဇာတ်လမ်းကြီးကို အကွက်လှလှလေး ပန္နက်ချလိုက်တယ်။ ဒီဇာတ်လမ်းဟာ သူ့ရဲ့ ငွေကြေးအကျိုးအမြတ်ရဖို့ ဖြစ်ကောင်းဖြစ်မယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတစ်ခုခုကြောင့် တစ်ဖက်လူကို အသုံးချလိုက်တာဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် အလကားနေရင်းနဲ့ကို ဒီလူ့အပေါ်မှာ ဒီလိုကြောလိုက်ရင် ရပါတယ်ဆိုတဲ့သဘောမျိုးနဲ့ လုပ်လိုက်တာလည်းဖြစ်ကောင်းဖြစ်မယ်။ သေချာတာတစ်ခုကတော့ ဒီတစ်ကြိမ်မှာ တစ်ဖက်သားကို သူအသုံးချလိုက်ပြီဆိုတာပါပဲ။

တစ်ချို့များ လိမ်ညာမှုကိုခံလိုက်ရလို့ ဘ၀ပါပျက်သွားတယ်။ လောကကြီးထဲမှာ ဒီလိုဇာတ်လမ်းမျိုးတွေ ဖြစ်ပျက်နေကြတာ များလှပြီဆိုပေမယ့် ကိုယ့်အလှည့်ရောက်လာပြန်တော့လည်း ဒီလူကတော့ ငါ့အပေါ်ဒီလို လုပ်မှာမဟုတ်ပါဘူးလေဆိုတဲ့အတွေးကြောင့် တစ်ဖက်လူအပေါ် ယုံကြည်မှုထားလိုက်မိတယ်။ တကယ်လည်း ထင်ရက်စရာမရှိဘူး။ ဟန်ပန်အမူအရာတွေအပြည့်နဲ့ ကောင်းကောင်းကြီးသရုပ်ဆောင်သွားခဲ့တာမို့ သူဟာဖြင့် တကယ့်ကို ဂုဏ်သိက္ခာကြီးမြင့်တဲ့လူကြီးလူကောင်းတစ်ယောက်ရယ်လို့ ယုံကြည်လိုက်မိတယ်။ ယုံမှတ်ပြီဆိုတဲ့ နောက်မှာ ပုံအပ်တဲ့အဆင့်က တစ်ပါတည်းကပ်ပါလာတယ်။

ဟိုဘက်နိုင်ငံမှာ အလုပ်ကောင်းကောင်းလုပ်ပြီး ၀င်ငွေကောင်းကောင်းရမယ်၊ ဘယ်လိုကုမ္ပဏီကြီးတွေမှာ အလုပ်သွင်းပေးမယ်ဆိုပြီး အယုံသွင်းလိုက်တော့ ရှိသမျှလယ်ယာမြေလေးတွေရောင်းချလိုက်တယ်။ ဒါနဲ့တောင် မလုံလောက်သေးဘူးဆိုပြန်တော့ တစ်လကိုငါးကျပ်တိုး၊ တစ်ဆယ်တိုးပေးပါ့မယ်ဆိုပြီး ငွေတိုးတွေယူ၊ ရှိသမျှ ငွေအင်အား၊ စိတ်ဓာတ်အင်အားအကုန်ရင်းပြီး လိုက်ခဲ့လိုက်တယ်။ ပါသမျှငွေအကုန်အပ်၊ ထားတဲ့နေရာမှာနေ၊ ခိုင်းတဲ့အလုပ်တွေလုပ်၊ တော်နေကြာတော့ လိုက်ပို့တဲ့ဆရာကြီးပျောက်ခြင်းမလှပျောက်သွားပြီးမှ ကိုယ့်ကို ရောင်းစားသွားပြီဆိုတာ သိလိုက်ရတဲ့နောက်မှာ ကိုယ့်ဘ၀ဟာပြန်အဖတ်ဆယ်လို့မရနိုင်လောက်အောင် နစ်မွန်း သွားခဲ့ပြီဆိုတာကိုလည်း သိလိုက်ရပြန်တယ်။ သိပြီးတော့လည်း ထွက်ပြေးလို့မရတော့ဘူး။ ပြေးဖို့ကြိုးစားရင် အသက်ကိုတောင် ရန်ရှာနိုင်သေးသတဲ့ဆိုတော့ တစ်ခါမှားတဲ့ဒဏ်ကို အကြာကြီးခံစားရတော့မယ့်သဘော။ သားတော်မောင်ပို့လိုက်တဲ့ငွေတွေနဲ့ အကြွေးဆပ်လိုက်မယ်ဟဲ့၊ ဘာတွေညာတွေ၀ယ်လိုက်မယ်ဟဲ့လို့ အားခဲ နေရစ်ကြတဲ့မိသားစု၀င်တွေလည်း တမျှော်မျှော်နဲ့ ဒုက္ခတောမှာမောနေရစ်ခဲ့ကြတော့တယ်။ အဆက်အသွယ် ကလည်းမရ၊ ဒုက္ခတွေကလည်းများနဲ့ ပူဆွေးသောကတွေများနေကြပေမယ့် ဟိုဘက်ဒီဘက်အကုန်လုံး ဒုက္ခပင်လယ်ဝေအောင်လုပ်သွားတဲ့သူကျတော့ သူများမျက်ရည်ကျမှရတဲ့ငွေတွေနဲ့ အောင်ပွဲခံနေပြန်တယ်။

