Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

12/08/2024

သံသယဆိုတဲ့ ငြောင့်ကလေး

9 mins read
General Knowledge
သံသယဆိုတဲ့ ငြောင့်ကလေး's photo



လူမှုဆက်ဆံရေးနယ်ပယ်ကို ကောင်းသထက်ကောင်းအောင်၊ လှသထက်လှအောင် ဖန်တီးပေးနိုင်တဲ့ဟာ တွေက အပြန်အလှန်နားလည်ယုံကြည်မှုတွေ၊ အပြန်လေးစားချစ်ခင်မှုတွေပါ။ ဆက်ဆံရေးကို အရုပ်ဆိုး အကျည်းတန်စေတဲ့အချက်တွေထဲက အဓိကအကျဆုံးအရာတစ်ခုကတော့ သံသယပါ။

ဆက်ဆံရေးနယ်ပယ်တစ်ခုရဲ့အကြားမှာ သံသယဆိုတဲ့အရာလေးတစ်ခု အမြစ်တွယ်ခို၀င်သွားပြီဆိုရင် ဒီအမြစ်က တစ်ဖြည်းဖြည်းကြီးထွားလာပြီးတော့ မူလတည်ရှိနေတဲ့၊ ကောင်းမွန်တဲ့ဆက်ဆံရေးလေးကို တစ်စတစ်စ ထိုးခွဲတိုက်စားပြီးတော့ နောက်ဆုံးမှာ ဆက်ဆံရေးနယ်ပယ်ကြီးတစ်ခုလုံးပြိုကွဲပျက်စီးသွားတဲ့အထိတောင်မှ ဆိုးရွားသွားနိုင်ပါတယ်။ သံသယနဲ့ ယုံကြည်မှုဟာ ပြောင်းပြန်အချိုးကျနေတယ်။ သံသယတွေပွားလေလေ၊ ယုံကြည်မှုက ပါးလေလေ။ သံသယတွေခိုင်လေလေ၊ ယုံကြည်မှုက ယိုင်လေလေ။ ဆက်ဆံရေးနယ်ပယ်နဲ့ သံသယကို ဥပမာတစ်ခုနှင့် တင်စားနှိုင်းယှဉ်ပြရမယ်ဆိုရင်တော့ ဘုရားစေတီတွေတို့၊ အဆောက်အဦတို့မှာ ပေါက်လာတဲ့ ညောင်ပင်ပေါက်သေးသေးလေးတွေနဲ့ နှိုင်းယှဉ်ပြချင်ပါတယ်။

ဘုရားတွေ၊ ကျောင်းတွေ၊ အထူးသဖြင့် အုတ်နဲ့လုပ်ထားတဲ့အဆောက်အဦကြီးတွေပေါ်မှာ ညောင်သီးစားထားတဲ့ ငှက်တွေမစင်စွန့်ချရာကတစ်ဆင့် ညောင်ပင်လေးတွေ ပေါက်ပေါက်လာတတ်ပါတယ်။ ဒီညောင်ပင်လေးတွေကိုကြည့်လိုက်ရင် အစပိုင်းမှာတော့ သိပ်ပြဿနာမဟုတ်ဘူးလို့ထင်ရတယ်။ စေတီကြီးက အကြီးကြီး၊ ညောင်ပင်လေးက သေးသေးလေး။ ဒီညောင်ပင်လေးဟာ စေတီကြီးရဲ့ထိပ်ပိုင်းမှာဖြစ်ဖြစ်၊ အလယ်ပိုင်း မှာပဲဖြစ်ဖြစ်၊ အခြေပိုင်းမှာပဲဖြစ်ဖြစ် တစ်နေရာရာမှာ ကပ်ပါးကပ်မြှောင်ပုံစံကလေးနဲ့ အညွန့်သေးသေး အရွယ်ကလေးကနေစလို့ ပေါက်လာ။ လေထဲမှာတလွင့်လွင့်နဲ့။ လေအသွေးမှာ ငိုက်တိုက်ငိုက်တိုက်နဲ့။ တကယ့် ညောင်ပင်ပေါက်စလေး။

အဲ့ဒီညောင်ပင်သေးသေးလေးက တစ်ဖြည်းဖြည်းနဲ့ ကြီးထွားလာပြီးတော့ လက်ကောက်၀တ်လောက်၊ လက်မောင်းလောက်ဖြစ်လာ၊ ဒူးလောက်၊ ပေါင်လောက်အရွယ်အထိဖြစ်လာတယ်။ နောက်ဆုံး သူအရမ်းကြီးထွား လာတဲ့အချိန်မှာတော့ သူ့အမြစ်တွေကထိုးခွဲလိုက်လို့ မူလသူအမှီပြုအားထားခဲ့ရတဲ့ စေတီတော်ကြီးတောင် ကွဲအက်ပြိုကျရရှာတယ်။ ညောင်မြစ်ထိုးလို့ ပြိုကျပျက်စီးသွားရတဲ့ အုတ်အဆောက်အဦတွေ ဘယ်လောက်များ ရှိခဲ့ပြီလဲဆိုတာကတော့ သုတေသနတစ်ခုလုပ်ကြည့်မှသာ တိတိကျကျသိရလိမ့်မယ်။ ကိုယ်လက်လှမ်းမီသမျှ နေရာလေးတွေမှာကိုပဲ ညောင်မြစ်ကြောင့် ပြိုကျသွားတဲ့ဘုရားတွေ၊ တိုက်အိုတိုက်ဟောင်းကြီးတွေ မနည်းလှတော့ဘူး။ တကယ့်ကိုနှမြောစရာပါ။

