Author's Profile Photo

LY Cho

21/08/2024

ကြောက်စိတ်ကိုကျော်လွှားခြင်း

4 mins read
Personal Development
Business
General Knowledge
ကြောက်စိတ်ကိုကျော်လွှားခြင်း's photo
"မင်း ဘယ်တော့မှ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး"

ဆိုတဲ့ ဆရာဝန်ကြီးရဲ့ စကားတွေကို ပြန်‌ကြားယောင်မိတိုင်း ကျွန်တော့်လက်တွေနဲ့ ခွဲစိတ်ဓားဆိုတာ လားလားမှ မသက်ဆိုင်ဘူးလို့ တွေးမိလာတယ်။ကျွန်တော် အကူဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်တုန်းက အလွန်ကိုဒေါသကြီးတဲ့ဆရာကြီးရဲ့လက်အောက်မှာ တာဝန်ကျခဲ့တယ်။ ဆရာကြီးကအရမ်းစိတ်ဆတ်တယ်။ခွဲစိတ်မှုတစ်ခုလုပ်လို့ သူ့ဘေးမှာနေရင် ဓားလိုချိန် ဓားပေးမှ၊ သူ့ပါးစပ်က ထုတ်မတောင်းရပဲ အလိုက်တသိပေးမှ၊ မဟုတ်ရင်တော့ " မင်းဘယ်တော့မှဆရာဝန်ကောင်းတစ်ယောက်ဖြစ်မှာမဟုတ်ဘူး" ဆိုပြီး အပြစ်တင်သွားလေ့ရှိတယ်။ ဆရာကြီးဆီက ဒီစကားတွေ ခဏတိုင်းကြားနေရတော့ ခွဲစိတ်ခန်းနဲ့ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ကို ထင်ခဲ့မိတယ်။ တကယ်လည်း ရှောင်ခဲ့တယ်။ ကျွန်တော် ဘယ်တော့မှ ဆရာဝန်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူးဆိုပြီး အမြဲအဲ့ဒီအတွေးတွေနဲ့ရှေ့ဆက်ခဲ့တယ်။

စင်စစ် ...ကျွန်တော်ဟာ မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပန်ဝါမြို့လေးရဲ့ တစ်ဦးတည်းသော ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ မြို့လေးဆိုပေမယ့် တစ်နှစ်ပါတ်လုံး နှင်းတွေနဲ့ဖုံးလွှမ်းထားတဲ့ အလွန်အေးတဲ့ဒေသလေးပေါ့။တစ်မြို့လုံးမှာ ဆေးရုံလေးတစ်ခုသာရှိပြီး ထိုဆေးရုံလေးမှာ ဆရာဝန်‌ဆိုလို့ ကျွန်တော်တစ်ယောက်သာရှိတာပါ။ဒေသခံတို့ကလည်း တိုင်းရင်းသားတွေဖြစ်တဲ့အလျောက် ကျန်းမာသန်စွမ်းကြတယ်။ သာမာန် အအေးမိရုံ၊နှာစေးရုံနဲ့ ဆေးခန်းကိုမလာကြ။ သူတို့တိုင်းရင်းဆေးကိုသာ မှီဝဲကြတယ်။ ဒါကြောင့် ဆေးခန်းမှာ လူနာဆိုတာ မရှိသလောက်ပါပဲ။


တစ်နေ့မှာတော့ ကျွန်တော်တို့ဆေးရုံကို accident ဖြစ်လာတဲ့လူနာတစ်ယောက် ယောက်လာခဲ့တယ်။ လူနာက ဆေးရုံကိုရောက်တဲ့အချိန်မှာ သွေးထွက်လွန်နေပြီးသတိမေ့နေတယ်။ခါးကလည်း ပြင်းပြင်းထန်ထန်ထိခိုက်ထားပုံရတယ်။ကျွန်တော်သေချာစစ်ဆေးကြည့်တော့ ခါးရိုးကကျိုးသွားတာကိုတွေ့ရတယ်။ ဖြစ်စဉ်ကိုသေချာသိချင်လို့ လူနာရဲ့သားဖြစ်သူကိုမေးကြည့်တော့" တောထဲမှာ ထင်းရှူးပင်ခုတ်ရအောင် အဖေနဲ့တူတူသွားတာ၊အဖေက သူခုတ်မယ်၊ကျုပ်ကိုဝေးဝေးမှာနေခိုင်းပြီး သူခုတ်ပြီးမှ အပင်ကြီးကိုတူတူဆွဲကြမယ်လို့ပြောတယ်။ဖြစ်ချင်တော့ အဖေ ခုတ်နေတဲ့အချိန်မှာရုတ်တရက် နှင်းမုန်တိုင်းတစ်ခုဝင်ပြီး လေပွေဝှေ့လိုက်တာခုတ်နေတဲ့သစ်ပင်ကြီးက အဖေ့ပေါ်ကို လဲကျလာတယ်။ အဖေလည်း ပြေးတော့ပြေးပေမယ့် အောက်က နှင်းတွေနဲ့ဆိုတော့ ပြေးမရခဲ့ဘူး၊ လဲကျသွားတယ်။ အဲ့မှာ ထင်းရှူးပင်စည်ကြီးက အဖေ့ ခန္ဓာကိုယ်ပေါ်ကို လဲကျသွားတာ" လို့သားဖြစ်သူကပြောပြတယ်။

