Jane Catherine - the storyteller
ကျွန်မတို့တတွေ လူတွေနဲ့ ဆက်ဆံရတိုင်း “personality” ဆိုတာကို ထည့်ပြောဖြစ်ကြပါတယ်။ “သူ့ personality က တစ်မျိုးလေးနော်” “ဒီလူကတော့ မောက်မာလိုက်တာ၊ personality မကောင်းဘူး” စသည်ဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီ့စကားလုံးက ဘာကို ဆိုလိုတာလဲ။ လူတစ်ယောက်ရဲ့ အကျင့်တွေလား၊ သူ့အပြောအဆိုလား၊ လုပ်ပုံကိုင်ပုံလား၊ personality ကောင်းတယ် မကောင်းဘူးလို့ ဘယ်လို ဆုံးဖြတ်ကြမလဲ၊ ကိုယ့် personality က မကောင်းဘူးဆို ပြင်လို့ရသလား စသည်ဖြင့် မေးခွန်းတွေ ထွက်လာပါတယ်။ ဒီစာမှာတော့ အဲဒီ့မေးခွန်းတွေကို အတတ်နိုင်ဆုံး ဖြေပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေး (personality) ဆိုတာ ဘာလဲ။
Personality ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မြန်မာလို ကိုယ်ရည်ကိုယ်သွေးလို့ ဘာသာပြန်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးဆိုတာ ကျွန်မတို့ရဲ့ ဘဝနေထိုင်ပုံပဲ ဖြစ်ပါတယ်။ ဘဝနေထိုင်ပုံဆိုတာမှာ စိတ်ဝင်စားမှုတွေ၊ ကျွန်မတို့ကို စေ့စော်တဲ့ အကြောင်းတရားတွေ၊ တန်ဖိုးထားမှုတွေ၊ မိမိကိုယ်ကိုယ် ခံယူပုံတွေ၊ စိတ်ခံစားမှုပုံစံတွေ အကုန်ပါပါတယ်။ သီအိုရီအမျိုးမျိုးကတော့ personality ကို ဘက်ပေါင်းစုံက သရုပ်ခွဲကြပေမဲ့ နောက်ဆုံး အနှစ်ချုပ်လိုက်ရင်တော့ ကိုယ်ရည်ကိုယ်သွေးဆိုတာ အပြုအမူတို့ရဲ့ အရင်းတည်ရာဖြစ်ကြောင်းပဲ ပြောကြတာပါ။
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဘယ်လိုသိနိုင်မလဲ၊ ရလဒ်အဖြေက တကယ်မှန်လား၊ ယုံလို့ရလား
ကိုယ့်ရဲ့ personality ကို သိချင်ရင် စိတ်ပညာရှင်တွေ တည်ဆောက်ထားတဲ့ ကိုယ်ရည်ကိုယ်သွေးစစ်ဆေးလွှာ (personality test) တွေနဲ့ သွားစစ်လို့ ရပါတယ်။ အမှန်ကန်ဆုံးရလဒ်ကို လိုချင်ရင်တော့ စိတ်ပညာရှင်ရဲ့ ကြီးကြပ်မှုနဲ့ စစ်ဆေးတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် အကြမ်းဖျင်းပဲသိချင်တာဆိုရင်တော့ အင်တာနက်ပေါ်မှာ လွယ်လင့်တကူ ရှာဖွေစစ်ဆေးနိုင်ပါတယ်။ သူတို့ဆီက ရလဒ်တွေကလည်း အတိုင်းအတာတစ်ခုအထိ ယုံကြည်လို့ရပါတယ်။ အခုထက်ထိ လူသုံးများနေတဲ့ test တွေကတော့
MBTI 16 personality test
Big Five Personality test တို့ပဲ ဖြစ်ပါတယ်။
(ဒီစစ်ဆေးလွှာတွေအကြောင်းကိုတော့ နောက်မှ အကျယ်ထပ်ရေးပေးပါမယ်။)
ကိုယ်ရည်ကိုယ်သွေး အမျိုးအစား ဘယ်နှမျိုးရှိလဲ။ မကောင်းတဲ့ အမျိုးအစားတွေ ရှိလား