စည်ပင်သာယာရေးကော်မတီတို့၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဌာနတို့ကတော့ ဒီလိုအပင်တွေကို တွယ်ကပ် သစ်ပင်လို့ခေါ်ကြတယ်။ တွယ်ကပ်သစ်ပင်ရှင်းလင်းရေးလုပ်ငန်းကိုလည်း တာ၀န်တစ်ရပ်အနေနဲ့သတ်မှတ်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ကြတာကိုတွေ့ရတယ်။ အချိန်မီရှင်းလင်းနိုင်ရင်တော့ အဆောက်အဦကြံ့ခိုင်မှုအတွက် မထိခိုက်ဘူးပေါ့။ သက်ဆိုင်ရာဌာနတွေ လက်လှမ်းမမီတဲ့ ကျေးလက်တောနယ်တွေမှာတော့ ညောင်မြစ်ထိုးလို့ ပြိုကွဲရတဲ့စေတီဟောင်းတွေက သိပ်မနည်းလှပါဘူး။

ဒီလိုပါပဲ။ လူမှုဆက်ဆံရေးနယ်ပယ်မှာ သံသယဆိုတဲ့အရာက ညောင်ပင်ပေါက်ကလေးလိုပဲ။

ဘာသံသယမှ ပွားစရာမရှိတဲ့ ဆက်ဆံရေးတစ်ခုကတော့ သူ့ဟာနဲ့သူ ချောနေတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် ထာ၀ရအဆင်ပြေလာကြတဲ့ မိတ်ဆွေနှစ်ဦးရဲ့အကြားမှာ သံသယဆိုတာလေးများ ၀င်လာလိုက်လို့ ကတော့ အဖုအထစ်ကလေးတွေက ရှိလာတော့တာပါ။ သူကတော့ ဒီလိုပြောနေပြီ၊ ဒီစကားလုံးဟာ ရိုးရိုးသားသား ပြောနေတာမှ ဟုတ်ရဲ့လား။ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်များ ရှိနေပါလိမ့်မလဲ။ သူပြောတဲ့အတိုင်း အားလုံး ယုံကြည်လိုက်လို့ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့အတွေးတွေက ဖွင့်ထုတ်ပြီး ပြောမပြပေမယ့် စိတ်ထဲမှာ တနုန့်နုန့်နဲ့ ဖြစ်နေတယ်။

သံသယဟာ ငြောင့်ကလေးတစ်ချောင်းနဲ့လည်းတူပါတယ်။ အခန့်မသင့်လို့ လက်မှာဖြစ်ဖြစ်၊ ခြေထောက်မှာ ဖြစ်ဖြစ် ငြှောင့်အစူးခံရတယ်ဆိုရင် အခံရခက်သလို ပြန်နုတ်ရတာကလည်း တော်တော်ခက်ပါတယ်။ ဆူးစူးတာနဲ့ မတူဘူး။ ဆူးကဆွဲနုတ်ပစ်လိုက်ယုံပဲ။ ဆူးစူးတာက ငြောင့်အစူးခံရတာထက်တော့ ပိုနာတယ်။ ဒါပေမယ့် သူက အနုတ်ရလွယ်တယ်။ အစကနဦးမှာ ငြှောင့်စူးတာထက် ဆူးစူးခံရတာကပိုနာပေမယ့် နုတ်ရတာလွယ်တဲ့အတွက် သူက သိပ်အကြာကြီးမနာဘူးလို့ပြောရမယ်။ ငြှောင့်ကတော့ ဒီလိုမဟုတ်ဘူး။ စပြီး စူး၀င်သွားတုန်းကတော့ သိချင်မှတောင်သိလိုက်မယ်။ နောက်တော့မှ တစ်ဆစ်ဆစ်နဲ့ ကိုက်လာတယ်။ ဘာပါလိမ့်မလဲလို့ သေချာစမ်းကြည့်လိုက်တော့မှ၊ သြော်…. ကိုယ့်မှာ ငြောင့်စူးသွားတာပါလားရယ်လို့ သိရတာ။ သိရတဲ့အချိန်ကစပြီး နေမထိထိုင်မသာတွေဖြစ်တော့တာပဲ။ သူ့ကိုအမြန်ဖယ်ထုတ်ဖို့ အပ်ကလေးတစ်ခုနဲ့ ထိုးမွှေပြီး ဟိုဆွ၊ ဒီဆွနဲ့ ကြိုးစားရတယ်။ ငြောင့်ရှိနေတုန်းက တစ်ဆစ်ဆစ်နဲ့ ကိုက်တဲ့ဝေဒနာခံစားရသလို ငြောင့်ထွင်တဲ့အချိန်ကျပြန်တော့ ပိုပြီးနာကျင်ခံခက်ကြီးဖြစ်ရပြန်တယ်။ သူကဆူးလို ထင်ထင်ရှားရှား မြင်တွေ့နေရတာမဟုတ်တော့ ရုတ်တရက် ချက်ချင်းဆွဲနုတ်လိုက်ဖို့က မလွယ်ဘူးလေ။ အပ်ကလေးနဲ့ ဟိုစမ်း၊ ဒီစမ်း။ အမယ်လေး၊ နာလှချည်ရဲ့ပေါ့လေ။ နာလို့ ဆိုပြီး ဒီငြောင့်ကိုမထွင်ဘဲထားပစ်လိုက်လို့ကလည်း မရပြန်ဘူးမို့လား။