မထင်တဲ့ချုံက ယုန်ထွက်ဆိုသလို ကိုယ်ယုံကြည်ထားမိတဲ့သူတစ်ယောက်က ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားပြုသွားပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ အံ့သြခြင်း၊ ၀မ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတွေ တစ်ပေါင်းတစ်စည်းတည်း ခံစားလိုက်ရတယ်။ တစ်ဖက်ရဲ့ရိုက်ခတ်မှုကြီးမားရင် ကြီးမားသလောက် ဒီဘက်မှာလည်း အထိနာသွားတယ်။ ရှိသမျှစည်းစိမ်အကုန်ပုံအောလိုက်မိသူအတွက်ကျတော့ စီးပွားပျက်သွားတယ်။ တစ်ချို့လူတွေ ပုံအောလိုက်မိတာက ငွေကြေးမဟုတ်ဘဲ ဘဝြဖစ်နေတော့ သူ့ရဲ့ရိုက်ခတ်ပုတ်လှဲမှုအောက်မှာ ဘ၀တစ်ခုလုံး ကစင့်ကလျားဖြစ်သွားကြတယ်။

ယုံကြည်မှုဆိုတာမျိုးက ခက်တော့ခက်ပါတယ်။ တစ်ခါတစ်လေကျတော့ သူလုပ်လိုက်လို့ ကိုယ့်အပေါ် ထိခိုက်သွားတာက သိပ်တော့မကြီးမားဘူး။ ဒါပေမဲ့ သိပ်အထိနာသွားသလိုခံစားရတယ်။ ငွေကြေးအားဖြင့် သော်လည်းကောင်း၊ ဂုဏ်သိက္ခာအားဖြင့်သော်လည်းကောင်း ထိခိုက်ပွန်းပဲ့မှုသိပ်မရှိဘူးဆိုပေမဲ့ ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်ရက်လေခြင်းဆိုတဲ့စိတ်ခံစားမှုက ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့အစည်း၊ ဒီကုမ္ပဏီရဲ့အပေါ်မှာ နောင်ကြဉ်ဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့တွန်းအားပေးသွားတယ်။

အွန်လိုင်းမှာကြော်ငြာလေးတစ်ခုတွေ့တယ်။ ဟောဒီဓာတ်မီးလေးရဲ့အလင်းရောင်က ဘယ်နှမိုင်ပြေးပါတယ်။ ဟောဒီကင်မရာမှန်ဘီလူးလေးနဲ့ဆိုရင်တော့ ဓာတ်ပုံကို ဘယ်နှမိုင်အထိဆွဲရိုက်လို့ရတယ်။ ဒီပစ္စည်းလေးကတော့ ဆယ့်နှစ်ဘီးကားနဲ့ တက်နင်းတာတောင်မကွဲဘူး စသည်အားဖြင့် ကြော်ငြာတွေမှာ အရုပ်တွေရော၊ အသံတွေရော ဖော်ပြပြီး ကြော်ငြာထားတော့ အဟုတ်ထင်ပြီး အော်ဒါမှာလိုက်တယ်။ ငွေတွေဘာတွေကြိုလွှဲလိုက်တယ်။ ပစ္စည်းရောက်လာလို့ ဖွင့်ကြည့်လိုက်တော့ မူလကြော်ငြာပါအရည်အသွေးနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတာကို တွေ့ရတယ်။ ဆုံးရှုံးသွားတဲ့ငွေထက် အညာမိသွားလေခြင်းဆိုတဲ့ခံစားမှုက မသက်မသာဖြစ်သွားတယ်။

