Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

21/08/2024

ဝတ်ကျေတန်းကျေ

6 mins read
Personal Development
General Knowledge
ဝတ်ကျေတန်းကျေ's photo


​ဝတ်ကျေတန်းကျေဆိုတဲ့စကားက အလုပ်တစ်ခုလုပ်တဲ့အခါကိုယ်လုပ်ရမယ့်ဝတ္တရားကျေရင်ပြီးရော၊ ကိုယ့်တာဝန်ကျေရင်ပြီးရောဆိုတဲ့သဘောမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်တာကိုဆိုလိုဟန်တူပါတယ်။ ဒီနေရာမှာ အငြင်းပွားဖွယ်ရှိတာကတော့ တာဝန်တွေ၊ ဝတ္တရားတွေကျေပြွန်အောင်ဆောင်ရွက်ပြီးတဲ့နောက်မှာ ဘာတွေများထပ်လုပ်ဖို့ ကျန်နေသေးလို့လဲဆိုတဲ့အမေးစကားပါ။ ဒီနေရာမှာတော့ တာဝန်ကျေတယ်၊ ဝတ္တရားကျေတယ်လို့ဆိုရာမှာ တာဝန်ကျေခြင်းမည်ကာမတ္တ၊ ဝတ္တရားကျေခြင်းမည်ကာမတ္တဆောင်ရွက်တဲ့၊ ‘သက္ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးတဲ့သဘောမျိုး’လောက်ကိုသာ ဆိုလိုရင်းဖြစ်ပါတယ်။ အမှန်တကယ် တာဝန်ဝတ္တရားကျေတာကိုမဆိုလိုပါဘူး။

​ဘယ်နိုင်ငံ၊ ဘယ်နေရာက၊ ဘာအဆောက်အဦလဲမသိပေမယ့် လူမှုကွန်ရက်ပေါ်မှာ ဆောက်လက်စ အဆောက်အဦတစ်ခုရဲ့ ဓာတ်ပုံတွေတက်လာတာတွေ့ရပါတယ်။ အဲ့ဒီအထဲမှာ သံချည်သံကွေးတွေချည်၊ ကွန်ကရစ်တွေ၊ ကျောက်သေးတွေလောင်းပြီးလို့ တန်းတွေ၊ ချုပ်တွေ၊ တိုင်တွေလောင်းပြီးသားပုံလေးတွေ ပါတယ်။ တိုင်တွေ၊ တန်းတွေ၊ ထုပ်တွေ၊ လျောက်တွေလောင်းပြီးချိန်မှာ ရေပိုက်လိုင်းသွယ်မယ့်သူ ဝင်လာပုံပါပဲ။ ရေပိုက်လိုင်းသမားက သူ့ရေပိုက် ရေဆင်းကောင်းဖို့၊ ပိုက်လိုင်းဆက်သွယ်မှုအဆင်ပြေဖို့ ကိုသာစဉ်းစားပြီး အလုပ်လုပ်လိုက်တော့ ရှေ့မှာခံနေတဲ့ ကွန်ကရစ်မှန်သမျှကို အကုန်ထုခွဲ၊ အပေါက်တွေ ဖောက်ပြီး လိုင်းသွယ်ထားတဲ့ပုံလေးတွေတွေ့ရပါတယ်။

​ဒီပုံတွေထဲကိုကြည့်လိုက်ရင် ပိုက်လိုင်းသမားရဲ့တာဝန်က အဆောက်အဦအတွက်လိုအပ်တဲ့ရေကို သွယ်ယူနိုင်ဖို့နဲ့ မလိုတဲ့ရေတွေစွန့်ထုတ်နိုင်ဖို့အတွက် ပိုက်လိုင်းတွေသွယ်ဖို့ပါ။ သူ့ဝတ္တရားမကျေဘူးလား ဆိုတော့ ကျေပါတယ်။ တာဝန်မကျေဘူးလားဆိုတော့ ကျေတယ်လို့ပြောကောင်းပြောနိုင်မှာဖြစ်ပါတယ်။
ရေပိုက်လိုင်းသွယ်တန်းရေးဆိုတဲ့ သူ့ရည်ရွယ်ချက်ကတော့အောင်မြင်ပါရဲ့။ ဒါပေမဲ့ ဒီအဆောက်အဦလည်း မကြာခင် တန်းပြီးပြိုကျသွားနိုင်မယ့်အခြေအနေမျိုးပါ။ အရေးကြီးတဲ့ တိုင်တွေ၊ တန်းတွေ၊ ထုပ်တွေ၊ လျောက်တွေကို သူက အပေါက်ကြီးတွေဖောက်ပစ်လိုက်တယ်။ တစ်ချို့နေရာတွေမှာ မူလထည့်ထားတဲ့ သံပင်တွေကိုပါ ဖြတ်တောက်ပစ်လိုက်သေးတယ်။ ရေပိုက်လိုင်း သွယ်လိုက်ခါမှ အဆောက်အဦရဲ့ကြံ့ခိုင်မှုက ရစရာမရှိတော့လောက်အောင်ကို ထိခိုက်ပျက်စီးသွားတယ်။

