Author's Profile Photo

Reviews by Benevolent

6/02/2024

'ပင်လယ်ဝံပုလွေ

2 mins read
Book Review
'ပင်လယ်ဝံပုလွေ's photo



စာမျက်နှာ - ၂၇၆ နဲ့ ဒီစာအုပ်ကို ဒုတိယမ္ပိဖတ်မိလည်း အကျိုးများပါတယ်၊ အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ ဂန္ထဝင်စာပေထဲက တစ်ခု၊ အမြဲလတ်ဆတ်နေတဲ့ စာအုပ်ဖြစ်သည့်အပြင် လူတိုင်းဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ စာပေလောကအများစုက သတ်မှတ်ထားကြတယ်။ပင်လယ်ရနံ့လေးနဲ့ စွန့်စားခန်းကြိုက်သူများ၊ ဘဝအသိ နဲ့ ပညာကို ရှာဖွေသူများ လက်ကိုင်စွဲထားသင့်တဲ့စာအုပ်ပါ ၊ မူရင်းစာရေးသူရဲ့ အတွေးအခေါ် ၊ဘဝနောကြေတဲ့အတွေ့အကြုံ နဲ့ အယူအဆ များစွာကို ဒီစာအုပ်လေးထဲတွင် မြုပ်နှံထားသည်ကို မြင်ရပါတယ်။ ဒီဝတ္ထုထဲမှာ ဝံပုလွေလာဆင် နဲ့ ဟမ်ဖရီဗင်‌ဝေဒင် ဆိုတဲ့အပြိုင်ဇာတ်ကောင် နှစ်ယောက်ရဲ့ ခေါ်ဆောင်ရာကို စာဖတ်သူ လိုက်ပါသွားရလိမ့်မယ်။

တစ္ဆေသ‌င်္ဘောရှိ ကက်ပတိန် ဝံပုလွေလာဆင်ဆိုတာ လက်တစ်ဖက်က ဓမ္မကျမ်းစာအပြင် ရှိတ်စပီးယား ၊ တန်နီဆင် ၊ အက်ဂါအယ်လင်ပိုး ၊ တိုင်းဒေါ ၊ ဒါဝင် စတဲ့ နာမည်ကျော်စာရေးဆရာများရဲ့ စာကြီးပေကြီး စွဲကိုင်ထားသလို အခန်းအပြင်ဘက် ခြေလှမ်းလိုက်ရင်တော့ ဝံပုလွေလို နှလုံးသားမဲ့ ၊ ကြမ်းတမ်းခတ်ထန်တဲ့ သားရဲတစ်ကောင်သဖွယ် ပြုမူနေထိုင်တယ်။အသက်ရှင်မှုကို ထက်ထက်သန်သန် နှစ်သက်သူဖြစ်သော်လည်း သေခြင်းကိုလည်း ရဲရဲဝံ့ဝံ့ လက်ခံနိုင်သူလည်းဖြစ်တယ်။သူ့ရဲ့အမိန့်ပေးသံတွေအောက်မှာ သင်္ဘောသားများ ၊ ဖျံဖမ်းသမားများက နွားလိုနေရပြီး နွားလို ကျုံး၍ ကုန်း၍ အလုပ်လုပ်ကိုင် ရတယ်။ ချောင်းမြှောင်းလုပ်ကြံသတ်ဖြတ်ချင်သူများပြည့်နှံ့‌နေတဲ့နေရာတွင် အသက်ရှင်လှုပ်ရှားတယ် ၊ တိုက်ခိုက်ရုန်းကန်တယ် ၊စစ်သူကြီးပမာ သဘာဝအန္တရာယ်ဆိုး နဲ့ စစ်ခင်းရာတွင် ကြံကြံခံနိုင်သူဖြစ်တယ်။

ဗင်ဝေဒင် ဆိုတာမိဘခြေထောက်ပေါ်ရပ်ပြီးစာရေးဆရာဘဝကို အမှားအမှန်တွေးခေါ်မှုတွေနဲ့ ဘဝကိုနူးညံ့မှုများစွာနဲ့ တည်ဆောက်ချင်သူဖြစ်တယ်။ဘဝအ‌တွေ့အကြုံနည်းသူ ၊ အတွေ့အကြုံအများစုဟာ စာအုပ်ကနေတစ်ဆင့်သာ ယူထားပြီး စိတ်ကူးယဉ်ဆန်သူတစ်ယောက်လို့ ထင်ကောင်းထင်နိုင်တယ်။သူမှာယုံကြည်မှုတစ်ခုရှိတယ်၊ အဲ့အရာက ခန္ဓာအားထက် စွမ်းအားကြီးကြောင်းကို ပြသနိုင်ခဲ့တယ်။ဝံပုလွေလာဆင်နဲ့ မတွေ့ခင်ဘဝတစ်လျှောက်လုံး သူ့စိတ်ကူးတွေနဲ့ တည်ဆောက်ခဲ့တာ မှန်ပေမယ့် သူဟာ လက်တွေ့ကျတဲ့ ဝံပုလွေလာဆင်ရဲ့ တွေးခေါ်မှုတွေရဲ့ လွှမ်းမိုးမှုကိုသာ ခံခဲ့ရတယ်။စာပေ၊ ဘာသာတရားကို ကိုးကွယ်ဖို့ထက် လက်တွေ့ဆန်ဆန် သဘောတရားနဲ့ ဆင်ခြေနေထိုင်တဲ့ ဝံပုလွေလာဆင် တွေးခေါ်ယူဆမှုတွေဟာ အားကောင်းလာတော့ အကုန်အသံတိတ်ဆိတ်နေပေးရတယ်။အချိန်တိုင်း ဝံပုလွေလာဆင်ရဲ့ အယူအဆက မှန်နေတာမျိုးတော့မဟုတ်ပါဘူး။သူတို့နှစ်ဦး စာ‌ပေဒဿနဆွေးနွေးမှုတွေ အားကြီးလာလေ စာအုပ်ကို လက်ကမချနိုင်လေပါပဲ။

မော့ဒ်ဗရူးစတားဆိုတဲ့ မိန်းမချောလေးတစ်ယောက် သ‌င်္ဘောပျက်ပြီး တစ္ဆေသင်္ဘောပေါ် ရောက်လာခဲ့တယ်၊ တသီတသန်းမေးခွန်းအစီအရီများအပြင်ချစ်ခြင်းမေတ္တာ ၊ ဥဿာဟကျွန်းတွင်း အဖြစ်အပျက်များစွာနဲ့ ဇာတ်လမ်းကို လှုပ်ရှားထားပြီး စာဖတ်သူကျွန်တော်ကို အဆုံးထိခေါ်ဆောင်သွားတယ်။ စိတ်ကူးယဉ်သမား အနာဂတ်ကို ယုံကြည်သူတစ်ယောက် ၊ အများကို ဘဝအထွေထွေအ ကြောင်းအရာတွေ သင်ကြားပေးနေပင်မဲ့ ကိုယ်တိုင်ကျတော့ မေ့နေသူ ဟမ်ဖရီ ဗင်ဝေဒင် နောက်ဆုံး ကိုယ်ခြေထောက်ပေါ်ရပ်တည်နိုင်မလားဆိုတာ စာအုပ်ထဲမှာ အကဲခတ်နိုင်ပါတယ်။

စာဖတ်သူအများစုကြိုက်တဲ့ဇာတ်ကောင် ဝံပုလွေလာဆင် သူဟာ ဘဝကို ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိသူတစ်ယောက်၊ အသက်ဝိညာဉ် ကမ္ပည်းကိုတောင် ကိုယ်တိုင် ဆုံးဖြတ်‌ပေးသွားသူ ၊ ဗင်ဝေဒင် မေ့နေသောအရာကို မာနကြီးသူ လာဆင်တွေ့ရှိထားခဲ့သည့်အပြင် ဘဝကို စိတ်တိုင်းကျ တည်ဆောင်နိုင်စွမ်းရှိသူက ခန္ဓာကာယကြီးသူ သက်သက်သာမဟုတ်ဘဲ ခိုင်မာတဲ့တွေးခေါ် ယူဆချက်ပါ ပိုင်ဆိုင်ထားသူတစ်ယောက်သာဖြစ်တယ်။

အချိန်ပေး ဖတ်မိနေသူသည် Pirates of the Caribbean ၊ Cast Away စတဲ့ရုပ်ရှင်အပြင် ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် စာအုပ်ကိုပါ တွဲကပ်မြင်မိစေလိမ့်မယ်။ကျွန်တော်ရဲ့အမြင်တစ်ခုတည်းဆိုရင် အားကြီးခြင်း ၊အားနည်းခြင်းဆိုတဲ့ သဘောတရားက ပြင်းပြတဲ့ယုံကြည်မှု တံခါးလာခေါက်တဲ့အချိန် ငြိမ်သက်ပေးရတယ်ဆိုတဲ့ အသိဉာဏ်လွတ်လပ်မှုကို ရစေတယ်။

နောက်တစ်ကြိမ်ထပ်ဖတ်လည်း ထပ်ပြီး ခံစားလို့ကောင်းသည့်အပြင် ထပ်ပြီးတွေးစရာတွေ ရနေဆဲဝတ္ထုကို စိတ်ဝင်စားရင် ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။

Please YouTube ?
https://youtube.com/@ReviewsbyBenevolent?si=eYmS5-7TJLOj7GPL

စာဖတ်ခြင်းကို အချိန်ပေး ပျော်မွေ့နိုင်ပါစေ။ ?

Benevolent Guy

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမား