Author's Profile Photo

Youth’s Book Reflections

12/08/2024

မျှော်တလင့်လင့်(Great Expectations)-မောင်ထွန်းသူ

2 mins read
Book Review
General Knowledge
Culture
မျှော်တလင့်လင့်(Great Expectations)-မောင်ထွန်းသူ's photo

19ရာစုအစောပိုင်းနှင့်အလယ်ပိုင်းအင်္ဂလန်နိုင်ငံက မြို့မကျရွာမကျလေးထဲ စိတ်ကူးနဲ့အလည်သွားကြည့်ချင်သူအတွက် ဝတ္ထုကောင်းပဲ။ မျှော်လင့်ချက်ကြီးမားတဲ့ လူငယ်လေးရဲ့ဘဝအကြောင်းနှင့် သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေ၊လူတွေနဲ့ victorian ခေတ်ရဲ့ လူမှုရေးကိုသရုပ်ဖော်တဲ့ novel။ Literary genreအရပြောရရင်main character ရဲ့ ငယ်စဉ်ကနေ အရွယ်ရောက်တဲ့အထိ သူ့ရဲ့ ကိုယ်ကျင့်တရားနှင့်စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုအပေါ် အာရုံစိုက်focusထားတဲ့ “Bildungsroman “အမျိုးအစားဖြစ်ပါတယ်တဲ့။

အစပိုင်းမှာ စိမ့်မြေတောကြီးထဲ ထောင်ပြေးနဲ့တွေ့တာကနေစပြီး အပိုင်းသုံးပိုင်းနဲ့ဆွဲခေါ်သွားပါတယ်။ ဒုတိယအပိုင်းမှာတော့ သူရဲ့ မြို့ပေါ်က ငယ်စဉ်ကမစ္စဟဗီရှမ်(အလွန်လျို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးကြီး)အိမ်မှာဆုံခဲ့တဲ့ မိတ်ဆွေဟားဗတ်နဲ့အမှတ်မထင်ဆုံ ပြန်ဆုံတွေ့ပုံနဲ့စထားပြီး တတိယအပိုင်းကိုတော့ ထောင်ပြေးကြီးနဲ့ပြန်ဆုံပြီး ထိုလူရဲ့ ဘဝဇာတ်ကြောင်းပြန်ပြောင်းပြောပုံနဲ့ ပြန်စထားပါတယ်။စာမျက်နှာ(၇၀၀)ကျော် ရှစ်ရာနီးပါးကို မအီသွားအောင် ဇာတ်လမ်းလှည့်ကွက်တွေ အချိတ်အဆက်တွေနဲ့ ဆွဲဆောင်သွားပါတယ်။

ဇာတ်လမ်းရဲ့ main characterဖြစ်တဲ့ ပစ်ပ်လို့ခေါ်တဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ သူ့ဘဝအချိုးအကွေ့တွေအကြောင်း။အချိုးအကွေ့တွေတိုင်းမှာ ပစ်ပ်ဟာ အရွယ်နှင့်မဆံ့တဲ့ အတွေ့အကြုံတွေရခဲ့တယ်။Charles Dickensက လူ့စရိုက်တွေကိုတော့ အတော်လေးပီပြင်အောင်ပုံဖော်နိုင်ပါတယ်။လူတစ်ယောက်ဟာ မကောင်းတဲ့ပတ်ဝန်းကျင်မှာနေရတိုင်း သူ့စိတ်ဓာတ်ဟာအောက်တန်းမကျနိုင်ပါသလို စိတ်ရင်းကောင်းတဲ့ဓာတ်ခံဟာ ဘယ်နေရာရောက်ရောက် ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး။

