Author's Profile Photo

Kavi

28/08/2024

နစ်နာသူ

2 mins read
Personal Development
General Knowledge
18 Again
Self-victimization ဆိုတာဘာလဲ? 


လူတစ်ဦးတစ်ယောက်ဟာ အခြေအနေတစ်ရပ်ရပ်ရဲ့ နစ်နာသူအဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်နေတာ၊ ကိုယ့်ကိုကိုယ် ခံယူနေတဲ့ အပြုအမူ၊ စိတ်သဘောထားကို self-victimization လို့ ခေါ်ပါတယ်။ အခြားသူတွေက သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို တမင်တကာ ဖန်တီးနေတယ်လို့လည်း ယုံကြည်ထားကြသူတွေပါ။ အခြားသူတွေက သူတို့ကို "နစ်နာသူ" ဆိုတဲ့ အခြေအနေတစ်ရပ် ရောက်အောင် တမင်တကာ တွန်းပို့နေတယ်လို့ ခံယူထားကြသူတွေပါ။

မတရားမှုတွေ များစွာကြုံတွေ့နေရတဲ့ ယခုခေတ်ယခုအခါမှာ လူအများစုဟာ ကိုယ့်ကိုယ်ကို ပျော့ညံ့တယ်၊ ကိစ္စတစ်ခုမှာဆိုရင် ကိုယ်ဟာ နစ်နာသူဖြစ်တယ်၊ ပြဿနာတစ်ခု ဖြစ်လာရင် ကိုယ်ဖြေရှင်းနိုင်တာ ဘာမှမရှိဘူး လို့ပဲ ခံယူထားကြလေ့ရှိပါတယ်။ လူတိုင်းဟာ နေ့တိုင်းနေ့တိုင်း ပြဿနာ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ရစမြဲပါ။ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အမှန်တကယ် ကိုယ်တိုင် တာဝန်ယူဖြေရှင်းနေသူလည်းရှိသလို ကိုယ်တိုင် ဖြေရှင်းရမယ့်အစား အခြားသူတွေကို အပြစ်တင်ပြီး ကိုယ့်ကိုယ်ကို နစ်နာသူအဖြစ် ခံယူထားကြသူတွေလည်း ရှိပါတယ်။

ဒီစိတ်နေစိတ်ထားဟာ အရင်အတိတ်တစ်ချိန်က ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် သော်လည်းကောင်း၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတာကြောင့် သော်လည်းကောင်း၊ ကိုယ့်လုပ်ရပ်ကို ကိုယ်တိုင်တာဝန်မယူနိုင်တာကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ နစ်နာသူနေရာက နေရင်းနဲ့ပဲ အချိန်ကြာလာတဲ့အခါမှာ အဲ့လူဟာ ကိုယ့်ဆန္ဒ ပြည့်ဝဖို့အတွက် အခြားသူတွေကို အနှောက်အယှက်တွေ ပေးလာမယ်၊ ဘယ်ကိစ္စအပေါ်မှာမဆို အဆိုးမြင်ဝါဒီကိုပဲ ကျင့်သုံးလာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို နစ်နာသူလို့ပဲ ခံယူထားရင် ကိုယ့်ဘက်က ဘာတွေဆုံးရှုံးရနိုင်လဲ? ပေးဆပ်ရမှာတွေရှိပါတယ်။

၁. တိုးတက်မှု ဆုတ်ယုတ်ခြင်း

ကိုယ်ကိုယ်ကို နစ်နာသူလို့ပဲ ခံယူထားတာကြောင့် ကိစ္စတော်တော်များများမှာ အများနှင့် တစ်ယောက် "တစ်လောကလုံးက ငါ့ကိုဆို ဒီလိုချည်းပဲ" "အများနဲ့ တစ်ယောက်ဖြစ်နေတာ။ ငါလုပ်နိုင်တာ ဘာမှ မရှိဘူး" လို့ပဲ လက်ခံယုံကြည်ထားကြပြီး ဘာမှမလုပ်၊ ဘာမှ မကြိုးစားတော့ဘဲ လက်မှိုင်ချ အရှုံးပေးနေမှာပါ။ ဒီလိုနဲ့ ပြဿနာတစ်ခု ဖြစ်လာရင် အဲ့​ပြဿနာကို ရင်ဆိုင်ဖြေရှင်းပြီး ရယူသင့်တဲ့ ဘဝသင်ခန်းစာတွေကို အမိအရ မယူလိုက်နိုင်တာကြောင့် ကိုယ့်ဘဝ တိုးတက်မှုတွေ ဆုတ်ယုတ်လာနိုင်ကြပါတယ်။