တစ်ကြိမ်ဆုံးရှုံးပြီးသွားတဲ့နောက်မှာတော့ ဒီလူကို၊ ဒီအဖွဲ့အစည်းကို၊ ဒီဆိုင်ကို နောင်ဘယ်တော့မှ မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်တယ်ဆိုပေမယ့် ဒီဆုံးဖြတ်ချက်က ဘယ်လောက်ခံမလဲဆိုတာ ဟိုတစ်ဘက်ရဲ့ပြန်လှန်ကြိုးစားမှုအပေါ် မူတည်သေးပြန်တယ်။ ဘ၀မှာတစ်ခါကြုံပြီးတဲ့ အမှားအယွင်းမျိုးကို နောက်ထပ်နောက်ထပ် ကြုံနေရတတ်တာမျိုးကလည်း စဉ်းစားစရာကောင်းနေပြန်တယ်။ ဟိုတုန်းကလည်း နစ်နာခဲ့ပြီးပြီ။ အခုလည်းဒီနစ်နာမှုမျိုးကြုံရပြန်ပြီ။ နောင်ကော ကြုံလာနိုင်ဦးမလား။ ပုံစံတူနစ်နာမှုမျိုးကို ထပ်ခါတလဲလဲကြုံရတယ်ဆိုရင်တော့ ကိုယ့်အမှားဖြစ်သွားပါပြီ။

တကယ်ဆို တစ်ခါသေဖူးရင်တော့ ပျဉ်ဖိုးနားလည်ရတော့မှာ။ သင်ခန်းစာမယူတတ်တော့လည်း နှစ်ခါမက သုံးလေးငါးခါလောက် နာရပြန်တယ်။ အများအားဖြင့်ကတော့ ကိုယ့်အပေါ်မှာ ကတုံးပေါ်ထိပ်ကွက်သွားသူတွေကို နောင်အစဉ်ရှောင်ကြဉ်ကြတဲ့အလေ့အထရှိကြပါတယ်။ ကိုယ့်ယုံကြည်မှုကိုအလွဲသုံးစားလုပ်ထားတဲ့သူတစ်ယောက် က ဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုလုပ်ရပ်တွေပဲဖြစ်နေဖြစ်နေ သူ့လုပ်ရပ်တွေအပေါ်မှာ စိတ်ချလက်ချ ယုံကြည်မှုမျိုးထားပေးနိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဘာတွေပြောပြောမယုံတော့ဘူး။ ဒီလိုလူတွေကို တစ်ခါသုံးလူတွေ လို့ပဲ သတ်မှတ်ထားလိုက်တော့တယ်။ တစ်ခါပဲရမယ်။ နောင်ဘယ်တော့မှမသုံးတော့ဘူးပေါ့။

တစ်ခါသုံးလူတွေကြောင့် ဆုံးရှုံးမှုတစ်ခုဖြစ်သွားခဲ့ပြီဆိုရင် ဥပဒေကြောင်းအရတုံ့ပြန်ဖြေရှင်းတဲ့သူတွေ ရှိသလို ကိုယ့်ဘ၀ကိုယ့်အကြောင်းနဲ့ကိုယ်သာရှိပါစေတော့လေဆိုပြီး ဒီအတိုင်းပဲငုံ့ခံနေလိုက်ကြသူတွေလည်း ရှိပါတယ်။ ခက်တာက ဥပဒေကြောင်းအရဖြေရှင်းကြတော့မယ်ဆိုတော့လည်း သက်ဆိုင်ရာဥပဒေကိုယ်၌က မပြည့်စုံတာမျိုးတွေ၊ အားနည်ချက်၊ လစ်ကွက်ဟာကွက်တွေများနေတာမျိုးတွေရှိနေတတ်ပြန်တယ်။ ယုံကြည်လို့ ချေးငှားလိုက်တဲ့ငွေအတွက် ဘာစာရွက်စာတမ်းအထောက်အထားမှ တင်ပြနိုင်မှာမဟုတ်ပါဘူး။ ယုံကြည်လို့ ပူဇော်ကန်တော့လိုက်တဲ့ ပစ္စည်း၀တ္ထုတွေ၊ ငွေကြေးတွေအတွက် ဘာသက်သေမှထူထားဖြစ်မှာမဟုတ်ပါဘူး။ ဥပဒေအရ တုံ့ပြန်ဖို့အရေးမသာပြန်တော့ ဒီအတိုင်းပဲထားလိုက်ရတာမျိုးတွေလည်းရှိမှာပါပဲ။ သေချာတာကတော့ ခံရတဲ့သူက ဒီလူတွေကို တစ်ခါသုံးလို့သတ်မှတ်လိုက်တာပါပဲ။

တစ်ခါသုံးသမားတွေကျတော့လည်း သူတို့ကိုနောက်ထပ်တစ်ခါသုံးဦးမလေလားရယ်လို့ မျှော်လင့်ပုံမရ တော့ဘူး။ ဒီလူတစ်ယောက်ကို အချဉ်ဖမ်းပြီးရင် နောက်ထပ်တစ်ယောက်ရှာမယ်။ နောက်တစ်ယောက်ကို ညာပြီးပြန်တော့ နောက်ထပ်နောက်ထပ်လိုက်ရှာဦးမယ်။ သားကောင်ရှာ၊ အမဲဖမ်းတဲ့အလုပ်ဟာ သူ့ရဲ့ပင်မအလုပ် ပါပဲ။ သူတို့ရဲ့လက်သုံးစကားကလည်း လူအမကုန်သရွေ့သူတို့တွေအလုပ်ဖြစ်နေဦးမှာပါတဲ့။ ဟုတ်ပါရဲ့။ လူအဆိုတာ ကတော့ မကုန်ဘူးဆိုပါတော့လေ။ လူအမကုန်ဘူးဆိုပေမဲ့ လူအကုန်တော့မအကြဘူးဆိုတာကိုလည်း သတိထားဖို့ လိုဦးမှာပါ။

ကိုယ်ဟာ တစ်ခါသုံးလူတစ်ယောက်ဖြစ်နေပြီလားဆိုတာကို မကြာမကြာပြန်လည်သုံးသပ်သင့်ပါတယ်။ ဒီတစ်ခါအဆင်ပြေရင်ပြီးရော၊ ဒီအခက်အခဲလေးတစ်ခုကိုကျော်လွှားနိုင်ရင်ပြီးရောဆိုပြီး ရှေ့ရေး၊ နောင်ရေးမတွေးဘဲ ကိုယ်ထင်ရာကိုယ်ဇွတ်လုပ်လိုက်မိတတ်တဲ့အမျိုးအစားထဲမှာပါနေပြီလား။ ဒီလောက်တော့ သူနားလည်မှာမဟုတ်ပါဘူးလေဆိုပြီး တစ်ပတ်ရိုက်ဖို့စိတ်ကူးမိတဲ့သူမျိုးဖြစ်နေပြီလား။ နောင်ဆိုရင်တော့ ဘာမလုပ်တော့ပါဘူး၊ ညာမလုပ်တော့ပါဘူး၊ ဘယ်ဟာတွေဘယ်လိုပြင်ပါ့မယ်ဆိုပြီး အခွင့်အရေးတောင်းတတ်တဲ့သူ စာရင်းထဲမှာ ကိုယ်ပါနေပြီလား။ ဒါဆိုရင်တော့ ပြင်ရတော့မှာပါ။ ကိုယ့်ကိုယ်ကို အမြန်ဆုံးပြုပြင်ရတော့မှာပါ။

တစ်ခါသုံးသမားတွေရဲ့အဓိကကြန်အင်လက္ခဏာကတော့ ကတိမတည်ခြင်းပါပဲ။ ကိုယ်ပြောထားတဲ့စကားကိုယ်တာ၀န်မယူဘူး။ အခုဒီလိုလုပ်ပါ့မယ်လို့ပြောတယ်။ နောင်အခါကျတော့ ဟိုလိုဖြစ်ချင်ဖြစ်သွားတယ်။ ဟိုလိုတဲ့ဟေ့ဆိုပြီး ဟိုလိုလိုက်လုပ်ကြပြန်တော့ မဟုတ်သေးဘူးဆိုပြီး နောက်တစ်မျိုးဖြစ်ချင်ဖြစ်သွားပြန်တယ်။ ကြုံလာသမျှအခြေအနေတွေအပေါ်မှာ မူလရည်ရွယ်ချက်၊ မူလဦးတည်ချက်၊ မူလအာမခံချက်အတိုင်းမဟုတ်ဘဲ အကုန်လုံး ဝေ့လည်ချောင်ပတ်လုပ်နေပြန်တယ်။ ဆင်ဝှေ့ရန်ရှောင်လုပ်ရင်းလုပ်ရင်းနဲ့ မတတ်သာတော့တဲ့အဆုံး မှာတော့ လုံးလုံးလျားလျားရှောင်တိမ်းနေလိုက်တော့တယ်။ ကိုယ်ရောင်ဖျောက်လိုက်ကြတော့တယ်။

