Jane Catherine - the storyteller
“Psychologyဆိုတာ ဘာကြီးလဲ?
” ဒီမေးခွန်းကို ကျွန်မ အဘွားကို သွားမေးရင် သူက ဒီလို ပြန်ဖြေပါလိမ့်မယ်။
“ဒါများ အလွယ်လေး… စိတ်ပညာပေါ့။ အဲဒါ အဘွား စာပေးစာယူတက်တုန်းက ယူခဲ့တဲ့ ဘာသာပေါ့”
တစ်ချို့သူတွေကတော့
“အဲဒါ အရူးဘာသာပေါ့။ ဆိုက်ကိုယူရင် ဆိုက်ကို ဝင်တတ်တယ်လေ”
လို့ ဟားပါလိမ့်မယ်။
တစ်ချို့တွေကျတော့လည်း
“အဲဒါ စိတ်ဖတ်တာပေါ့။ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူကြောက်နေသလား ဝမ်းသာနေသလား အကုန်သိနိုင်တယ်”
လို့ အထင်ကြီးတတ်ကြပါတယ်။
အဲဒီတော့ စိတ်ပညာဆိုတာ ဘာကြီးပါလဲ? တက္ကသိုလ်မှာ ဒီလိုပဲ သင်ခဲ့ရတဲ့ ဘာသာရပ်လား၊ လေ့လာသူတွေ စိတ်မနှံ့ဖြစ်သွားရလောက်အောင် ခက်ခဲတာလား၊ ဒါမှမဟုတ် လူတစ်ယောက်ကို ခေါင်းအစ ခြေအဆုံး တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒီသူအကြောင်း အကုန်သိသွားစေတဲ့ ပညာရပ်ကြီးလား. . .
စိတ်ပညာဆိုတာ ဒီနိုင်ငံမှာတော့ တက္ကသိုလ်ရောက်မှ သင်ယူရတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ အနောက်နိုင်ငံနဲ့ ဩစတြေးလျက အချို့သော အထက်တန်းကျောင်းက သင်ရိုးတွေမှာတော့ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဘာသာရပ်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ စိတ်ပညာက လူတွေရဲ့ အပြုအမူနဲ့ စိတ်ဖြစ်စဉ်ကို စနစ်တကျလေ့လာတာဖြစ်တဲ့အတွက် သင်ယူသူတွေ (အထက်တန်းကျောင်းသားလေးတွေ)က ကိုယ့်စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတိထားမိလာဖို့၊ ပတ်ဝန်းကျင်ရှိသူတွေနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့အခါ ချောမွေ့ကောင်းမွန်စေဖို့တွေအတွက် ရည်ရွယ်ပါတယ်။ စိတ်ပညာသင်ရင်း သုတေသနစွမ်းရည်တွေပါ ရသွားတဲ့အတွက် နောက်ဆုံး အလုပ်အကိုင်အခွင့်အလမ်းအထိပါ တိုးတက်ကောင်းမွန်စေပါတယ်တဲ့။
စိတ်ပညာက အရူးဘာသာကြီးတဲ့၊ သင်တဲ့သူတွေ ဆိုက်ကိုဝင်သွားတာပေါ့ ဆိုတာတွေက psychopathology (or) abnormal psychologyလို့ ခေါ်တဲ့ စံလွဲစိတ်ပညာ (စံလွဲအပြုအမူတွေကို လေ့လာတဲ့ စိတ်ပညာရဲ့ ဘာသာရပ်ခွဲကလေး)ကို အစွဲပြုပြီး ပေါ်ပေါက်လာတဲ့ အယူအဆမှားတွေ ဖြစ်ပါတယ်။ စံလွဲစိတ်ပညာဆိုတာ အများပြုမူနေတဲ့ ‘စံ’အပြုအမူကနေ လွဲဖယ်သွားတဲ့ အပြုအမူတွေကို လေ့လာတာပါ။ ရှင်းရှင်းပြောရရင်တော့ အရပ်အခေါ် “စိတ်မနှံ့သူ”တွေကို လေ့လာတာပေါ့။ (ဒါပေမဲ့ သိထားရမှာက စံလွဲရုံနဲ့တင် အရူးခေါ်လို့ မရသေးဘူးဆိုတာပါပဲ) ဝမ်းသာစရာကတော့ နှလုံးရောဂါကို လေ့လာတဲ့ အထူးကုသမားတော်ကြီးတွေဟာ ဆေးကျောင်းဆင်းတာနဲ့ နှလုံးရောဂါ ရမလာသလိုပဲ စံလွဲစိတ်ပညာကို လေ့လာသူတွေက မရူးသွားတတ်ကြပါဘူးတဲ့ရှင်။