ငြောင့်က အပေါ်ယံလောက်ပဲစူး၀င်တာဆိုရင်တော့ စူးခံရတာလည်း သိပ်မနာသလို ပြန်နုတ်တော့လည်း အရမ်းကြီးတော့မနာဘူးပေါ့။ အတွင်းအထိများ နစ်၀င်သွားလို့ကတော့ မထွင်ခင်နာသလို ထွင်ပြန်တော့လည်း အပ်ဖျားကလေးနဲ့ ထိုးခံဆွခံ၊ ကလော်ခံရတဲ့ဝေဒနာက တကယ်ကို အခံရခက်လှပါတယ်။

ဆူးကိုတော့ ဒေါသနဲ့ တင်စားလိုပြီး ငြောင့်ကိုတော့ သံသယနဲ့ တင်စားချင်ပါတယ်။ လူတစ်ယောက် ဒေါသ ဖြစ်လာပြီဆိုရင် ဘေးလူတွေက ရိပ်မိတယ်။ သိသာတယ်။ တစ်ချို့ အရမ်းသွေးဆူတတ်တဲ့သူတွေဆိုရင် ဒေါသ ထွက်လာတဲ့အခါ မျက်စေ့မျက်နှာတွေက ပျက်လာတယ်။ နီရဲလာတယ်။ အသားတွေပါတောင်တုန်လာတယ်။ ဒေါသအခံဓာတ် အတိမ်အနက်အပေါ်မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်တော့ ကွာတာပေါ့လေ။ တစ်ချို့ လူတွေရဲ့ဒေါသက ရေမှာအရုပ်ရေးလိုက်သလိုပဲတဲ့။ ရေမျက်နှာပြင်ကို တုတ်နဲ့ခြစ်ပြီး အရုပ်ရေးလိုက်ရင် ဘာကြာမလဲ။ ခြစ်လိုက်တဲ့အရုပ်က ဖြစ်ပြီးတာနဲ့ ချက်ချင်းပြန်ပျက်သွားတယ်။ တစ်ချို့ကတော့ သဲပြင်မှာ စာရေး သလိုပဲတဲ့။ အချိန်ကာလ အခိုက်အတန့်တစ်ခုအထိတော့ ခံနေသေးတယ်။ ပြီးမှ ပြန်ပျက်သွားတာ။ တစ်ချို့ ကျပြန်တော့ ကျောက်ထက်အက္ခရာတင်ထားသလိုပဲတဲ့။ ဒီဒေါသက ပြေပျောက်ဖို့တော်တော်ကြီးကို ခဲယဉ်းတဲ့ သဘောရှိနေတယ်။ ဒါထားပါတော့။ အတိမ်အနက်ကတော့ ပင်ကိုယ်စရိုက်အပေါ်မူတည်ပြီးတော့ ကွာကြမှာပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေါသသမားက သိသာတယ်လို့ပဲပြောရမယ်။ သူဒေါသထွက်လာပြီဆိုရင် ဘေးပတ်၀န်းကျင်က နည်းနည်းပဲဖြစ်ဖြစ် ရိပ်မိကြတာများတယ်။ အဲ့ဒီတော့ ဘာ့ကြောင့်ဒေါသထွက်ရတာလဲ၊ ဘယ်လိုဖြစ်ရတာလဲ စသည်အားဖြင့် မေးမြန်းပြီးတော့ အဖြေတစ်ခုကိုကူရှားရင်းနဲ့ ဝိုင်း၀န်းဖြောင်းဖျလို့ရနိုင်တယ်။ ဒါ့ကြောင့် ဒေါသပြဿနာက ဖြေရှင်းရတာ သိပ်မခက်ဘူးလို့ပဲပြောရမယ်။ သံသယသမားကျတော့ ဒီလိုမဟုတ်ဘူး။ တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့ သံသယ၀င်လာပြီဟေ့ဆိုရင် ဒီလူကိုတော့ ငါမယုံဘူးရယ်လို့ ထုတ်ဖော်ပြီး ပြောကြတာမျိုးလည်းမဟုတ်ဘူး။ တွေ့ရင်တော့ ခပ်ပြုံးပြုံးနဲ့၊ မျက်နှာချို လေးနဲ့ဆက်ဆံတာပဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာ သံသယဆိုတဲ့ငြှောင့်က၀င်နေပြီ။ တစ်ဘက်ကပြောသမျှကို သူ သိပ်မယုံချင်တော့ဘူး။ ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့အတွေးက နောက်ကနေ အမြဲကပ်ပါလာတယ်။ မျက်မှန်စိမ်း တပ်ထားသူဟာ အရာရာကို အစိမ်းချည်းပဲထင်နေသလို သံသယစိတ်၀င်နေသူတစ်ယောက်ဟာလည်း တစ်ဘက်လူ ပြောဆိုလုပ်ကိုင်သမျှတွေရဲ့ အပေါ်မှာ မဟုတ်ဘူး၊ မမှန်ဘူးလို့ချည်းပဲမြင်နေတတ်တယ်။ ဒါပေမယ့် သူဒီလို သံသယ ဖြစ်နေတယ်ဆိုတာကို တစ်ဘက်က သိဖို့ခဲယဉ်းနေတယ်။ မသိနိုင်တဲ့အတွက် တစ်ဘက်ကလည်း သူလုပ်စရာရှိတာကို ပုံမှန်အတိုင်းပဲ လုပ်နေမှာပဲ။ ဒီလိုလုပ်နေတာကိုပဲ ဟိုတစ်ဘက်ကလည်း သံသယတွေ၀င်ပြီးရင်း ၀င်ရင်းနဲ့ မြိုသိပ်မထားနိုင်တော့တဲ့ တစ်နေ့ကျမှ ပွင့်အံပေါက်ကွဲထွက်လာပြီးတော့ အားလုံးပြဿနာတွေ ရှုပ်ကုန်တော့တာပါပဲ။