တစ်ချို့ကျတော့လည်း မျက်နှာပြောင်ပြောင်ပါပဲ။ ကိုယ်ဘယ်နှခါမှားခဲ့မှားခဲ့ ခပ်တည်တည်နဲ့ နေနိုင်တယ်။ တစ်ခါသုံးသမားအဖြစ်နဲ့ ဘယ်သူ့အပေါ်မှာ ဖျံကျခဲ့သည်ဖြစ်စေ နောင်တစ်ချိန်ပြန်တွေ့ကြတဲ့အခါကျတော့ မခုတ်တတ်တဲ့ကြောင်ကလေးလို ဖြူစင်ပြနေတတ်တယ်။ ဒါကလည်း နောက်ထပ်ခုတ်စရာကြွက်တစ်ကောင် မတွေ့ခင်အချိန်ကာလအကြားမှာ မခုတ်တတ်သလိုနေပြနိုင်ကြတယ်။ နောက်ထပ်တွေ့တော့ နောက်ထပ် ခုတ်ပြန်ရော။

သားကောင်တွေ့တိုင်းအမဲဖမ်းဖို့ကြိုးစားတာက သိပ်မထူးဆန်းသေးဘူး။ တစ်ခါတစ်လေကျတော့ သားကောင်တစ်ကောင်တည်းက နှစ်ခါသုံးခါအမဲဖမ်းခံနေရတာမျိုးပါ။ ခဏခဏအညာမိနေရင်တော့ အညာခံရတဲ့သူ ညံ့လွန်းရာ ကျသွားပါပြီ။ ကျောချလို့ ဓားပြမှန်းမသိရင်တော့ ကိုယ်သာညံ့ရာကျသွားပါပြီ။ တစ်ခါသုံးလား၊ ရေရှည်သုံးလား မခွဲခြားတတ်ရင်တော့ ရှေ့ဆက်ပြီးတော့လည်း ခံရဦးတော့မှာပါ။

နှစ်ခါအမဲမဖမ်းခံရဖို့အတွက်ကတော့ မျက်စေ့ကိုသေချာဖွင့်၊ နာကိုသေချာစွင့်ပြီးနေထိုင်ရမှာပါ။ တစ်ခါသုံး ပစ္စည်းတွေကျတော့ ဒါဟာတစ်ခါသုံးပစ္စည်းပါကလားဆိုတာ ထင်ရှားနေတယ်။ မူလထုတ်လုပ်စဉ်ကတည်းက တစ်ကြိမ်တစ်ခါသုံးဖို့အတွက်ပဲ။ သုံးပြီးရင် ပစ်လိုက်တော့၊ ဘာမှအန္တရာယ်မရှိဘူး။ နေရာမှန်အတိုင်းသာထားနေရင် ဘာအန္တရာယ်မှ သိပ်မရှိနိုင်ဘူး။

လူကျတော့ဒီလိုမဟုတ်ဘူး။ ဘယ်သူ့ကိုရေရှည်လက်တွဲပြီး ဘယ်သူကတော့ ရှောင်ကြည်ရမယ့်သူ ဆိုတာကို စာကပ်ထားတာမဟုတ်ဘူး။ ဒီတော့ လူကဲခတ်ညံ့တဲ့သူမှာ မကြာမကြာခံရလေ့ရှိပါတယ်။ စိန်ကဲ ရွှေကဲ ထိုနှစ်ကဲထက် လူကဲခတ်ဖို့က ပိုခက်ပါသတဲ့။ ပိုဆိုးတာက တစ်ခါသုံးလူလို့ဆိုရမယ့် လိမ်ညာလှည့်ဖျားမယ့်သူတွေ မှာ ရှိနေတတ်တဲ့ နောက်ထပ်အရည်အချင်းတစ်ချက်က လူကဲခတ်ကောင်းတာပါပဲ။ ဘယ်သူကတော့ဖြင့် ဘယ်လို ယုံလွယ်တတ်တယ်။ ဘယ်သူ့ကိုတော့ ဘယ်လိုလေးပြောလိုက်ရင်ရတယ်ဆိုတာကို သူက ကောင်းကောင်းကြီး နောကျေနေတယ်။ နယ်တကာလှည့်ပြီး တစ်ခါသုံးပညာတွေဆည်းပူးခဲ့၊ ကျင့်သုံးခဲ့လေတော့ တော်ရုံတန်ရုံ လူလောက်ဆိုရင် မူးအောင်ဝေအောင်သာမက အိုးထိန်းစက်ပေါ်တက်ပြီး သွက်သွက်လှည့်သလို ချာလပတ်လည် သွားအောင် လုပ်နိုင်စွမ်းတွေကလည်းရှိတယ်။

