စာကြမ်းပိုး

ဆရာမကြီး ကြည်အေး ကို လေးစားမိတာက သူ့စာက unique ဖြစ်နေတယ်လို့ ခံစားမိတာပါပဲ။ သူ့ဇာတ်ကောင်တွေလို စရိုက်သဘာဝမျိုးတွေကို သူ့ဘာသာတာဝန်တခုယူပြီး ရဲရဲဝံ့ဝံ့ ရေးရဲတာ သိပ်သဘောကျတာပဲတကယ်..။ ဒီလိုဖောက်ထွက်နိုင်ရဲတဲ့ ပညာ နဲ့သတ္တိ ။ ဖောက်ထွက်တယ် လို့အကြောင်းပြပြီး ညစ်ညမ်းတဲ့အကြောင်းအရာတွေ ရောနှောကာ စာဖတ်သူကိုလည်း အဆိပ်ခတ်မသွားဘူး။ ဘယ်လောက်ကျက်သရေမင်္ဂလာရှိလဲနော်။ Genius တွေကို ခရေဇီဖြစ်တဲ့ကျွန်မအတွက်တော့ မဒမ်ကျူရီလိုပဲ စိတ်ထဲမှာ ထပ်ပြီး မှတ်မှတ်ထင်ထင်ဖြစ်မိတဲ့ အမျိုးသမီးကြီးပါပဲ။
ကျွန်မရဲ့ဘဝက အတော်လေး ရိုးရှင်းတယ်လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ စာတွေဖတ်သွားမယ် ဆိုတာကလွဲလို့ ဘာရည်ရွယ်ချက် ရည်မှန်းချက်မှလည်းမရှိဘူး ။ ကျောင်းပြေးတာ ၊ အရက်သောက်တာ ဘာညာ အပျော်ရည်းစားထားတာကအစ ဘာတခုမှမလုပ်ဖူးဘူး။ ASD Spectrum ထဲမှာအနည်းငယ်ပါဝင်နေတဲ့ သားလေးရဲ့မေမေဖြစ်နေတာကလွဲလို့ ဘာတခုမှထူးထူးခြားခြား မရှိပဲ ဒီတိုင်း ပုံမှန် ဘဝတခုပဲ။ အခုမှသာ စာစုံဖတ်တာ။ အရင်က ဖတ်တဲ့စာတွေကလည်း စွန့်စားခန်း မဟုတ်ရင် ဘုရားစာတွေပဲ များတယ်။ သားသားဖေဖေကဆို ကျွန်မကို "ကွန်ဆာဗေးတစ်ကြီး" လို့တောင်စ စ နေတာ။ အဲ့ဒီလို နေထိုင်ခဲ့တဲ့ လူမျိုးကိုတောင် အတွေးအမြင်တခု ၊ ပြောင်းလဲမှုတခုပေးနိုင်တယ်လို့ထင်မိတယ်။ ကျွန်မနဲ့ဆန့်ကျင်ဖက်လိုဖြစ် နေတတ်တဲ့ ဆရာမကြီးရဲ့ဇာတ်ကောင်တွေကို အားကျတာ ဘာညာမဖြစ်မိပေမယ့် ကျွန်မအနေနဲ့ အပြည့်အဝ နားလည်ပေးနိုင်တယ်။ နားလည်ပေးနိုင်လောက်အောင်ကို ရေးသွားနိုင်တယ်။ ကျွန်မထင်တယ် ။ အဲ့ဒီလို နားလည်ပေးနိုင်ရာကနေ လောကကြီးက မှတ်ချက်တခုခုပြုထားတဲ့ လူတွေအပေါ်မှာလည်း အဆိုး အလွန်အကျွံ မမြင်တော့တာမျိုး ဖြစ်အောင် ထပ်ကြိုးစားဖို့ တိုက်တွန်းမှုတခု ဖြစ်သွားလိမ့်မယ်လို့လေ....
စဉ်းစားကြည့်လိုက်တော့ လောကကြီးကို ထောင့်ပေါင်းစုံကကြည့်တတ်အောင် ပေးလိုက်တဲ့ အသိဉာဏ်တွေပဲ။ ရသစာပေ ကတဆင့်ရရှိလိုက်တဲ့ ကိုယ်ချင်းစာနာမှုတွေနဲ့ အင်အားတွေပဲ ။ ဘယ်လောက်ကြီးမားပြီး ဘယ်လောက် အဖိုးတန်လဲနော်......
စာဖတ်ခြင်းဖြင့် ပိုမိုချမ်းမြေ့ပျော်ရွှင်သော ဘဝတခုကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ??????
ဝတ်မှုံလေး (စာကြမ်းပိုး)
Keep Reading