ပထမမေးခွန်းက နည်းနည်း ဖြေရခက်ပါတယ်။ ဘာလို့လဲဆို စိတ်ပညာမှာ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်တဲ့ သီအိုရီတွေ အများကြီး ရှိနေပြီး အဲဒီ့ သီအိုရီတွေကလည်း ကိုယ်ရည်ကိုယ်သွေးကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြ၊ အမျိုးအစားတွေ ခွဲကြလို့ပါပဲ။ ဒါပေမဲ့ အကြမ်းအားဖြင့်တော့ ဒီလိုရှုထောင့်ကနေ ကြည့်ကြတယ်လို့ ပြောလို့ရနိုင်ပါတယ်။ စိတ်ခံစားမှု၊ အတွေ့အကြုံသစ်အပေါ်အမြင်၊ လူမှုဆက်ဆံရေး၊ တစ်ပါးသူကို ညှိယူပေးတတ်မှု၊ အလုပ်တာဝန်ယူမှု စတဲ့ရှုထောင့်တွေ ဖြစ်ပါတယ်။ ဒီထဲမှာမှ စိတ်ခံစားလွယ်သူ စိတ်လိုက်မာန်ပါလုပ်တတ်သူတွေ၊ အတွေ့အကြုံသစ်ကို လက်မခံဘဲ မျက်စိတ်ပိတ်နားပိတ် နေတတ်သူတွေ၊ လူမှုဆက်ဆံရေးမှာ အခက်အခဲရှိလွန်းသူတွေ၊ တာဝန်ယူမှု မရှိသူတွေကိုတော့ မကောင်းဘူးလို့ ယေဘုယျအားဖြင့် သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ပုံမှန်စစ်ဆေးလွှာတွေမှာ ပါလေ့မရှိတဲ့ မိမိကိုယ်ကိုယ်မိမိ ချစ်ခင်လွန်းတာတို့ တစ်ဖက်သားကို အသိအမှတ်မပြုတတ်တာတို့ကိုလည်း မကောင်းဘူးလို့ သတ်မှတ်ကြပါတယ်။
မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြင်လို့ရနိုင်လား
ကိုယ်ရည်ကိုယ်သွေးဆိုတာ ကျွန်မတို့ ရုပ်ရည်တွေလိုပဲ အလွယ်တကူ မပြောင်းတတ်ပါဘူး။ အသက်ကြီးသွားလို့ ရုပ်ပြောင်းသွားတယ်ဆိုရင်တောင် ငယ်ငယ်က တစ်ချို့လက္ခဏာလေးတွေ ကျန်နေသေးသလိုပေါ့။ ကိုယ်ရည်ကိုယ်သွေးဆိုတာလည်း အသက်ကြီးလာလို့ ရင့်ကျက်လာတာနဲ့အမျှ နည်းနည်းချင်းစီ ပြောင်းလဲလာတတ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်က သင်ယူရလိုက်တဲ့အတွေ့အကြုံတွေ (အဆိုးဆုံး trauma တွေအထိပေါ့) ကလည်း ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲစေပါသေးတယ်။ ဒါပေမဲ့ ကိုယ်က လူအများနဲ့ ဆက်ဆံရတာမကြိုက်တဲ့ introvert ဆို ချက်ချင်း extrovert ကြီးဖြစ်သွားမှာတော့ မဟုတ်ပါဘူး။
ကိုယ့်မှာ မကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးလက္ခဏာတွေ ရှိမယ်၊ ကိုယ်ချစ်တဲ့သူမှာ အဆင်မပြေနေတဲ့ personality trait တွေ ရှိနေမယ်ဆိုရင်တော့ စိတ်ကုထုံးပညာရှင်နဲ့ တိုင်ပင်ပြီး ဘာတွေအကောင်းဆုံးလုပ်နိုင်မလဲဆိုတာ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် အောက်ကအချက်တွေရှိရင်တော့ မကောင်းတဲ့ personality trait ကိုလည်း ပြောင်းလဲနိုင်ပါတယ်။
စာက တော်တော်ရှည်သွားပေမဲ့ အခုဆို ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံလေး သိသွားကြပြီလို့ မျှော်လင့်ပါတယ်နော်။ နောက်အပိုင်းဆက်တွေမှာလည်း လက်တွေ့ဘဝနဲ့ ဆက်စပ်ပြီး အသုံးဝင်တဲ့ စိတ်ပညာအကြောင်းအရာလေးတွေကို ပြောပြသွားမှာမို့ ဆက်ပြီး ဖတ်ရှုသွားပေးကြပါဦး။ အဆုံးအထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
Keep Reading