​တကယ်ဆို ဒီအဆောက်အဦတည်ဆောက်ရေးမှာ ကြီးကြပ်တဲ့အင်ဂျင်နီယာရှိမှာပါပဲ။ အဲ့ဒီ အင်ဂျင်နီယာကလည်း ဒီကွန်ကရစ်ကိုဒီလိုဖောက်လိုက်ရင်၊ ဒီသံချောင်းတွေကိုဒီလိုဖြတ်လိုက်တောက် လိုက်ရင် အဆောက်အဦကြီး ကျိုးမယ်၊ ကြေမယ်၊ ပျက်စီးမယ်ဆိုတာကို သိမှာပါပဲ။ ရေပိုက်လိုင်းသမားက အင်ဂျင်နီယာရဲ့စကားကို နားမထောင်တာလား၊ ဒါမှမဟုတ် အင်ဂျင်နီယာမသိခင်မှာပဲ ကိုယ့်အလုပ်တစ်ခု ပြီးသွားရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ အလျင်စလိုဆောင်ရွက်လိုက်သလားတော့ မပြောတတ်ပါဘူး။ ရေပိုက်သွယ်တဲ့သူအနေနဲ့ တစ်ခြားသူတွေရဲ့အလုပ်ထက် သူ့အလုပ်ကသာပိုပြီးအရေးကြီးတယ်လို့များ ခံယူထားခဲ့လေသလားတော့ မသိပါဘူး။

​တစ်ခြားနယ်ပယ်တွေမှာလည်း ဒီလိုအဖြစ်မျိုးတွေအများကြီးတွေ့ရတတ်ပါတယ်။ ဆက်သွယ်ရေး လုပ်ငန်းကလည်း သူ့တာဝန်နဲ့သူ မြေကြီးထဲမှာ ဖန်မျှင်ကေဘယ်တွေ၊ ဖိုက်ဘာကေဘယ်တွေမြှုပ်ပြီး သွယ်တန်းထားတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကလည်း သူ့ဒီဇိုင်းနဲ့သူ၊ သူ့အစီအစဉ်နဲ့သူ မြေအောက်ဓာတ်အားလိုင်းကို သွယ်တန်းထားတယ်။ စည်ပင်သာယာကလည်း ရေးပေးရေးအတွက် မြေအောက်ရေပိုက်လိုင်းကြီးတွေကိုသူ့အစီအစဉ်နဲ့သူ ဖောက်လုပ်သွယ်တန်းထားတယ်။ တစ်ခါတစ်လေ ကျတော့ စည်ပင်ရေပိုက်လိုင်းတူးတဲ့လုပ်ငန်းနဲ့၊ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ငြိသွားပြီး ဓာတ်ကြိုးတွေ ပြတ်ကုန်တာမျိုး၊ ရေပိုက်ပေါက်သွားတာမျိုးတွေဖြစ်ကုန်ရော။ တစ်ခါတစ်လေကျတော့ ခုံးကျော် တံတားဆောက်ဖို့ဆိုပြီး ပန္နက်တိုင်တူးရင်းနဲ့ ရေပိုက်ကိုဖောက်မိသွားတယ်။ လမ်းတွေကို အဆင့်မြှင့်တင်ဖို့အတွက် မြေညှိရင်းနဲ့ အောက်မှာရှိနေတဲ့ ဖိုက်ဘာဖန်မျှင်ကေဘယ်တွေကို မြေထိုးစက်နဲ့ ထိုးဖြတ်မိလျက်သားဖြစ်သွားတယ်။ ကိုယ်ဆွဲထားတဲ့ မြေအောက်ဓာတ်အားလိုင်းရဲ့တည်နေရာပြမြေပုံ၊ ကိုယ်မြှုပ်ထားတဲ့ ဖန်မျှင်ကေဘယ်ရဲ့ တည်နေရာပြပုံ၊ ကိုယ်သွယ်ထားတဲ့ မြေအောက်ရေပိုက်လိုင်းတွေရဲ့ ပုံတွေကို သက်ဆိုင်ရာတွေဆီဖြန့်ဝေ ပေးထားပါတော့လားဆိုတော့ ပေးဖို့မေ့နေတာကများပါတယ်။
တစ်ယောက်ယောက်ကသတိဖော်ပေး ပြန်တော့လည်း စာရွက်စာတမ်းပေါက်ကြားမှုပဲဖြစ်မှာကို စိုးရိမ်သလိုလို၊ တစ်ဘက်ကိုပဲမသိစေချင်သလိုလို၊ ဟိုလိုလို ဒီလိုလိုတွေနဲ့သာ အချိန်ကုန်သွားတတ်ကြ ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်ညှိနှိုင်းတဲ့ လုပ်ငန်းတွေကို သိပ်မလုပ်ချင်ကြတော့ဘူး။ တကယ်တမ်း ပြဿနာဖြစ်လာပြီဆိုတော့မှ ဟိုလူ့မှာပဲတာဝန် ရှိသလိုလို၊ ဒီလူ့မှာပဲတာဝန်ရှိသလိုလိုတွေ ဖြစ်ကုန်ကြ ပြန်ရော။