၂. ဆက်ဆံရေးပြဿနာတို့ ကြုံတွေ့ခြင်း

ကိစ္စတစ်ရပ်မှာ "ငါကသာ ခံရတဲ့သူ" လို့ခံယူထားတာက မောင်နှမဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး၊ သမီးရည်းစားဆက်ဆံရေး၊ မိသားစုဆက်ဆံရေး စတာတွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကိုယ်က လူတွေရဲ့ အာရုံစိုက်မှု၊ ဂရုစိုက်မှုတွေကို လိုချင်လို့ နစ်နာသူအနေနဲ့ပဲ ဟန်ဆောင်နေတဲ့အခါမှာ တစ်ဖက်သူက မွန်းကျပ်လာနိုင်ပြီး အဝေးကို ရှောင်ဖယ်သွားနိုင်ပါတယ်။

၃. အဆိုးမြင်ဝါဒ တိုးပွားလာနိုင်ခြင်း

လူတွေက ကိုယ့်စိတ်စေရာအတိုင်း ပြုမူကြပါတယ်။ တကယ်လို့ ကိုယ့်စိတ်ထဲမှာ ကိုယ်က အခြေအနေတစ်ရပ်ရဲ့ နစ်နာသူ ဖြစ်တယ်လို့ ခံယူလိုက်တာနဲ့ စိတ်က နစ်နာသူတို့ ပြုမူတဲ့အတိုင်း ပြုမူဖို့ တွေးခေါ်ဖို့ တွန်းအားပေးလာနိုင်ပါတယ်။ ဒီလိုနဲ့ပဲ "ဘာလို့ ငါ့ကိုဆို ဒီလိုအမြဲ ဖြစ်နေရတာလဲ" "ငါလို ပျော့ညံညံလူတစ်ယောက်က ဘယ်လိုလုပ်လုပ် ဒီလိုလုပ်နိုင်လဲ" ဆိုတဲ့ မကောင်းတဲ့ အတွေးအခေါ်တွေပဲ တွေးခေါ်လာနိုင်ပါတယ်။

၄. အခွင့်အရေးများ လက်လွှတ်ဆုံးရှုံးရခြင်း

ကိုယ်ကြုံတွေ့နေရတဲ့ မတရားမှုတွေကိုပဲ အာရုံစိုက်နေရင် ကိုယ့်မျက်စိရှေ့မှာရှိနေတဲ့ အခွင့်အရေးတွေကို မမြင်နိုင်ဘဲ လက်လွှတ်ဆုံးရှုံးသွားရပြီး ဘဝရဲ့ အောင်မြင်မှုအခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီလိုဆုံးရှုံးလိုက်ရတာကြောင့် နောင်တစ်ချိန်မှာ နောင်မှရတဲ့ နောင်တတွေလည်း ရရှိနိုင်ပါတယ်။

ဒီလိုမျိုး ပေးဆပ်လိုက်ရတာတွေ ရှိတာတောင် ကိုယ့်ကိုကိုယ် နစ်နာသူဖြစ်တယ်လို့ ခံယူထားတုန်းလား။ 

တွေးကြည့်ရအောင်ပါ။ ယခုခေတ်အခါမှာ "ကျွန်တော်က ဒီကိစ္စမှာ မတရားခံရတာပါ" "ကျွန်မက နစ်နာသူပါ" ဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ မျှဝေထားတာတွေကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်က တကယ်ပဲ ပျော့ညံ့သူတစ်ယောက်လား။ ကိုယ့်ကို အခြားသူတွေက တကယ်ပဲ အဲ့လို မတရားသဖြင့် ပြုမူနိုင်လို့လား။

အမှန်တကယ်တော့ ကိုယ်ဟာ ကိုယ့်ကိုယ်ကို ထင်ထားတာထက်ပိုပြီး သန်မာပါတယ်။ ကိုယ့်ရဲ့ ဘဝကို အခြားတွေ ထိန်းချုပ်လို့ မရသလို၊ ကိုယ့်ကိုလည်း ဘယ်သူကမှ လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ မရပါဘူး။ အခက်အခဲတစ်ခု ကြုံတွေ့ရမယ်ဆိုရင်တောင် "ငါလုပ်နိုင်တာ ဘာမှ မရှိပါဘူး" လို့တွေးပြီး လက်မှိုင်ချမနေဘဲ အခြားသောရှုထောင့်ကနေ ဒီအခက်အခဲကို ဘယ်လိုနည်းနဲ့ ကျော်ဖြတ်ရမလဲ၊ ဒီအခက်အခဲကနေ ဘယ်လိုသင်ခန်းစာတွေ ရရှိနိုင်မလဲ ဆိုတာကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။

အညွန့်တလူလူတက်နေတဲ့ လူငယ်တွေဟာ အမှန်တကယ်တော့ မပျော့ညံ့ပါဘူး။ လူငယ်တွေဟာ နစ်နာသူတွေ မဟုတ်ပါဘူး။ လူငယ်တွေဟာ သန်မာကြပါတယ်။ လူငယ်တွေမှာ စွမ်းဆောင်ရည်တွေ အများကြီး ရှိပါတယ်။ လူငယ်တွေဟာ ဘယ်လို အခက်အခဲကိုမဆို ကြုံတွေ့နေကြရပါစေ ကိုယ့်အတွက်ကို မားမားမတ်မတ် ရပ်တည်နိုင်ကြပါတယ်။

Kavi(ကဝိ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း