ဒါ့ကြောင့် သံသယဆိုတဲ့ဟာကို ကိုယ့်မှာဖြစ်လာရင်လည်း မြန်မြန်ပယ်ဖျောက်ဖို့အတွက် တစ်ဘက်လူကို မေးသင့်မေးထိုက်တာကို ပွင့်ပွင့်လင်းလင်းမေးမြန်းစုံစမ်းပြီးတော့ တိုက်ရိုက်ဆွေးနွေးအဖြေရှာသင့်တယ်လို့ ပြောချင်ပါတယ်။ သံသယနည်းနည်းလေး၀င်လာပြီဆိုတာနဲ့ မြန်မြန်ရှင်းထုတ်လိုက်တာ အကောင်းဆုံးပါ။ သံသယစိတ်ကလေး နည်းနည်း၀င်လာတာကို မြန်မြန်မရှင်းထုတ်နိုင်ရင် ဒီသံသယက တစ်ဖြည်းဖြည်း ကြီးထွားလာရာက တစ်ဆင့် တစ်ဘက်လူ၊ တစ်ဖက်အဖွဲ့အစည်းရဲ့အပေါ်မှာ လုံးလုံးကို အထင်မှား၊ မမြင်မှားတွေ ဖြစ်ပြီး မဖုံးနိုင်မဖိနိုင်တော့တဲ့တစ်နေ့၊ မြိုသိပ်မထားနိုင်တော့တဲ့တစ်နေ့မှာ ပြဿနာတွေက အတိုးရောအရင်းပါ စုပြုံ၀င်လာပြီးတော့ ဘယ်လိုမှ ပြန်လည်ဖြေရှင်းလို့ မရနိုင်တော့တဲ့အဆင့်အထိ ဆိုးဆိုးရွားရွားဖြစ်သွားတတ် ပါတယ်။

သံသယရဲ့အကျိုးဆက်ကို သိပ်ပြီးလျှော့မတွက်သင့်ပါဘူး။

အဇာတသတ်မင်းရဲ့ဇာတ်ကြောင်းမှာ သိသိသာသာတွေ့ရပါလိမ့်မယ်။ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် အဇာတသတ်က အလွန်အင်အားကြီးတဲ့ စစ်တပ်ကိုပိုင်ဆိုင်ထားတဲ့သူ။ ဒါပေမယ့် သူ့ထက် စစ်အင်အားနည်းတဲ့ ဝေသာလီပြည်က လိစ္ဆဝီမင်းတွေကို ဘယ်လိုမှ တိုက်ခိုက်လို့ မအောင်မြင်နိုင်ဘူးဖြစ်နေတယ်။ ဘယ်နိုင်ပါ့မလဲ။ ဝေသာလီပြည်က အပရိဟာနိယတရားထွန်းကားတဲ့ဒေသဖြစ်နေတယ်။ ချုပ်ပြောရရင်တော့ စည်းလုံးညီညွတ်ရေး အင်မတန်ခိုင်မာအားကောင်းတဲ့နေရာပေါ့။ ဒီမိုကရေစီဆန်ဆန် အလှည့်ကျအုပ်ချုပ်ရေးစနစ်လည်းရှိတယ်။ လိစ္ဆဝီ တွေက မင်းသားချည်းငါးရာရှိတာဆိုတော့ ဘယ်သူကရှင်ဘုရင်၊ ဘယ်သူက အိမ်ရှေ့မင်း၊ ဘယ်သူက စစ်သူကြီး ရယ်လို့ ပုံသေသတ်မှတ်မထားဘူးတဲ့။ အားလုံးအလှည့်ကျပဲ။ ဒီတစ်ပတ်မှာ ဒီမင်းသားက ရှင်ဘုရင်ဆိုရင် နောက် တစ်ပတ်မှာ စစ်သူကြီးဖြစ်ချင်ဖြစ်သွားတယ်။ ဘယ်တာ၀န်ပဲထမ်းရထမ်းရ အလှည့်ကျစနစ်မို့ ကျရာတာ၀န်ကို ကျေကျေနပ်နပ်ကြီးထမ်းဆောင်ကြတယ်။

