May Wathone (ချမ်း)

၅၁. "ကိုယ့်ကို ကိုယ်ဖော် မသူတော် ခုနှစ်ပါး"
အဓိပ္ပာယ် - တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊
ယောက်ဖခွေးခေါ်၊ ဥဩ၊ တစ်တီတူး၊
ဘုတ် ဟူသော တိရစ္ဆာန် ခုနှစ်ကောင်
သည် မိမိအမည်ကို ထုတ်ဖော်သဖြင့်
မသူတော်စာရင်းဝင်များ ဖြစ်
သကဲ့သို့ မိမိဂုဏ်ကို မိမိကိုယ်တိုင်
ဖွင့်ဟကြွားဝါသူသည်လည်း
မသူတော်စာရင်းဝင်ပင် ဖြစ်သည်။
၅၂. "ကိုယ့်တပ် ကိုယ် ပြန်နင်း"
အဓိပ္ပာယ် - တပ်ဦးမှ တိုက်သော ဆင်သည်
ရန်သူကို နင်းရမည့်အစား မိမိတပ်ကို
မိမိ ပြန်၍ နင်းသကဲ့သို့ မိမိဘက်သား
များ အကျိုးမဲ့အောင် ပြုလုပ်သည်။
၅၃. "ကိုယ့်ပေါင် ကိုယ်လှန်ထောင်း"
အဓိပ္ပာယ် - ကိုယ်နာကျင်ရမည်ကို အမူ မထားမိ
ဘဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း
သကဲ့သို့ မိမိ နစ်နာရမည်ကို မတွက်မိ
ဘဲ မိမိဘက်မှ အားနည်းချက်ကို ဖွင့်
ဟပြောဆိုသည်။
၅၄. "ကိုယ့်ရှူး ကိုယ်ပတ်"
အဓိပ္ပာယ်- ကိုယ့်ရှူး ကိုယ်ပတ်ဆိုသကဲ့သို့ မိမိ၏
မကောင်းသော အကြံကြောင့် မိမိပင်
ဒုက္ခဖြစ်သည်။
၅၅. "ကိုယ့်ဝန် ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်သွား"
အဓိပ္ပာယ်- ကိုယ့်ဝန်ကို ကိုယ်ထမ်း၍ ကိုယ့်လမ်း
ကိုကိုယ်သွားသကဲ့သို့ တာဝန်သိပြီး
မိမိဘဝအတွက် ကောင်းရာကောင်း
ကြောင်းကို ကိုယ်တိုင် လုပ်သွားရ
သည်။
၅၆. "ကိုယ်ကကျူး ကိုယ့်ဒူးမယုံရ"
အဓိပ္ပာယ်- မိမိကိုယ်ကလွဲလျှင် မိမိကိုယ်ကို
ထောက်တည်ထားသည့် မိမိဒူးကိုပင်
မယုံကြည်ရသကဲ့သို့ မိမိမှတစ်ပါး
အခြားမည်သူ့ကိုမျှ မယုံရဟု
ဆိုလိုသည်။
၅၇. "ကိုယ်ကောင်း ခေါင်းဘယ်မရွေ့"
အဓိပ္ပာယ်- ကိုယ်ခန္ဓာကောင်းနေလျှင် ဦးခေါင်း
သည် အခြေအနေမပျက် ရပ်တည်နိုင်
သကဲ့သို့ အခြေခံစေတနာမှန်ကန်လျှင်
အခြေအနေမပျက် ရပ်တည်နိုင်သည်။
၅၈. "ကိုယ့်အတတ် ကိုယ်စူး"
အဓိပ္ပာယ်- ကိုယ်ပြုစားလိုက်သော အတတ်သည်
ကိုယ့်ကို ပြန်စူးသကဲ့သို့ မိမိလက်ချက်
ဖြင့် မိမိပင် ဒုက္ခဖြစ်သည်။
၅၉. "ကိုယ့်အထုပ် ကိုယ်ဖြေပြ"
အဓိပ္ပာယ်- မိမိ၏အစုတ်ထုပ်ကို လူပုံအလယ်တွင်
ဖြေပြသကဲ့သို့ မိမိနှင့် ပတ်သက်သော
အပြစ်အနာဆာများကို မိမိပင် ဖွင့်
ဖော်ပြသည်။
၆၀. "ကိုယ်မချိ အမိသော်လည်း သားတော်ခဲ"
အဓိပ္ပာယ်- မိခင်သည် အတိဒုက္ခရောက်နေချိန်
တွင် မိမိသားသမီးကိုပင် သားသမီး
ဟူ၍ မယူဆနိုင်သကဲ့သို့ မိမိ အတိဒုက္ခ
ရောက်နေချိန်တွင် မည်သူ့ကိုမျှ မငဲ့မ
ထောက်နိုင်ဖြစ်သည်။
၆၁. "ကိုယ်ထင် ခုတင်ရွှေနန်း"
အဓိပ္ပာယ်- မြတ်နိုးလျှင် မိမိ အသုံးပြုသော ခုတင်