​လူတစ်ဦးတစ်ယောက်ချင်းစီမှာ၊ အဖွဲ့အစည်းတစ်ခုချင်းစီမှာ ရည်ရွယ်ချက်တွေကိုယ်စီတော့ ရှိကြ စမြဲပါ။
ဒီရည်ရွယ်ချက်တွေကိုအကောင်အထည်ဖော်တဲ့အခါမှာ ကိုယ့်ရည်ရွယ်ချက်ကိုချည်း သီးသန့်ကွက်ပြီး အကောင်အထည်ဖော်မယ်ဆိုရင်တော့ အချိတ်အဆက်တွေလွဲချော်ကုန်ပြီး အကုန်ကသောင်းကနင်း ဖြစ်ကုန်နိုင်ပါတယ်။ လုပ်ငန်းတစ်ခုနဲ့တစ်ခုဆက်စပ်နေတဲ့သဘောလေးကို နားလည်ပြီးတော့ သူ့အလုပ်နဲ့ ကိုယ့်အလုပ် အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီလည်ပတ်နိုင်အောင် ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ ပေါင်းစပ်ညှိနှိုင်းမှုဆိုတဲ့အလုပ်တစ်ခုရဲ့တန်ဖိုးကိုလည်း နားလည်ပေးနိုင်ကြရမှာဖြစ်ပါတယ်။

​အလုပ်တစ်ခုလုပ်တိုင်းလုပ်တိုင်းမှာ ကိုယ်လုပ်နေတဲ့အလုပ်အပြင် ကိုယ့်ပတ်ဝန်းကျင်ရဲ့အနေအထား တွေကိုပါ စုံစုံလင်လင်ဝေဖန်သုံးသပ်ကြည့်နိုင်ဖို့အရေးကြီးပါတယ်။ ကိုယ့်အလုပ်လည်းအရေးကြီးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခြားသူတွေရဲ့အလုပ်ကလည်း ဘယ်လောက်အထိအရေးပါနေတယ်ဆိုတာကို သတိပြုဆင်ခြင်နိုင်မှ အားလုံးအတွက်အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
​လက်ရှိအချိန်မှာကိုယ်ကဘယ်သူဘယ်ဝါ၊ ကိုယ်လုပ်နေတဲ့အလုပ်က ဘာအလုပ်ဆိုပြီး ကိုယ့်ရည်ရွယ်ချက်အောင်မြင်ဖို့၊ ကိုယ့်အလုပ်ပြီးမြောက်ဖို့ချည်းကြည့်နေမယ်ဆိုရင်တော့ ရေရှည်အတွက် ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်ဖို့အတော်ခက်သွားပါပြီ။ တစ်ခါတစ်ခါကျတော့ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ တန်ဖိုးအမှန်ကိုသိဖို့ကလည်း အရေးကြီးပြန်ရော။ အဆောက်အဦတစ်ခုအတွက် ရေပိုက်သွယ်ဖို့လိုတာတော့ မှန်ပါရဲ့။ ဒါပေမဲ့ဒီရေပိုက်သွယ်ရာမှာ လောင်းပြီးသား ကျောက်ထုပ်တွေကိုဖြတ်တောက်ဖောက်ထွင်းပြီးတော့ သွယ်တန်းယူရလောက်တဲ့အထိ မလုပ်သင့်ဘူး ဆိုတာလောက်ကိုတော့ နားလည်ထားမှအဆင်ပြေမှာပါ။ ကိုယ့်အလုပ်ပဲအရေးကြီးတယ်ဆိုတာမျိုးနဲ့ချည်း စခန်းသွားနေမယ်ဆိုရင်တော့ ကြာလေခက်လေ ဖြစ်ကုန်မှာပါ။