သေချာစစ်ဆေးကြည့်တော့ လူနာက မတော်တဆဖြစ်ရပ်ကြောင့် ခါးရိုးကျိုးသွားတာကိုတွေ့ရတယ်။ ၉ခုမြောက်ခါးဆစ်ရိုးက တော်တော်ပြင်းပြင်းထန်ထန် ကျိုးသွားတာ။ အဲ့ဒီနေရာကျိုးသွားခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးက ကျောရိုးနာဗ့်ကြော အပေါ် ဖိအားတစ်ခုသက်ရောက်သွားတယ်။ ဒီဒဏ်ရာ အခြေအနေဟာ မခွဲစိတ်ဘူးဆိုရင် လေဖြတ်တဲ့အထိဖြစ်သွားနိုင်တယ်။ ကျွန်တော်လည်း တွေဝေမနေတော့ဘဲ ဖုန်းတစ်ချက်ကောက်ဆက်လိုက်တယ်။ ကျွန်တော့်အတွေးက မြို့နယ်ကြီးစီက ဆရာဝန်တစ်ယောက် အကူလှမ်းတောင်းမယ်ပေါ့။ ဖြစ်ချင်တော့ နှင်းမုန်တိုင်းကျထားတာကြောင့် ဆက်သွယ်ရေးလိုင်းတွေ အကုန်ပြတ်တောက်နေခဲ့တယ်။ ကျွန်တော်တို့မြို့လေးဟာ သီးသန့်ကမ္ဘာတစ်ခုလိုဖြစ်သွားခဲ့တယ်။ နောက်တစ်နည်းစဉ်းစားရတာက ကျွန်တော် ခုချက်ချင်း စာပို့တိုက်ကနေ စာတစ်ခုပို့လိုက်တယ်။ဆရာဝန်အကူအမြန်လွှတ်ပေးဖို့။ ဒါပေမယ့် စာကိုရောက်ဖို့က သုံးနာရီလောက်ကြာမယ်။ ဒီစာရောက်ရင်လည်း ဟိုကအကူဆရာဝန်လာမှာနဲ့ဆို တစ်ရက်နီးပါးလောက် ထပ်စောင့်ရမှာ။ အဲ့ဒီအချိန်ထိ စောင့်ရင် ဒီလူနာ ကျိန်းသေပေါက် သေမှာ။

ကျွန်တော်အဘက်ဘက်က စဉ်းစားပြီးတဲ့နောက်မှာ အခုအခြေအနေတွေကို လူနာရဲ့မိသားစုကိုပြောပြခဲ့တယ်။ အကူဆရာဝန်လာမှ ခွဲစိတ်လို့ရမည်ဖြစ်ကြောင်း၊ မုန်တိုင်းကြောင့် ဆရာဝန်ရောက်မှာကလည်း ကြာမည်ဖြစ်ကြောင်း ပြောပြခဲ့တယ်။ လူနာရဲ့သားနဲ့သမီးကတော့ ငိုယိုလို့ပေါ့။ ကျွန်တော်လည်း စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ အဲ့ဒီမှာ လူနာရဲ့မိန်းမက " အကူဆရာဝန်မလာရင် ဆရာခွဲ‌စိတ်ပေးပါ" ဆိုပြီး ပြောခဲ့တယ်။ ဟာ.....ကျွန်တော့်ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလိုပဲ။ ဒီအမျိုးသမီး မသိလို့မို့ ဒီလိုစကားပြောထွက်တာလားပေါ့။ ကျောရိုးခွဲစိတ်မှုဆိုတာ သာမန်ခွဲစိတ်မှုတွေနဲ့မတူပါဘူး။ အင်မတန်ကို နက်နဲရှုပ်ထွေးတဲ့ခွဲစိတ်မှုကြီးတစ်ခုပါ။ မဖြစ်ဘူး....ကျွန်တော်လက်ခံလို့မဖြစ်ဘူး။ ကျွန်တော့်လက်တွေက ခွဲစိတ်ဓားနဲ့ဝေးတာကြာခဲ့ပြီ။