ကိုပင် ရွှေနန်းတော်ဟု ထင်မှတ်
သကဲ့သို့ မိမိ မြတ်နိုးသောအရာ ဖြစ်
လျှင် တန်ဖိုးမရှိစေကာမူ အလွန်
တန်ဖိုးရှိသောအရာဟု စိတ်တွင်
ထင်မှတ်သည်။
၆၂. "ကုန်းပေါ်ရောက်မှ ရေမမွန်းစေနှင့်"
အဓိပ္ပာယ်- ရေနစ်သူကို ဆယ်ယူ၍ ကုန်ပေါ်ရောက်
ပြီးမှ ဆက်လက် မပြုစုသဖြင့်
ရေမွန်း၍ တိမ်းပါးခြင်း မဖြစ်စေသင့်
သကဲ့သို့ ခက်ခဲစွာ ဆောင်ရွက်၍
အောင်မြင်ပြီးမြောက်သလောက်ရှိမှ
လျော့ရဲပေါ့ဆမှုကြောင့် ဆုံးရှုံပျက်စီး
သွားရခြင်းမျိုး မဖြစ်စေသင့်ဟု
ဆိုလိုသည်။
၆၃. "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ"
အဓိပ္ပာယ်- ကုသိုလ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်
လုပ်သော်လည်း လုပ်ပုံကိုင်ပုံ
မလျော်ကန်လျှင် အကုသိုလ်များစွာ
ဖြစ်ရသကဲ့သို့ ကောင်းစေလို၍ လုပ်
သော်လည်း လုပ်ပုံကိုင်ပုံ မလျော်
ကန်လျှင် အကျိုးထက် အပြစ်က များ
စွာ ပိုဖြစ်စေခြင်းကို ရည်ညွှန်းသည်။
၆၄. "ကောက်တိုင်းရ စလုတ်မဆံ့နိုင်"
အဓိပ္ပာယ်- ကြက်သည် အစာရှာရာ၌ နှုတ်သီးဖြင့်
ကောက်ယူတိုင်းသာ အစာရမည်ဆိုပါ
က စလုတ်နှင့် မဆံ့နိုင်အောင် ရှိမည်
ဖြစ်သကဲ့သို့ ရှာဖွေလုပ်ဆောင်တိုင်း
သာ ရမည်ဆိုလျှင် သိမ်းဆည်း၍ပင်
နိုင်မည်မဟုတ်ကြောင်း ဆိုလိုသည်။
၆၅. "ကောက်သင်းကောက်က အနှံကြီးကြိုက်"
အဓိပ္ပာယ်- ကောက်သင်းကောက်သူ ဖြစ်လျက်
အနှံကြီးကို လိုချင်သကဲ့သို့ မိမိ
အခြေအနေနှင့် မမျှသော အရာကို
မျှော်မှန်းသည်ဟု ဆိုလိုသည်။
၆၆. "ကောက်ညှင်းက မစေး၊ ဆန်ကြမ်းက စေး"
အဓိပ္ပာယ်- စေးသင့်သော ကောက်ညှင်းက မစေး
ဘဲ မစေးသင့်သော ဆန်ကြမ်းက စေး
နေသကဲ့သို့ နှစ်ဦးနှစ်ဖက်ရှိရာတွင်
သဘာဝအလျောက် ရှက်ရ နာရမည့်
ဘက်က ဘာမျှမဖြစ်ဘဲ မရှက်မနာရ
မည့်ဘက်က အဖြစ်သည်းသည်ဟု
ဆိုလိုသည်။
၆၇. "ကုသိုလ်လည်း ရ၊ ဝမ်းလည်း ဝ"
အဓိပ္ပာယ်- ကောင်းသော အသက်မွေးခြင်းဖြင့်
ကုသိုလ်လည်း ရ၊ ဝမ်းလည်း ဝ
သကဲ့သို့ ကောင်းသော အမှုကို
သူတစ်ပါးအတွက် စေတနာကောင်းနှင့်
ဆောင်ရွက်ပေးခြင်းဖြင့် မိမိအကျိုး
လည်း တစ်ပါတည်းပြည့်စုံသည်ကို
ဆိုလိုသည်။
၆၈. "ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံ
မှောက်လျှင်ကျိုး"
အဓိပ္ပာယ်- ကုသိုလ်ကံဇာတာညံ့နေသည့်အခါဖြစ်
ပါက သံတိုင်ကို တိုင်ထူ၍ အိမ်ဆောက်
စေကာမူ သံတိုင်ကျိုးသည့်အဖြစ် ကြုံ
ရသကဲ့သို့ မူလအခြေခံ ညံ့ဖျင်းလျှင်
လုပ်သမျှ အရာမထင် ဖြစ်တတ်သည်
ကို ဆိုလိုသည်။
၆၉. "ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေး"
အဓိပ္ပာယ်- ကျားကိုက်ခံရသည်ဟု ပြောပြီးပါလျက်
နာတာရှည်ရောဂါနှင့် ဆုံးသလားဟု
မေးသကဲ့သို့ အကြောင်းကိစ္စကို ထင်
ထင်ရှားရှား ပြောပြီးပါလျက် မလိုအပ်
ဘဲ ထပ်မေးသည်။
၇၀. "ကံယုံ၍ ဆူးပုံနင်းရာ"
အဓိပ္ပာယ်- ဆူးပုံကို နင်းလျှင် ဆူးစူးမည်သာဖြစ်၍
မိမိကံကောင်းလှသည်ဟု ကံကိုယုံပြီး
ဆူးပုံကို မနင်းသင့်သကဲ့သို့ ဒုက္ခဖြစ်
စေနိုင်သော ကိစ္စမှန်သမျှ ကံကို ယုံပြီး
ဇွတ်မပြုလုပ်သင့်ဟု ဆိုလိုသည်။
၇၁. "ကောင်းကင်တက် လက်ဝှေ့သတ်"
အဓိပ္ပာယ် - ကောင်းကင်ကို လက်ဝှေ့သတ်သည်
ဆိုသကဲ့သို့ ထိရောက်မှုမရှိဘဲ အကျိုး
မဲ့ ပြုလုပ်သည်ကို ဆိုလိုသည်။
၇၂. "ကောင်းမှန်းသိ သာအိတစိုစို"
အဓိပ္ပာယ်- စားကောင်းမှန်းမသိခင်က မစားချင်
သော်လည်း စားကြည့်၍ အရသာသိ
သွားသည့်အခါ ထိုအစာကို တွေ့တိုင်း
သွားရည်တများများ ဖြစ်နေသကဲ့သို့
ယခင်က ကောင်းမှန်း မသိသေးသည့်
အရာကို ယခု ကောင်းမှန်းသိသည်နှင့်
လက်မလွှတ်နိုင် ဖြစ်နေသည်ကို
ဆိုလိုသည်။
၇၃. "ကံမရှိ ဉာဏ်ရှိတိုင်းမွဲ"
အဓိပ္ပာယ်- အဆင်မပြေနေသူအဖို့ ကြံစည်
လုပ်ဆောင်တိုင်း မအောင်မမြင်
ဆုံးရှုံးမှုနှင့်သာ တွေ့ကြုံရသည်။
၇၄. "ကျည်ပွေ့ အတက်ပေါက်"
အဓိပ္ပာယ်- ကျည်ပွေ့မှ အတက်ပေါက်သည် ဆို
သကဲ့သို့ မည်သို့မျှ အောင်မြင်မှု
မရနိုင်ဟု အထင်ခံရသူသည် မယုံနိုင်
လောက်အောင် ဖြစ်သွားသည်။
၇၅. "ကျောပူမှ ဝမ်းအေး"
အဓိပ္ပာယ်- ကျောပူမှ ဝမ်းအေးဆိုသကဲ့သို့ ဆင်းရဲ
ပင်ပန်းခံ၍ လုပ်ကိုင်ရှာဖွေနိုင်ပါမှ
စားဝတ်နေရေး ပြေလည်သည်။
၇၆. "ကျောချမှ ဓားပြမှန်းသိ"
အဓိပ္ပာယ်- မိမိကျောကို ရိုက်နှက်ပြီး ပစ္စည်းကို
တောင်းခါမှ ဓားပြမှန်းသိသကဲ့သို့
မိမိကို အကျိုးယုတ်အောင်လုပ်ခါမှ
ထိုသူကို လူဆိုးမှန်း သိသည်။
၇၈. "ကျူပင်ခုတ် ကျူငုတ်မကျန်"
အဓိပ္ပာယ်- ကျူပင်များကို ခုတ်ထွင်ရာတွင်
ကျူငုတ်ကျန်နေပါက နောက်ထပ်
အသစ်ပေါက်နိုင်သဖြင့် ကျူငုတ်ပါမ
ကျန် ခုတ်ထွင်ရှင်းလင်းရသကဲ့သို့
ရန်သူကို ချေမှုန်းရာတွင် ရန်ကြွင်း
ရန်ငုတ်ပါမကျန်အောင် သုတ်သင်
ဖယ်ရှားရသည်။
၇၉. "ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ"
အဓိပ္ပာယ်- ကျီးနှင့်ဘုတ်တို့သည် တစ်ကောင်နှင့်
တစ်ကောင် လေးစားရိုသေကြ
သကဲ့သို့ မိမိက သူတစ်ပါးကို ရိုသေ
လေးစားခြင်းဖြင့် သူတစ်ပါးက မိမိကို
ရိုသေလေးစားသည်။
၈၀. "ကျားကျား မီးယပ်"
အဓိပ္ပာယ်- ယောက်ျားလူနာ ဖြစ်စေကာမူ
မီးယပ်ရောဂါပင် ဖြစ်သည်ဟု
ဆေးဆရာက မလျှော့တမ်းပြောဆို
သကဲ့သို့ မိမိပြောဆိုခဲ့သည်ကို ယုတ္တိ
မတန်မှန်းသိပါလျက် ဇွတ်တိုး၍
မလျှော့တမ်း ဆုပ်ကိုင်ပြောဆိုသည်။
-May Wathone(ချမ်း)
Keep Reading