ဘယ်လိုတွေပဲ ကဝေအစွမ်းတွေရှိနေပါစေ၊ ကိုယ့်ကိုတစ်ပတ်ရိုက်သွားပြီဆိုရင်တော့ ခံလိုက်ရတဲ့သူက မသိဘဲ မနေပါဘူး။ သိသွားပြီဆိုပြန်တော့လည်း ဘာမှတုန့်ပြန်ခွင့်မသာတော့တာကလည်း အခက်ပါ။ ဘာပဲဖြစ်ဖြစ် နောင်ကြဉ်ဖို့လိုတာကတော့အမှန်ပါ။ ပြီးရင် တစ်ခြားသူတွေကိုယ့်လိုမခံရဖို့ ကာကွယ်ပေးရမှာကလည်း ကိုယ့်တာ၀န်ပါ။

တစ်ခါသုံးလူတွေရဲ့အန္တရာယ် ပိုပိုကျရောက်မလာအောင်ဘာတွေလုပ်ရမလဲ။ ပညာမျက်စေ့တွေဖွင့်ဖွင့် ပေးရမှာပါပဲ။ တစ်ခြားနည်းနဲ့တော့ရနိုင်မယ်မထင်ပါဘူး။ နယ်ပယ်စုံမှာကျင်လည်နေတဲ့ တစ်ခါသုံးပုဂ္ဂိုလ်များအတွက် သားကောင်တွေရှားသထက်ရှားသွားအောင်၊ ဒီအန္တရာယ်တွေနည်းနိုင်သမျှနည်းပါးလာဖို့အတွက် ကာကွယ်ပေးမယ့် သားကောင်းတွေများသထက်များလာအောင်လုပ်ဖို့ကတော့ ကိုယ်နဲ့ကိုယ့်ပတ်၀န်းကျင်ကလူတွေရဲ့ အသိဥာဏ် အဆင့်အတန်း၊ ဆင်ခြင်တုံတရားအဆင့်အတန်းတွေ မြင့်မားသထက်မြင့်မားလာအောင်ကြိုးစားမြှင့်တင်ပေးရမှာ ပါပဲ။ မြှင့်တင်ဖို့ကလည်း ဖြတ်လမ်းနည်းမရှိပါဘူး။ ဖတ်၊ မှတ်၊ လေ့လာ၊ သင်ခန်းစာယူတတ်ဖို့ တိုက်တွန်းကြရမှာ ပါပဲ။ ဒီလိုဆောင်ရွက်ရင်းနဲ့ ကိုယ်တတ်နိုင်သမျှတော့ ကိုယ့်လောကကို အလှဆင်နေကြရမှာပါပဲ။

ကိုယ်ကိုယ်တိုင်လည်း တစ်ခါသုံးလူစာရင်းမ၀င်အောင် ကြိုးစားနိုင်ကြပါစေ။ တစ်ခါသုံးလူတွေရဲ့ တစ်ပတ်ရိုက်မှု၊ ပါးပါးလှီးမှု၊ ရိတ်မှု၊ ဖြတ်မှု၊ အခွံနွှာမှုအန္တရာယ်တွေနဲ့ ဝေးအောင်လည်း နေနိုင်ကြပါစေ။ ကိုယ်ကိုယ်တိုင်လည်း ရိုးသားဖြောင့်မတ်အောင်နေနိုင်ကြပါစေ။ ကိုယ့်ပတ်၀န်းကျင်ကလူတွေကိုလည်း ရိုးသားမှု အပေါ်တန်ဖိုးထားတတ်လာအောင် စည်းရုံးလှုံ့ဆော်နိုင်ကြပါစေ။ တစ်ခါသုံးလူတွေကိုယ်တိုင်လည်းပဲ ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်လာအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။

​



သိုက်စိုးထွန်း(နတ်ရွာ)

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ထုတ်
The Voice Daily သတင်းစာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း