ကျွန်တော် ဒွိဟဖြစ်ပြီးတွေဝေနေတဲ့အချိန်မှာ လူနာရဲ့မိန်းမက "ခုချိန်မှာ ကျွန်မယောက်ျားအတွက် အားထားစရာ ဆရာတစ်ယောက်သာရှိပါတယ်။ ကျွန်မတို့ ဆရာ့ရဲ့ ကုသမှုအပေါ် အကြွင်းမဲ့ယုံကြည်ပါတယ်။ ဆရာအဆင်ပြေသလိုသာ စီစဉ်ပေးပါ " ဆိုပြီး ပြောလာခဲ့တယ်။မဖြစ်ဘူးလေ.....မဖြစ်ဘူး။

ကျွန်တော်စိတ်ကို အတည်ငြိမ်ဆုံးထားပြီး လူနာကိုတစ်ချက်ပြန်ကြည့်လိုက်တယ်။ ဟုတ်တယ်...ခွဲစိတ်မှုသာအချိန်မမီခဲ့ရင် သူအသက်ပါသေနိုင်တယ်။ ငါဘာလုပ်ရမလဲ.....?သူ့မိသားစုကို တစ်ချက်ကြည့်တော့လည်း ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေကြတဲ့ မျက်ဝန်းတွေ.....။တစ်ဖန် ဆရာကြီးရဲ့ စကားတွေ....။

ကျွန်တော့်ရင်ထဲမှာ အနှစ်နှစ်အလလက ဖုံးကွယ်မြိုသိပ်ခဲ့ရတဲ့ မခံချင်စိတ်တစ်ခု၊ ခွဲစိတ်ဓားနဲ့ငါ ဘာမှ မသက်ဆိုင်ဘူးဆိုတဲ့ ညံ့ဖျင်းတဲ့အတွေးတွေ၊ မလုပ်နိုင်မှာစိုးတဲ့ ကြောက်စိတ်တွေ ရောပြွန်းပြီး တစ်ပြိုင်တည်း ခံစားခဲ့ရတယ်။ အချိန်တွေ တဖြည်းဖြည်း ကုန်လာပြီ။ လူနာရဲ့မိသားစုဝင်တွေလည်း ငိုယိုနေကြပြီ။ လူနာကတော့ သတိမေ့နေဆဲ......။

ထိုစဉ် ကျွန်တော် အတွေးတစ်ခုဝင်လာခဲ့တယ်။" ဒီလူနာကို ငါခွဲစိတ်မယ်။ ဟုတ်တယ်။ ငါလုပ်နိုင်တယ်။ ဒီအတိုင်းနေနေတာထက်စာရင် ငါကြိုးစားကြည့်မယ်။အကယ်၍ အတိမ်းအချော် ဖြစ်ခဲ့ရင်တော့ သူတို့မိသားစုဆုံးဖြတ်တဲ့အတိုင်း ငါတာဝန်ယူမယ်" ဆိုတဲ့ စိတ်နဲ့ အတတ်နိုင်ဆုံး အားတင်းပြီး လူနာဆီကို ဦးတည်ခဲ့တယ်။