ဝေသာလီတွေက အားလုံးအမျိုးတွေချည်းပဲ။ အမြွှာပူးဆယ့်ခြောက်ခုက အချင်းချင်းလက်ထပ်ထိမ်းမြား ပြီးတော့ ဆယ့်ခြောက်မြွှာ၊ ဆယ့်ခြောက်မြွှာ ဆင့်ပွားဆင့်ပွား ပွားလာကြတာတဲ့။ ဝေသာလိယာတီသု ပါကာရန္တရေသု တဲ့။ မြို့ကို တံတိုင်းကာလိုက်တယ်။ တော်တော်ကြာတော့ လူဦးရေကတိုးလာပြီး မြို့မဆန့်တော့ တံတိုင်းတစ်ဆင့်ထပ်ပြီးကာရတယ်။ ဒါလည်း သိပ်မဟန်သေးဘူး။ နောက်ထပ်လူဦးရေက အရမ်းတိုးလာပြန်တော့ နောက်တစ်ဆင့်ထပ်ပြီးတော့ တံတိုင်းကာရပြန်တယ်။ အဲ့သလို တံတိုင်းသုံးထပ်ရှိလို့ပဲ ဝေသာလီလို့ ခေါ်တာ ဆိုပဲ။ အားလုံးကလည်း အမျိုးတွေမို့ စည်းလုံးညီညွတ်ရေးက အရမ်းကောင်းနေတယ်။ အဇာတသတ်မင်း ဘယ်လို ကြိုးစားပြီးတိုက်ခိုက်ပေမယ့် ဝေသာလီကို မသိမ်းနိုင်ဘူး။

နောက်တော့ လူယုံတော်ဖြစ်တဲ့ ဝဿကာရအမတ်ကြီးရဲ့ ဥာဏ်နီဥာဏ်နက်ကို သုံးပြီးတော့မှ ဝေသာလီကို သိမ်းနိုင်သွားတယ်။ ဝဿကာရအမတ်ကြီးလုပ်ပုံက ဒီလို။ သူ့ကို အဇာတသတ်က ပြည်နှင်ဒဏ်ပေးလိုက်လေဟန် နဲ့၊ သူ့ကိုယ်မှာ ဒဏ်ရာပရဗွနဲ့ ဝေသာလီကို ထွက်ပြေး၀င်ရောက်လာတာ။ နိုင်ငံရေးခိုလှုံခွင့်တောင်းတာပေါ့လေ။ ကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေအများကြီးပါလာတာဆိုတော့ လိစ္ဆဝီတွေက ယုံတာပေါ့လေ။

ဒီယုံကြည်မှုကနေတစ်ဆင့် သူ့ရဲ့အရေးတော်ပုံကို စပြီးအကောင်အထည်ဖော်တယ်။ သူလုပ်တာက သိပ်တော့ အကြီးကြီးတွေမဟုတ်ဘူး။ လယ်ထွန်နေတဲ့မင်းသားနားသွားပြီးတော့ “အရှင်မင်းသား လယ်ထွန်နေတာလား”လို့ တိုးတိုးလေးသွားမေးတယ်။ တကယ့်ကို တိုးတိုးလေးမေးတာ။ မေးတာကလည်း ဘေးက မင်းသားတစ်ပါး မြင်နိုင်လောက်တဲ့အချိန်၊ ဖြတ်သွားဖြတ်လာရှိတဲ့အချိန်မျိုးမှာမှ တမင်တကာကို မေးတာ။ နှစ်ကိုယ်ကြား တီးတိုးလေးပဲမေးတာ။ ဒီတော့ ဟိုဘက်ကလည်း “အေး၊ ဟုတ်တယ်”ပေါ့လေ။ ဒါပဲ။ ဘာမှတော့ မဟုတ်ဘူး။ နောက်တစ်ခါ တံတိုင်းအထက်မှာ ကင်းစောင့်နေတဲ့သူကိုလည်း ကင်းစောင့်နေတာလားလို့ တိုးတိုးလေး ကပ်မေးတယ်။ အမှန်အတိုင်းပဲဖြေတာပေါ့။ တစ်ခြားမင်းသားတွေကိုလည်း ဒီအတိုင်းပဲ လျှောက်လျှောက်မေးနေတယ်။ ဖြေကြတယ်။ တီးတိုးတီးတိုးနဲ့။