​ကိုယ့်အလုပ်ကိုယ်လုပ်နေရင်းက ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့အလုပ်ကိုပါ တစ်နည်းတစ်လမ်းနဲ့ ပြီးမြောက်သွားနိုင်အောင် ကြိုးစားကူညီပေးသင့်ပါတယ်။ ဒီအဆင့်အထိမရောက်ရင်တောင်မှ အနည်းဆုံးတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်းက တစ်ပါးသူတွေရဲ့အလုပ်ကို ထိခိုက်မသွားအောင်တော့ ကြိုးစားသင့်ပါတယ်။

​ကိုယ့်အလုပ်လုပ်ရင် တစ်ပါးသူတွေရဲ့အလုပ်ကိုထိခိုက်သွားနိုင်မလား၊ မထိခိုက်နိုင်မလားဆိုတာကို စဉ်းစားရတာလည်း အတော်နက်နဲတဲ့ကိစ္စဖြစ်ပါတယ်။ ကိုယ်ကတရားမဝင်လုပ်ငန်းတွေကို ရှာဖွေ ဖမ်းဆီးအရေးယူရမယ့်သူဖြစ်နေတယ်ဆိုပါစို့။ ဒီ့အတွက်ကိုယ့်အလုပ်ကိုယ်လုပ်နေမယ်။ ဒီလိုလုပ်ရင်းနဲ့ ပျက်သွားကြတဲ့ဘဝတွေကိုလည်းမြင်ရမယ်။ ရုံးရောက်၊ ဂါတ်ရောက်၊ အချုပ်ရောက်၊ ထောင်ရောက် ဖြစ်သွားတဲ့သူတွေ၊ ဘဝပျက်သလိုဖြစ်သွားရသူတွေကို တွေ့ရမြင်ရမယ်။ ဒီအချိန်မှာ ကိုယ့်အလုပ်ကိုယ် လုပ်ခြင်းအားဖြင့် သူတစ်ပါးရဲ့အလုပ်တွေကို ထိခိုက်စေတဲ့အတွက် ကိုယ့်မှာအပြစ်မကင်းသလိုများ ဖြစ်နေပြီလား၊ ကိုယ့်အလုပ်ကြောင့် သူ့အလုပ်ကိုထိခိုက်နေစေပြီလားလို့ စဉ်းစားစရာရှိလာပြန်တယ်။ ဒါပေမဲ့ ဒီလိုတွေးလို့ဘယ်ဖြစ်ပါ့မလဲဆိုတဲ့အချက်နဲ့လည်း ဝေ့ဝဲဝဲဖြစ်နေတဲ့အတွေးတွေကို အနားသတ်မျဉ်း ဆွဲပေးရပြန်တယ်။ ဟုတ်တယ်လေ။ အစကတည်းက သမ္မာအာဇီဝကျတဲ့အလုပ်ကိုမရွေးခဲ့တဲ့သူတွေ၊ နိုင်ငံသားတိုင်း၊ နိုင်ငံထဲကိုရောက်လာတဲ့သူတိုင်း မဖြစ်မနေလိုက်နာကြရမှာပါလို့ ကြေညာမောင်းခတ်ပြီး တရားဝင်ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုမှ ဆန့်ကျင်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့သူတွေ မဟုတ်လား။ ဒီလိုလုပ်ရပ်တွေကို တတ်နိုင်သမျှ တားဆီးနှိမ်နင်းဖို့တာဝန်က ကိုယ့်ပုခုံးပေါ်ကျလာတဲ့အချိန်မှာ စွမ်းနိုင်သမျှ ကြိုးစားဆောင်ရွက်ရင်းနဲ့ သူတို့အလုပ်တွေ ထိခိုက်ကုန်တာမျိုးကိုတော့ အပြစ်မကင်းတဲ့လုပ်ရပ်မျိုးလို့ သတ်မှတ်လို့မရတန်ကောင်း ပါဘူးလေဆိုတဲ့အတွေးမျိုးတင်လာပြန်တော့လည်း ကိုယ့်ကိုယ်ကိုယ် ဖြေဆည်ရာရစေပါတယ်။ ဒီ့အတွက်သူ့ဘဝပျက်ရပါတယ်ဆိုရင်တော့ သဗ္ဗေသတ္တာ ကမ္မဿကာပေါ့။ ဟုတ်ဘူးလား။
​ယောင်လည်လည်အတွေးတွေများလာရင်လည်း တာဝန်ကျေဖို့၊ ဝတ္တရားကျေဖို့က မလွယ်တော့ ပါဘူး။ ကိုယ်တွေးတဲ့အတွေးကိုက တာဝန်ကျေပြွန်မှုကိုရောင်ခြည်သန်းစေမယ့်အတွေးမျိုး ဖြစ်နေရမှာပါ။ ဒါမှသာ ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ်ပြောတဲ့အပြောတွေကလည်း တာဝန်ကျေပြွန်မှုဆီကို တစ်ဖြည်းဖြည်းနဲ့ ရောက်လာမှာပါ။ မတွေးသင့်တာတွေကိုတွေးနေမိရင် မလုပ်သင့်၊ မပြောသင့်တာတွေဆီကိုပါရောက်ပြီး ဒုက္ခရောက်ကုန်တတ်ပါတယ်။