" ဒီလူနာကို ကျွန်တော်ခွဲစိတ်မယ်၊ ကျွန်တော် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်" ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ခွဲခန်းထဲဝင်ခဲ့တယ်။လူနာ ဆေးရုံရောက်ပြီး ၄နာရီအကြာမှာ ခွဲစိတ်ခဲ့တယ်။ ပထမဆုံး ခွဲစိတ်ဓားနဲ့ သူ့နောက်ကျောကိုခွဲတယ်။ ကျိုးနေတဲ့အရိုးသေးသေးလေးတွေကို ဂရုတစိုက်ထုတ်ယူရတယ်။တစ်နာရီကျော်ကြာအောင် ရှင်းလင်းပြီး သွေးခဲတွေ ဖယ်ထုတ်ပြီးတဲ့နောက်မှာ ကျောရိုးမကြီးအပေါ်မှာ ရောက်နေတဲ့ နာဗ့်ကြော အရိုးကို ဂရုတစိုက် သူ့နေရာကို ပြန်ထားရတယ်။ ဒီခွဲစိတ်မှုဟာ အင်မတန်ရှုပ်ထွေးတဲ့အတွက် ကျွန်တော့်အနေနဲ့ စိတ်အေးအေးထားပြီး လုပ်ဆောင်ရတယ်။ အကုန် သူ့နေရာသူ အစီအစဉ်အတိုင်းခွဲစိတ်ပြီး ၂နာရီအကြာမှာတော့ လူနာ အသက်ပုံမှန်ရှူလာပါပြီ။ အောက်ဆီဂျင်၊သွေးဖိအား အားလုံးပုံမှန်ဖြစ်သွားပါပြီ။ဟူး....အခက်ခဲဆုံး ကျောရိုးခွဲစိတ်မှုကြီး အောင်မြင်သွားခဲ့ပါပြီ။ ကျွန်တော်အရမ်းပျော်ခဲ့တယ်။ မျက်ရည်တောင်ကျခဲ့တယ်။ ဒီတစ်ခါကျတဲ့မျက်ရည်ကတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလို့ ကျတဲ့မျက်ရည်တွေပေါ့။ လူနာကို ပတ်တီးတွေစည်းပေးပြီး လူနာဆောင်ကို ပို့ဆောင်ခဲ့တယ်။

ဒီနောက်မှာတော့ လူနာရဲ့မိသားစုစီသွားပြီး " စိတ်အေးအေးနေလို့ရပါပြီ၊ လူနာအသက်အန္တရာယ်ကနေ လွတ်မြောက်သွားပါပြီ" လို့ ဂုဏ်ယူဝံ့ကြွားစွာပြောရအုံးမယ်။ ကျွန်တော် လူနာမိသားစုနဲ့တွေ့တော့ အကုန်လုံးကို ဖက်ပြီး " ဆရာ လုပ်နိုင်ခဲ့ပြီ၊ ဆရာက ကျွန်မတို့ မိသားစုရဲ့ကျေးဇူးရှင်ပါပဲ" ဆိုပြီး လူနာရဲ့မိန်းမက လက်အုပ်ချီပြီး ပြောခဲ့တယ်။

ဟုတ်တယ်...ကျွန်တော်လုပ်နိုင်ခဲ့ပြီ။ ကျွန်တော် "ခွဲစိတ်ဆရာဝန်ဖြစ်မှာမဟုတ်ဘူး " ဆိုတဲ့အကြောက်တရားကို ကျော်လွှားနိုင်ခဲ့ပြီ။ နေ့သစ်တွေမှာ ကျွန်တော် ဘယ်အရာကိုမှ ကြောက်တော့မှာမဟုတ်ဘူး။ ကျွန်တော့်အတွက်တော့ ဒီခွဲစိတ်မှုကနေ အလွန်အဖိုးမဖြတ်နိုင်တဲ့ ဘဝသင်ခန်းစာ ရရှိခဲ့ပါတယ်။


ဒီ ကိုယ်တွေ့ ဖြစ်ရပ်လေးကို ဖတ်ရှုပြီး ရောင်ချို ရဲ့ စာဖတ်သူလေးတို့ စိတ်ခွန်အားတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

" အဲ့ဒါကြီး လုပ်လို့ဖြစ်မှာမဟုတ်ပါဘူးကွာ" " မင်းဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး " စတဲ့ Negative feedback တွေကို ရောင်ချိုတို့တွေ ကြုံကြရပါတယ်။ အဲ့ဒီလိုကြုံလာတဲ့အခါတိုင်း ထိုမကောင်းတဲ့စိတ်(တစ်နည်းအားဖြင့်) အကြောက်တရားတွေကို ကျော်လွှားနိုင်မှ အောင်မြင်မှု အစစ်အမှန်၊ပျော်ရွှင်မှု အစစ်အမှန်ကို ရရှိမှာပါရှင်။


(အထူးတောင်းပန်ချက်)

အခု ရောင်ချို့ဆောင်းပါးလေးကို ဖတ်ရှုတဲ့သူများဟာ အသိပညာ၊ အတတ်ပညာမှာ ‌အများကြီး ထူးကဲသာလွန်သူတွေ ပါမှာပါ။ ရောင်ချိုပြောချင်တာက ဆေးပညာနဲ့ပတ်သတ်ပြီး ရေးသားချက်တွေထဲမှာ အမှားလေးပါခဲ့ရင် နားလည်သည်းခံပေးပြီး ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။)


စာရေးသူ- လရောင်ချို
(21.8.2024)/Wednesday

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်