ဝဿကာရအမတ်ကြီးနှင့် မင်းသားတွေ တီးတိုးတီးတိုးလုပ်နေတာကို မြင်သွားတဲ့တစ်ခြားမင်းသားတွေက အမတ်ကြီးကိုတော့ ဘာမှဖွင့်မပြောဘူး။ ကိုယ့်အချင်းချင်းပဲမေးတယ်။ “ခုနက အမတ်ကြီးက နောင်ကြီးကို ဘာတွေ များပြောသွားတာလဲ။” “ဘာမှမဟုတ်ပါဘူး၊ လယ်ထွန်နေတာလားလို့မေးတာပါ။” ကင်းစောင့်နေတဲ့မင်းသားကို သွားမေးပြန်တော့လည်း “ဘာမှမဟုတ်ပါဘူး၊ ကင်းစောင့်နေတာလားလို့မေးသွားတာပါ။” ဖြေတဲ့သူကတော့ အမှန်အတိုင်းဖြေတာပဲ။ ဒါပေမယ့် သူတွေးပြီလေ။ မဖြစ်နိုင်ဘူး။ ဒီလောက်တောင် တီးတိုးတီးတိုးလေး ပြောနေတဲ့ ဟာကြီးကို လယ်ထွန်တာလား၊ ကင်းစောင့်တာလားဆိုတာ မဖြစ်နိုင်တာပဲ။ အင်း၊ ဧကန္တ မဟုတ်မှလွဲရော။ သူတို့ ကြားမှာ လျှို့ဝှက်ရမယ့်ကိစ္စတစ်ခုခုတော့ ရှိနေကြပြီ။ တိတ်တဆိတ်တိုင်ပင်နေကြပုံထောက်တော့ ဒီအရေးတော်ပုံ ကြီးဟာဖြင့် နှယ်နှယ်ရရတော့ ဟုတ်ပုံမရဘူး။ ထီးရေးနန်းရေးတွေနဲ့များ ပတ်သက်နေလေမလား။

ဒီလိုပဲပေါ့လေ။ တစ်ဖြည်းဖြည်းနဲ့ လိစ္ဆဝီမင်းသားတွေအကြားမှာ အချင်းချင်းသံသယတွေ၀င်လာပြီးတော့ အရင်လို ယုံယုံကြည်ကြည် မပြောဖြစ်မဆိုဖြစ်ကြတော့ဘူး။ စကားကိုထိန်းသွားကြပြီ။ ပြောရမယ့်ဟာမှန်သမျှ အကုန်လုံးတော့ မပြောဖြစ်၊ မတိုင်ပင်ဖြစ်ကြတော့ဘူး။ ဘယ်သူ့ရဲ့လှည့်ကွက်က ဘာဖြစ်မလဲဆိုတာမျိုးနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်အကဲခတ်ကြတော့တဲ့အနေအထားတွေအထိရောက်လာတယ်။ နောက်ဆုံးတော့ ဂိုဏ်းဂဏတွေပါ ကွဲကုန်ကြတယ်ဆိုပါတော့။

သူတို့ရဲ့အကွဲအပြဲဇာတ်လမ်းစပြီဆိုတာနဲ့ ဝေသာလီအခက်၊ ရာဇဂြိုဟ်အချက်ဆိုတဲ့ကိန်း ဆိုက်နေပါပြီ ဘုရား၊ ဒီအချိန်မှာ ထိုးစစ်ဆင်ရင် နိုင်ကိုနိုင်ပါလိမ့်မယ်ဆိုပြီ ဝဿကာရအမတ်ကြီးက ဘုရင်အဇာတသတ်ဆီ သူလျှိုကတစ်ဆင့်လှမ်းပြီးလျှောက်တင်လိုက်တယ်။ ဝေသာလီကို၀င်တိုက်တယ်။ အောင်တယ်။ သိမ်းပိုက်နိုင် သွားတယ်။ ဇာတ်လမ်းကဒါပါပဲ။

ဒီအဖြစ်အပျက်မှာ ဝေသာလီရဲ့ကျရှုံးခန်းဟာ သံသယဆိုတဲ့အရာလေးတစ်ခုကြောင့်လို့ပဲ ပြောရမှာပါ။ ဘာမှ မဟုတ်တဲ့အရာကလေးတွေက စတယ်လို့ပြောရမှာပါ။ ဒါက အမှိုက်ကစ ပြဿဒ်မီးလောင်တာတောင်မဟုတ်ဘူး။ ပြဿဒ်ထက်အဆပေါင်းများစွာ တန်ဖိုးရှိတဲ့ တိုင်းပြည်ကြီးတစ်ခုလုံး ပါသွားတာ။

လူမှုဆက်ဆံရေးအားလုံးမှာလည်းဒီလိုပါပဲ။ သံသယဆိုတဲ့ဂြိုဟ်ဆိုး၀င်လာပြီဆိုရင် ငါးပါးမက သံဃာစင်ပါ မှောက်တဲ့ကိန်းဆိုက်တော့တာပါ။ အချစ်ရေးမှာကြည့်မလား၊ သံသယ၀င်လာပြီဆိုရင် ရှေ့ဆက် လက်တွဲကြဖို့က ခဲယဉ်းသွားတယ်။ ငါသူနဲ့လက်တွဲလိုက်ရင် ဘ၀တစ်လျှောက်လုံး ငါ့အပေါ်သစ္စာရှိနိုင်ပါ့မလားဆိုတဲ့အတွေးက လမ်းခွဲဖို့ကို ဦးတည်သွားတယ်။ အိမ်ထောင်ရေးကိုကြည့်မလား၊ သံသယ၀င်လာရင် အဆင်မပြေပြန်တော့ဘူး။ တစ်ဘက်က လုပ်ကိုင်ပြောဆိုသမျှတွေဟာ သစ္စာမဲ့တဲ့ကိစ္စတွေချည်းပဲလို့ မြင်လာတယ်။ စီးပွားရေးကို ကြည့်မလား၊ သံသယရှိတဲ့သူနဲ့၊ သိပ်မယုံရတဲ့သူနဲ့ ဘယ်သူမှတွဲပြီးအလုပ်မလုပ်ချင်ဘူး။ စာချုပ်စာတမ်းတွေ တစ်ထပ်ကြီး ချုပ်ထားတာတောင်မှ စိတ်ကမချနိုင်သေးဘူး။ နိုင်ငံရေးကိုကြည့်မလား၊ သံသယစိတ်တွေမွေးနေသရွေ့တော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြန်လည်ရင်ကြားစေ့ရေးဆိုတာက ဝေးနေကြလိမ့်ဦးမယ်ထင်တယ်။

ဟောဒီ သံသယဆိုတဲ့အရာကြီးကတော့ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် စနေဂြိုဟ်လိုပဲ ၀င်၀င်မွှေနေဦးမှာပဲ။ သူ့ကိုလက်မခံမှ။ အစကလက်ခံခဲ့မိရင်လည်း မြန်မြန်မောင်းထုတ်လိုက်နိုင်မှကို ဖြစ်မှာပါ။

မောင်းတဲ့နည်းက ခက်သလားဆိုတော့ သိပ်တော့မခက်ပါဘူး။ သံသယ၀င်လာရင် သိုဝှက်မထားသင့် ပါဘူး။ ကိုယ်သံသယ၀င်တဲ့တစ်ဘက်လူကိုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်လေးစားယုံကြည်တဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်ဆီမှာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းချပြဆွေးနွေးပြီးတော့ အဖြေရှာသင့်ပါတယ်။ ဒီသံသယကို အမြန်ဆုံးပယ်ဖျောက်သင့်ပါတယ်။ ကိုယ်ကသူ့ကိုသံသယဖြစ်ပါတယ်ဆိုမှတော့ သူ့ကို ပွင့်ပွင့်လင်းလင်းချပြဖို့က ဘယ်မှာဖြစ်နိုင်ပါ့မလဲလို့ ပြောချင်ပြောပါလိမ့်မယ်။ သူနဲ့တိုက်ရိုက်မပြောချင်ဘူး ဆိုရင်လည်း တစ်ယောက်ယောက် နဲ့တော့ တိုင်ပင်ဆွေးနွေးအဖြေရှာသင့်ပါတယ်။ အကြံပေးတဲ့သူက မှန်ကန်ဖို့တော့လိုမှာပေါ့လေ။

နှစ်ကိုယ်ကြားဆက်ဆံရေးမှာဆိုရင်လည်း ကိုယ်မှာဖြစ်ပေါ်လာတဲ့သံသယကို တစ်ဘက်လူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်တယ်။ ဒီသံသယနှင့်ပတ်သက်ပြီးတော့ တစ်ဘက်လူကို ထုချေရှင်းလင်းခွင့် ပေးသင့် တယ်။ ပြန်ဆွေးနွေးပါစေ။ ဒါမှသာ ကိုယ်ထင်နေတဲ့အတိုင်းဟုတ်မဟုတ် သိပြီးတော့ အမှားအမှန်ကို ခွဲခြားနိုင်မှာပါ။ အဖွဲ့လိုက်ဆက်ဆံရေးမျိုးဆိုရင်လည်း တစ်ဘက်နဲ့တစ်ဘက် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးသင့်ပါတယ်။ ခင်ဗျားတို့ဘက်ကဆွေးနွေးတာကတော့ ဒီလို။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကတော့ ဒီကိစ္စအပေါ်မှာ နည်းနည်း လေး သံသယ၀င်မိတယ်။ နောင်တစ်ချိန်မှာ ဒီကတိက၀တ်တွေကို အစဉ်ထာ၀ရ ထိန်းသိမ်းထားနိုင်ကြပါ့မလား။ နောက်တော့မှ ကတိပျက်မှာကို စိုးရိမ်မိတယ် စသည်အားဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးသင့်ပါတယ်။ အားလုံက ရိုးသားပွင့်လင်းစွာပြောဆိုဆက်ဆံလာကြပြီဆိုရင်တော့ သံသယတွေက ပါးနိုင်သမျှ ပါးလျားသွားမှာပါ။

ဘယ်သူနှင့်ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ ကိုယ့်မှာသံသယ၀င်နေပြီဆိုရင် ဒီသံသယကို စောနိုင်သမျှစောစော ပယ်ဖျောက်ဖို့အတွက် ကြိုးစားသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ မွေးထားပြီးတော့ တနုံ့နုံ့ခံစားနေမယ် ဆိုရင်တော့ ဒီသံသယက ကြာလေလေ ခိုင်မာအားကောင်းလာလေလေဖြစ်လာပြီးတော့ နဂိုရှိရင်းစွဲဆက်ဆံရေး အခြေအနေလေးတွေ လုံး၀ပျက်စီးသွားနိုင်ပါတယ်။ သံသယစိတ်၀င်နေသူတစ်ယောက်ဟာ ပြုံးတယ်ဆိုဦးတော့ လှိုက်လှိုက်လှဲလှဲ ဟက်ဟက်ပက်ပက်မပြုံးနိုင်တော့ဘူး။ ပြောတယ်ဆိုဦးတော့ ရင်ထဲရှိတာမှန်သမျှကို ရှိရင်းစွဲအတိုင်း ဖွင့်ချမပြနိုင်တော့ဘူး။ ပြောဆိုလုပ်ကိုင်သမျှတွေက အင်ပြည့်အားပြည့်မဖြစ်နိုင်တော့ဘူး။ အရာရာကို ချီတုံချတုံနဲ့ ခပ်ထင့်ထင့်ပဲ လုပ်ကိုင်ဆောင်ရွက်ဖြစ်နေတော့တယ်။ ဒါ့ကြောင့် သံသယမှန်သမျှကို အမြန်ဆုံးပယ်ဖျောက်သင့်တယ်လို့ ပြောလိုပါတယ်။ ဒီလိုပြောလို့ အရာအားလုံးကို မျက်စေ့စုံမှိတ်ပြီး တစ်ဘက်သတ်ကြီး စွတ်ယုံနေရမယ်လို့မဆိုလိုပါ။ ဘယ်ဟားအမှား၊ ဘယ်ဟာအမှန်၊ ကြောင်းဘယ်လို၊ အကျိုး ဘယ်လိုဆိုတာကို သေသေချာချာလေ့လာသုံးသပ်ပြီးတော့မှ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ တင်ပြလိုရင်းပါ။

ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် သံသယလုံး၀၀င်မလာခဲ့ရင်တော့အကောင်းဆုံးပေါ့။ ၀င်လာခဲ့ရင်လည်း အမြန်ဆုံးပယ်ဖျောက်နိုင်အောင်ကြိုးစားသင့်ပါတယ်။ ပြတ်သွားတဲ့ကြိုးလေးတစ်ချောင်းဟာ နဂိုလောက် မကောင်း နိုင်တော့ဘူးဆိုပေမယ့် အထုံးကလေးတစ်ခုနဲ့ ပြန်ဆက်လိုက်ရင်တော့ ကြိုးတစ်ချောင်းရဲ့ လုပ်ငန်းဆောင်တာ တွေကို ဆက်လက်ဆောင်ရွက်နိုင်နေဦးမှာပါ။ အမြန်ပြန်ထုံးလိုက်တာအကောင်းဆုံးပါ။

စေတီပေါ်မှာ၊ တိုက်တာအဆောက်အဦတွေပေါ်မှာ ညောင်ပင်ကလေးပေါက်နေပြီလား။ ဒါဆို အမြန်ဆုံး နုတ်ပစ်လိုက်ပါ။ အချိန်မီမနုတ်နိုင်ရင် စေတီတစ်ဆူလုံး၊ အဆောက်အဦတစ်ခုလုံးကို ညောင်မြစ်က ထိုးခွဲဖျက်ဆီး သွားနိုင်ပါတယ်။

ငြောင့်ကလေးတစ်ချောင်းအစူးခံလိုက်ရပြီလား။ ဒါဆိုရင်တော့ မြန်မြန်သာထွင်ပစ်လိုက်ပါ။ ဒီလိုမှ မဟုတ်ဘဲ အသားထဲကငြောင့်ကလေးကိုဒီအတိုင်းထားရင်တော့ အတွင်းမှာလှိုက်စားသွားပြီး အပ်နဲ့ထွင်းရမယ့် ဟာလေးက ပုဆိန်နဲ့ထွင်းရမယ့်အနေအထားအထိရောက်သွားနိုင်ပါတယ်။

ဒါ့ကြောင့် သံသယဆိုတဲ့ငြောင့်မှန်သမျှကို အမြန်ဆုံးနုတ်ပယ်လိုက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။

သိုက်စိုးထွန်း(နတ်ရွာ)
၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်နေ့ထုတ်
The Voice Daily သတင်းစာ

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း