​ကိုယ့်ဝန်ကိုယ့်တာကျေပြွန်ခြင်းရဲ့နောက်မှာ တစ်ပါးသူတွေရဲ့ဝန်တာကိုလည်း ကျေပြွန်စေအောင် ကူညီဆောင်ရွက်နိုင်မှတန်ကာကျမှာပါ။ ခြင်းဝိုင်းတစ်ဝိုင်းမှာ ခတ်ကြသလို ကိုယ့်ဘက်ကျလာတဲ့ခြင်းလုံးကို ဟိုဘက်ပြန်ရောက်သွားရုံ ပြန်ကန်လွှတ်လိုက်တာမျိုးလောက်ကိုတော့ မလုပ်သင့်ပါဘူး။ ကိုယ့်ဆီပြေးဝင် လာတဲ့ အလုပ်တာဝန်တွေကို ကျေကျေပြွန်ပြွန်ဆောင်ရွက်လိုစိတ်တွေနဲ့ ထွေးပွေ့ဆီးကြိုသင့်ပါတယ်။ မူလကတည်းက မလိုလားဟန်နဲ့ချဉ်းကပ်မှုမျိုးတွေ မဆောင်ရွက်သင့်ပါဘူး။

​တာဝန်ကျေအောင်ဆောင်ရွက်လေ့ရှိသူက ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ ဆောင်ရွက်တယ်။ ဘာသိဘာသာဆောင်ရွက်လေ့ရှိသူကတော့ ပုံတော်သလိုတော်စွလျော်စွအနေအထား လောက်နဲ့ပဲ ပြီးသွားလေ့ရှိတယ်။ ကြာလာတဲ့အခါ ဝတ်ကျေတန်းကျေဆောင်ရွက်လေ့ရှိသူတွေရဲ့ လုပ်ရပ်တွေက အရာရာနဲ့အကြောင်းကြောင်းချည်း ဖြစ်လာတတ်တာကို တွေ့နိုင်မှာဖြစ်ပါတယ်။

​တာဝန်တော့ကျေပါရဲ့။ ဒါပေမဲ့ဒီလိုတာဝန်ကျေခြင်းက မှန်တဲ့ဘက်အတွက်မဟုတ်ဘဲ မှားတဲ့ဘက်အတွက်တာဝန်တွေကျေမိနေပြီလားဆိုတာကိုလည်း စဉ်းစားစရာရှိပါတယ်။ ဘက်မှားကြီး အတွက် ကိုယ်ကတာန်တွေကျေပြနေတယ်။ မူလကတည်းကဘက်မှားကြီးဆိုတော့ ကြာလေစောင်းလေ၊ ဟောင်းလေမှောက်လေဖြစ်နေတော့တယ်။ ဒီလိုဘက်ဆိုးဘက်ညစ်ကြီးဘက်ကရပ်တည်ပြီး ဆောင်ရွက် နေခဲ့ဖြစ်သလားဆိုတာကိုပြန်ကြည့်ပြီး အချိန်မီပြုပြင်သင့်ရင် ပြုပြင်ကြရမှာပါ။ တာဝန်ကျေခြင်းလို့ ဆိုရာမှာ မှန်သောဘက်ကတာဝန်ကျေခြင်း၊ ကောင်းသောဘက်ကတာဝန်ကျေခြင်းကိုသာဆိုလိုတာပါ။