ငယ်စဉ်ကတည်းက မိဘတွေအစ်ကိုတွေနဲ့ မတွေ့လိုက်ရတဲ့ သနားစရာ မိဘမဲ့ကလေးဟာ သူ့အစ်မရင်း လက်ထဲမှာကြီးပြင်းလာခဲ့ရတယ်။ အစ်မရဲ့ယောက်ျား ဂျိုး ဟာ ပစ်ပ်လေးအတွက်တော့ အစ်မရဲ့မိတ်ဆွေတွေရဲ့နှိမ့်ချစော်ကားမှုဒဏ်ခံရတဲ့ငယ်ဘဝရဲ့အဖော်မွန်ဖြစ်ခဲ့ရုံမက သူ့ဘဝနောက်ပိုင်းတွေမှာ အစားထိုးမရတဲ့ မိတ်ဆွေကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။ပစ်ပ်လေးရဲ့ ဘဝအချိုးအကွေ့တွေဟာ ထောင်ပြေးကြီးနှင့်တွေ့တဲ့အခါတစ်ကြိမ်၊ပန်ဘဲချုလ်က မစ္စဟေဗီရှမ်ဆီပို့လိုက်တဲ့တစ်ကြိမ်၊ရှေ့နေ့ဂျက်ဂါးနဲ့တွေ့တဲ့တစ်ကြိမ်၊ထောင်ပြေးကြီးနှင့်ပြန်တွေ့တဲ့အချိန်သူ့ဘဝမှာ အချိုးအကွေ့တွေများပြီး သူရဲ့ ကြီးကျယ်ခမ်းနားတဲ့ မျှော်လင့်ချက်လေးတွေကရော ဒီအလှည့်အပြောင်းတွေအဆုံးသတ်မှာ လက်တွေ့ဖြစ်လာမှာလား ရိုက်ချိုးခံရမလားဆိုတာကလည်းစိတ်ဝင်စားစရာပါ။

မနှစ်မြို့ဖွယ်ရွံစရာကောင်းတဲ့လူတွေလည်းပါသလို နှစ်လိုဖွယ်ကောင်းပြီး အားကျရလောက်တဲ့ကိုယ်ကျင့်တရားရှိသူတွေလည်း တွေ့ရတယ်။မစ္စအက်စတယ်လာနဲ့ ပစ်ပ်ရဲ့ အချစ်ဇာတ်လမ်း၊ဂျိုးနဲ့ သူ့အစ်မရဲ့အချစ်ဇာတ်လမ်း၊မစ္စဟေဗီရှမ်ရဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းစသည်တို့နဲ့ ဝတ္ထုကိုရသအမျိုးမျိုးပေးတဲ့အပြင် ဝမ်းမစ်ရဲ့ ရုံးနဲ့ပြင်ပသူ့ကမ္ဘာငယ်လေးအပေါ် ထားတဲ့သဘောထား၊သူနဲ့သူ့အလုပ်ရှင်ဆက်ဆံရေးစသည်ဖြင့် မငြီးငွေ့နေအောင်ဖတ်ရမှာပါ။Plot twistတွေလည်းများပြီး ဒီဝတ္ထုဖတ်မယ်ဆို အဓိကလိုတာကတော့ သူဖော်ပြသွားတဲ့အသေးစိတ်အချက်အလက်လေးတွေကအစ မကျော်သွားဘဲ တစ်ပါတည်းခေါ်သွားဖို့လိုပါလိမ့်မယ်။ဒါမှသာ စာရေးဆရာရဲ့ ဆက်စပ်ပုံတွေကို နားလည်မြင်သာမှာပါ။

ဒီဝတ္ထုမှာဆိုရင် အဲ့ဒီခေတ်က လူတန်းစားခွဲခြားမှုတွေ၊တရားစီရင်ရေးမဏ္ဍိုင်ယိမ်းယိုင်မှု၊စက်မှုထွန်းကားလာခြင်းရဲ့ သက်ရောက်မှု၊ထိုခေတ်က လူတွေရဲ့ ပညာရေးအဆင့်အတန်းနှင့်ကိုယ့်ကျင့်တရား၊ယောက်ျားမိန်းမတို့ရဲ့ အခန်းကဏ္ဍနှင့်လူ့အဖွဲ့အစည်းစံနှုန်း၊ဗြိတိသျှတို့ရဲ့ နယ်ချဲ့ဝါဒ၊ဂုဏ်သိက္ခာကိုအဖတ်ဆယ်ခြင်းနှင့်ဆင်းရဲမွဲတေမှု၊လူမှုရေးပြဿနာတွေကို ပွင့်လင်းမြင်သာပါတယ်။ဒီလိုဂန္တဝင်လက်ရာတစ်ခုဖန်တီးပြသွားတဲ့ Charles Dickens ရဲ့ဂန္တဝင် လက်ရာကောင်းတွေကိုဆက်ဖတ်ချင်စိတ်ပေါ်လာအောင်ထိဖြစ်ရတဲ့တစ်ပုဒ်ဖြစ်ကြောင်းပြောရင်း ဖတ်ဖို့အကြံပြုလိုက်ပါတယ်ခင်ဗျာ…

Rating-⭐️⭐️⭐️⭐️⭐️

#လမင်းကိုထရံပေါက်မှကြည့်ခြင်း
#bookreview

Keep Reading

စာရေးဆရာနတ်နွယ်ဆိုတာဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚အဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများ