စာကြမ်းပိုး

စာမျက်နှာ ၈၆၄ ၊ နှစ်တွဲပေါင်းပြန်လည်ရိုက်နှိပ်ခြင်း ၊ စိတ်ကူးချိုချို ၊ မျက်နှာဖုံးပန်းချီ -ဇော်မောင်
မင်းတုန်းမင်းကြီးလက်ထက်က မြန်မာ့နန်းတွင်းအရေးအခင်းများကို နောက်ခံထားကာ ရေးဖွဲ့ထားသောဝတ္ထုရှည်တပုဒ်ဖြစ်ပါတယ်။ ရှေးကဗျာတွေနဲ့နန်းတွင်းဓလေ့ထုံးတမ်းအကြောင်းတွေလည်းအများကြီးပါဝင်တာမို့ တော်တန်ရုံအားစိုက်မှု ၊ အသိပညာမျိုးနဲ့ ရေးနိုင်ဖို့ခက်ခဲတဲ့ ဝတ္ထုကြီးတပုဒ်အဖြစ်ထင်မြင်မိပါတယ်။ကဗျာတွေကြိုက်တဲ့ကျွန်မအနေနဲ့ မြင်းကြန်ရကန် တို့ ၊ ဓားချင်းလူးတား တို့ ....စသဖြင့် ကြားဖူးနားဝရှိသွားပြီး ဗဟုသုတအတော်ရခဲ့ပါတယ်။
စာထဲက သူတို့ပြောပုံဆိုပုံလေးတွေက တမျိုးလေးတွေ။ ကျွန်မတဦးတည်း ခံစားချက်အရတော့ "ချစ်စရာလေး" လို့မြင်ပါတယ်ရှင့်။ ထမင်းကို "အမှင်း" တဲ့ ထန်းလျက်ဖြူဆုပ်ကို "အညှက်ဖြူဆုပ်" တဲ့။ " " ဖြစ်တယ် " ဆိုရင် "ဖြစ်သယ်" လို့ပြောပြီး "ဖြစ်တာ" ဆိုရင် "ဖြစ်သာ " လို့ပြောကြတာ။ အခြားသူတယောက်ကို သုံးတဲ့ နာမ်စား အနေနဲ့ "ချင်း" ဆိုတာကို အသုံးများတာလည်းတွေ့မိတယ်။ ဘာရယ်မဟုတ် စိတ်ထဲ ချစ်စရာလေးလို့ မြင်ပြီး သဘောကျမိခဲ့ပါတယ်ရှင့်။
ပြီးတော့ ဓားကို" ဝင့် "တာ.."ချပ် "တာ.."စင်း" တယ်ဆိုတာတွေလည်း အခုမှသိတာပါ။ ပြီးတော့ "ဓားရမ်း" တယ် တို့ .."ဓားမမှန်" ဘူး တို့ ."ဓားဟုန်နေသူ" တို့...အဲ့လိုအသုံးတွေလည်း ကျွန်မအတွက် အသစ်အဆန်းမို့ ကြိုက်ပါတယ်။ ဖတ်နေရင်းတောင် စဉ်းစားမိသေးတယ်။ စွန့်စားခန်း တွေ ကြိုက်ပေမယ့် "အက်ရှင်" တွေမကြိုက်ဘူး ဆိုတာ ငါလျှောက်ပြောတာများဖြစ်နေမလားလို့လေ ။ ဒီစာအုပ်အကြောင်း ပြန်တွေးမိတာ အဲ့ဒီအကြောင်းတွေဖြစ်နေလို့ပါ :D
"စစ်မှာတမူ" ကဗျာနဲ့ ဖွင့်ထားတဲ့အခန်း ၁၈ ကိုလည်းအတော်ကြိုက်ပါတယ်။ ရှေ့ကကဗျာ နဲ့ နောက်က အကြောင်းအရာက စပ်ဟပ်လွန်းတယ်လို့ခံစားမိခဲ့လို့ပါ။နန်းတော်သစ်တည်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အသေးစိတ်ရေးထားတာ နဲ့ အိမ်ရှေ့ကိုယ်တော်ကြီး နဲ့ပတ်သက်တဲ့ထင်မြင်ချက်၊ စလေဦးပုညနဲ့ ဦးကြင်ဥပြဇာတ်များအပေါ်နှိုင်းယှဉ်မှု ၊ လှိုင်မိဖုရားနဲ့ အိမ်ရှေ့ကိုယ်တော်ကြီးကြားမှဆက်ဆံရေးကိုတွေးဆမှုများ စတဲ့အကြောင်းအရာ တွေကလည်း ဗဟုသုတအသစ် ၊ အတွေးအမြင်သစ်တွေပေးနိုင်တယ် လို့ထင်မြင်ခဲ့ပါတယ်။
