Mya Chan Myae
စိတ်ဆိုတာဟာ ထိန်းချုပ်ရခက်တဲ့ အရာတစ်ခုပါ။
စိတ်သာရှိရင် ဘာဖြစ်ဖြစ်လုပ်နိုင်တယ်ဆိုတာကိုအားလုံးလည်းကြားဖူးကြပါတယ်။
လူတစ်ယောက်မှာ မေ့ပျောက်ထားလို့ မရတဲ့ အရေးကြီးဆုံးက စိတ်ပါပဲ။ထိန်းချုပ်လို့မရတဲ့စိတ်အမျိုးမျိုး လူတိုင်းလူတိုင်းမှာ ရှိကြပါတယ်။ဒါတွေတော့ မပြောပြတော့ပါဘူးနော်။
-စိတ်ရဲ့အောက်ကမနေပါနဲ့ စိတ်ရဲ့အထက်ကနေပါ။
ပြောချင်တဲ့messageကတော့ စိတ်က ထိန်းချုပ်တာကို မခံပါနဲ့ ကိုယ်ကပဲ စိတ်ကိုထိန်းချုပ်နိုင်အောင် လုပ်ပါ။ ကျွန်မဆို ငယ်ငယ်က မအိပ်ခင် စာကျက်ဖို့ဟာ အခက်ခဲဆုံးအလုပ် ဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆို အိပ်ချင်လာပြီဆိုတဲ့စိတ်ဝင်လာတာနဲ့ စာထဲလည်း စိတ်မပါတော့လို့ အိပ်လိုက်မိတာချည်းပါပဲ။စိတ်က ကျွန်မကို ထိန်းချုပ်သွားခဲ့တာပါ။
လမ်းခွဲသွားပြီဖြစ်တဲ့ချစ်သူကို အရမ်းသတိရလာတဲ့စိတ်ဝင်လာလို့ ဘာမှမစဥ်းစားဘဲ ဖုန်းဆက်လိုက်တယ်။ တစ်ဖက်လူရဲ့အတွေးမှာ ကိုယ်ဟာ စျေးပေါတဲ့ လူတစ်ယောက်အဖြစ် အမြင်ခံသွားရပါပြီ။ ကိုယ့်စိတ်ကို ထိန်းနိုင်တဲ့သူက ကိုယ့်ဘဝကိုယ်ပါ နိုင်နင်းတယ်ဆိုတဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု ဝင်လာစေပါတယ်။
-နတ်ဆိုးအတွေးတွေကို တိုက်ထုတ်ပါ။
အမေရိကန်သမ္မတဒေါနယ်ထရန့် ပြောဖူးတဲ့ စကားလေး ရှိပါတယ်။ ကျွန်တော်တို့ဟာ ရွေးချယ်ရခက်တဲ့ အခြေအနေ၊စိတ်လှုပ်ရှားတဲ့ အခြေအနေ၊ကြောက်စိတ်ဝင်တဲ့ အခြေအနေမျိုးတွေမှာ မသိစိတ်က နတ်ဆိုးအတွေးတွေကို ထုတ်လွှတ်ပေးလေ့ရှိပါတယ်တဲ့။ စင်ပေါ်တက်ပြီး စကားပြောရမယ်ဆိုပါစို့ ငါစကားများ ထစ်သွားမလား ပြောရမှာကိုများမေ့သွားရင် ဒူးများတုန်နေခဲ့ရင်ဆိုတဲ့ နတ်ဆိုးအတွေးတွေ ထွက်လာပါတော့တယ်။ကျွန်တော်တို့ ဒါတွေကို ဘယ်လို တိုက်ထုတ်ရမလဲဆိုတော့ အကယ်၍ ဒူးမတုန်ရင်ရော ၊စကားမထစ်ရင်ရော၊ပြောရမှာတွေကို မမေ့ရင်ရော စတဲ့ အတွေးမျိုးလေးတွေ ဖြည့်ပေးခြင်းအားဖြင့် အဆင်ပြေသွားနိုင်ပါတယ်တဲ့။
-ဦးနှောက်၊သိစိတ်နဲ့ မသိစိတ်ကို သတိထားထိန်းချုပ်ပါ။
စာတွေဖတ်ထားတာဟာ ဦးနှောက်က စဥ်းစားနိုင်အောင်လို့ပါ။မသိစိတ်က မလုပ်သင့်တာကို လုပ်ဖို့ ခိုင်းနေရင် ငါဒါကို မလုပ်သင့်ဘူး ငါ့အတွက် ဆိုးကျိုးဖြစ်နိုင်တယ် ဆိုပြီး ပြောနေပေးပါ။အချိန်ကြာလာတာနဲ့အမျှ အကျိုးထူးလာပါတယ်။ မသိစိတ်ကို သတိထားပါ ။ သိစိတ်ကနေ မလုပ်သင့်မှန်း သိပေမယ့် မသိစိတ်က လုပ်နေကျမို့ လုပ်ဖို့ ခိုင်းနေခဲ့ရင် ဦးနှောက်နဲ့ တွန်းလှန်ပါ။ ဥပမာ မနက်မှာ 6နာရီ ထမယ်ဆိုပြီး နိူးစက်မြည်တဲ့အခါကျ ပြန်ပိတ်ပြီး အိပ်မိတော့မယ်ဆိုရင် ငါမအိပ်သင့်ဘူး ငါထရမယ် လမ်းလျှောက်ကို လျှောက်ရမယ် စသည်ဖြင့် ပြောပေးနေပါ။ကျွန်မ တို့ကို တစ်ယောက်ယောက်က နားပူနားဆာ လာလုပ်ရင် မခံနိုင်သလိုမျိုး မသိစိတ်ဟာ ဦးနှောက်က ပြောနေတာကို လက်ခံလာပါလိမ့်မယ်။
ကဲ ဒီလောက်ဆို စိတ်ကို အတော်အသင့် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ဒီစာလေးကို ဖတ်ပြီး တစ်ခုခု ဗဟုသုတ ရသွားမယ်ဆိုရင်ဖြင့် ကျေနပ်ပါပြီရှင့်။အမှားပါရင် သည်းခံခွင့်လွှတ်ပေးပါ။ ဘဝင်မကျတာများတွေ့ခဲ့ရင်လည်း ဝေဖန်အကြံပြုနိုင်ပါတယ်ရှင့်။ဒီအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။
မြချမ်းမြေ့
Keep Reading