ဟိုးရှေးပဝေသဏီတုန်းကတော့ စိတ်ပုံမှန်မဟုတ်သူတွေကို ကုသဖို့ဆိုပြီး နည်းလမ်းရှာကြရင်းနဲ့ စိတ်ပညာဆိုတဲ့ ဘာသာရပ်တစ်ခု ပေါ်ပေါက်လာခဲ့တာပါ။ ဒါပေမဲ့ အခုခေတ်စိတ်ပညာက ဆေးခန်းထိုင်တာ တစ်ခုပဲ မဟုတ်တော့ပါဘူးနော်။ စာသင်ခန်းထဲမှာ သင်ကြားသူနဲ့ သင်ယူသူတွေကြားထဲ ဘယ်လိုတုံ့လှယ်ကြတယ်ဆိုတာ လေ့လာတဲ့ educational psychologyလိုမျိုး၊ လူတွေက အုပ်စုလိုက်စုဝေးကြတဲ့အခါ ဘာတွေ ဘာကြောင့်ဖြစ်ကြတယ်ဆိုတာ လေ့လာတဲ့ social psychologyလိုမျိုး၊ အဖွဲ့အစည်းကြီးတစ်ခုထဲမှာ လူတွေ ဘယ်လိုပြုမူကြတယ်ဆိုတာ လေ့လာတဲ့ industrial and organizational psychologyလိုမျိုး စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်ကို အကျိုးပြုတဲ့ ဘာသာရပ်ခွဲတွေ အများကြီး ရှိနေပါပြီ။ အဲဒီတော့ တစ်ယောက်ယောက်က “စိတ်ပညာဆိုတာ အရူးတွေကို လေ့လာတဲ့ဘာသာ။ ရူးမယ် သတိထား”လို့ လာပြောရင် “ကျောက်ခေတ်မှာ ကျန်ခဲ့ပြီလား”လို့သာ ပြန်မေးလိုက်ပါတော့နော်။ (ဟုတ်ကဲ့ စာသင်နှစ်တစ်နှစ်လုံး စာမလုပ်ဘဲ စာမေးပွဲနီးမှ ကုန်းလုပ်မယ်ဆိုရင်တော့ ရူးသွားမှာ အမှန်ပါပဲ?)
တစ်ချို့တွေကျတော့လည်း စိတ်ပညာဟာ လူတစ်ယောက်ကို တစ်ချက်ရှိုးလိုက်ရုံနဲ့ သူ့မှာ ဘာတွေဖြစ်နေလဲ အကုန်သိနိုင်တယ်ဆိုပြီး အထင်ကြီးကြပါတယ်။ ကျွန်မသူငယ်ချင်းတွေဆို “ငါ့စိတ်ထဲမှာ ဘာတွေရှိလဲ ပြောပြ”ဆိုပြီး အပြောခိုင်းတတ်ကြပါတယ်။ ကျွန်မကတော့ “ငါ မဖတ်တတ်ဘူး” လို့ ပြန်ပြောရပါတယ်။ အဲဒီတော့ စိတ်ပညာကျောင်းသားတွေက ဘာတွေသင်ကြရတာလဲ? စိတ်ဖတ်တတ်ဖို့ သင်ရတာလားဆိုရင် အင်း… အပြုအမူနဲ့အပြောအဆိုကို ဖတ်တတ်ဖို့ သင်ပေးတာဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ ဘယ်နေရာမှာ ဘယ်သူတွေက ဘယ်လိုပြုမူတတ်ကြတယ်ဆိုတာတွေ၊ စိတ်နဲ့ ခန္ဓာ ဆက်စပ်ပုံတွေကို စနစ်တကျလေ့လာထားတဲ့ စာတမ်းတွေကို ဖတ်ရ၊ ဆွေးနွေးရ၊ လေ့လာရပါတယ်။ အဲဒါကြောင့် ကိုယ့်ရှေ့မှာ ရပ်နေတဲ့သူတစ်ယောက်က စကားပြောရင်း မျက်လုံးလွှဲလိုက်တာတွေ၊ လက်သည်း ကိုက်နေတာတွေကို ကြည့်ပြီး ဒီလူတော့ ဘယ်လိုဖြစ်နေပြီထင်တယ်ဆိုတဲ့ ခန့်မှန်းချက်မျိုး ထုတ်နိုင်ကြတာပါ။ အမှန်ပြောရရင်တော့ ဒါတွေက စိတ်ပညာသင်မှ မဟုတ်ဘဲ လူတွေနဲ့ အမြဲထိတွေ့နေရပြီး လူကဲခတ်ကောင်းသူတွေလည်း သိနိုင်ကြပါတယ်။ (ကျွန်မတို့ ငယ်ငယ်ကတည်းက မုန့်ဖိုးမတောင်းခင် အမေ့အရိပ်အကဲကို ကြည့်ဖူးခဲ့ကြတာပဲကို) စိတ်ပညာလေ့လာသူတွေကတော့ ပညာရပ်တစ်ခုလို စနစ်တကျသင်ယူကြရတာပေါ့။
ကဲ.. အခုဆိုရင် အပေါ်ကမေးခွန်း၃ခုလုံးကို ဖြေပြီးသွားပါပြီ။ ထပ်သိချင်တာရှိရင်၊ ပြောချင်တာရှိရင် commentမှာ ရေးခဲ့ကြပါဦးနော်။
Keep Reading