ဖတ်ကြည့်လိုက်တဲ့အခါမှာ ဒီစာအုပ်က ဓားရေးပြတာတွေအပြင် အမျိုးသမီးလေးတွေ အတွက်လည်း သင်ခန်းစာတစုံတရာ ရရှိစေမယ့်စာအုပ် ၊ မေတ္တာဖွဲ့ဇာတ်လမ်း ကြိုက်နှစ်သက်သူတွေလည်း သဘောကျလောက်မယ့် စာအုပ်လို့ ထင်မြင်မိပါတယ်။ စကားလေးတခွန်းဆို ကျွန်မ စိတ်ထဲစွဲနေအောင်မှတ်မိသွားတယ် " မိန်းမ ဆိုတာ စိတ်ငြိမ်ရတယ်"..တဲ့ ၊ "ငယ်လေ စိတ်ငြိမ်ငြိမ်ထားရလေလေပဲ.".တဲ့ ..စာအုပ်ပါအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ခံစားကြည့်ရင် သိပ်ကို အဓိပ္ပါယ်ရှိပါတယ်။
ကျွန်မ ဆရာကြီး ဦးအောင်သင်းရဲ့စာအုပ်တအုပ်ဖတ်ဖူးတာအမှတ်ရတယ်၊ အဲ့ဒီစာအုပ်ထဲက အတိုင်း ပြောရရင်တော့ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေဟာ "စရိုက်သေ" ဇာတ်ကောင်တွေလို့ပြောလို့ရမလားမသိဘူး။ "ငဩ" ရဲ့ ဇာတ်ကောင်စရိုက်က "ဟီးရိုး" ဆန်ပြီး "ငရွဲ" ကတော့ "ဗီလိန်" ဆန်တယ် လို့ထင်မြင်မိခဲ့တာလေးတွေတော့ရှိပါတယ်။ မိန်းကလေးမို့လားတော့မသိဘူး မှတ်မှတ်ရရ (နည်းနည်း) ဖတ်ရတာ ရွံ့ မိတဲ့ ဓားခုတ် ခန်းတွေတော့ရှိပါတယ်။
ပွဲကျောင်းဆရာတော်ကျောင်းထွက် ငဩ ၊ ငရွဲ ၊ ငမြတ်စံ နဲ့ ငထိုက် ၊ ငဖောင် တို့အပြင် ခင်သုံ ၊ ခင်ခင်ထား ၊ ခင်ခင်ဆင့် စသူ တို့ရဲ့ စရိုက်သဘာဝကို လေ့လာနိုင်ခြင်း ၊ မန္တလေးမြို့တည်ချိန်က ခမ်းနားကြီးကျယ်သော ပွဲတော်ကြီးအကြောင်းကို အသေးစိတ်မြင်ယောင်နိုင်ခြင်း ၊သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ကိုဖိုးလှိုင် ၊ ဦးပုည ၊ပြင်စည်မင်းသားကြီး ၊ အိမ်ရှေ့ကိုယ်တော်ကြီး စတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်များအကြောင်းလည်း ထည့်သွင်းရေးသားထားခြင်း ၊ ရှေးခေတ်စကားပြောများနဲ့ သမိုင်းနောက်ခံ ဝတ္ထုဆိုသော်လည်း (ကျွန်မအတွက်) အေးဂျင့်များပါဝင်တဲ့ နိုင်ငံခြား စုံထောက် ဝတ္ထုများလို စိတ်လှုပ်ရှားဖွယ်ရာ ခံစားဖတ်ရှုခဲ့ရခြင်းတို့ကြောင့် ၂၀၂၃ အတွက် ပထမဆုံးဖတ်မိတဲ့ အမှတ်ရဖွယ်ရာ ဝတ္ထုကြီး တပုဒ် အဖြစ် စိတ်ထဲကျန်ရှိနေတော့မှာ အသေအချာပါပဲရှင်။
You Tube Link
https://youtu.be/HYOfkEyoo1Y
ဝတ်မှုံလေး (စာကြမ်းပိုး).
11.1.2023 (Wed)
9:10 PM
https://youtube.com/channel/UCxbnHMB5_OWNwMQz_R5di0w
Keep Reading