​တာဝန်တွေ၊ ဝတ္တရားတွေကျေဖို့လိုပါတယ်။ လူရယ်လို့ဖြစ်လာရင် သားသမီးအရွယ်တုန်းက သားသမီးဝတ်တဲ့၊ တပည့်လက်သားအရွယ်ကျတော့ တပည့်ဝတ်တဲ့၊ ဆရားဖြစ်လာတော့ ဆရာ့ဝတ်တဲ့၊ မိဘဖြစ်လာပြန်တော့ မိဘဝတ်တဲ့။ ဖြည့်ကျင့်လိုက်နာစရာတွေက အများကြီးပါ။

​တာဝန်တွေကျေသင့်ပါတယ်။ ဝတ္တရားတွေကျေသင့်ပါတယ်။ ဘာ့ကြောင့် ကျေသင့်သလဲ။ ကိုယ့်လုပ်ရပ်ကိုယ်တန်ဖိုးထားလို့၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားလို့ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်သူမှသာ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ တစ်ခြားသူတွေကိုပါ တန်ဖိုးထားနိုင်တာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့်တက်ပြီး လောကကြီးကိုပါတန်ဖိုးထားနိုင်တာဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကလေး တစ်ခုကိုတောင်တန်ဖိုးမထားနိုင်တော့ဘူးဆိုရင် အခြေအနေအတော်ဆိုးနေပြီဖြစ်ပါတယ်။ တာဝန်၊ ဝတ္တရားကျေအောင်ကြိုးပမ်းခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးထားနိုင်သူ တွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။

​တစ်ချို့သူတွေကတာဝန်ကျေကြတယ်။ ဝတ္တရားကျေကြတယ်။ တစ်ချို့တွေကတော့ ဒါတွေကို မျက်ကွယ်ပြုနေကြတယ်။ တာဝန်ရှိမှန်းသိပါလျက်နဲ့၊ ဝတ္တရားရှိမှန်းသိပါလျက်နဲ့ ကျေပြွန်အောင် ရွက်ဆောင်နိုင်စွမ်းမရှိလို့ လက်မှိုင်ချနေရသူတွေလည်းရှိပါတယ်။ ဒီလိုလူတွေကိုတော့ လိုအပ်တဲ့ အရည်အချင်းတွေပြည့်မီလာအောင် ဖေးကူပေးကြရမှာဖြစ်ပါတယ်။ တစ်ချို့ကတော့ ဆောင်ရွက်နိုင်စွမ်း ရှိနေပါလျက်နဲ့ “ဒီလောက်ဆိုတော်ရောပေါ့”ဆိုတဲ့စိတ်ထားနဲ့ ရပ်တန်းကရပ်နေသူတွေရှိတတ်ကြပါတယ်။ ဒီလိုလူတွေကိုတော့ ရှေ့တစ်လှမ်းတိုးဖြစ်သွားအောင် လက်တို့ပေးကြရမှာဖြစ်ပါတယ်။ တာဝန်ကျေနိုင်တဲ့ အနေအထားရှိနေပါလျက်နဲ့၊ ဝတ္တရားကျေနိုင်တဲ့အနေအထားရှိနေပါလျက်နဲ့ မကျေပြွန်ခဲ့တဲ့သူက ကိုယ်ကိုယ်တိုင်များဖြစ်နေပြီလားဆိုတာကိုလည်း အသေအချာပြန်စဉ်းစားသင့်ပါတယ်။

​တာဝန်တွေကျေနိုင်ကြပါစေ။ ဝတ္တရားတွေကျေနိုင်ကြပါစေ။ ဝတ်ကျေတန်းကျေဆိုတဲ့ နယ်ပယ်ထဲကနေ ရုန်းထွက်နိုင်ကြပါစေ။

သိုက်စိုးထွန်း(နတ်ရွာ)

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လထုတ်
အတွေးအမြင်မဂ္ဂဇင်း

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတဇောက်ကန်းသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်လိုတာထက် မပိုပါနဲ့စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀)