Author's Profile Photo

SarPhat Author

4/08/2022

ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်

3 mins read
Book Review
ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်'s photo

ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်"မာယာလှိုင်းဂယက် သိုင်းကွက် ကြားမှာ သွားရှာလေတော့ ကိုတဏှာ…ပြေးပါ ပြေးပါ ဝေးဝေးပြေးပါ။ "တဏှာ ၊ မာန ၊ အတ္တ ဟူသည့် နတ်ဆိုးသုံးပါးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပေတည့်။လူတစ်ကိုယ်၏ စိတ်အစဉ်ကိုကား တဏှာ ၊ မာန ၊ အတ္တ တို့ ကြီးစိုးသွားပါမူ ထိုလူသည် ပြည်တန်ပတ္တမြားကဲ့သို့ အဖိုးထိုက်တန်နေပါစေ… နောက်ဆုံးတွင် ရေဆိုးမြောင်းထဲ သက်ဆင်းရမည်သာ…ထို့အပြင် အသစ်မြင်လျှင် အဟောင်းမေ့တတ်ခြင်းမှာလည်း ၎င်းတို့၏ အမှောင့်ပယောဂ မကင်းပါချေ။ထိုသို့ဆိုလျှင် သက်သက်မှာ ထိုနတ်ဆိုးသုံးပါး၏ စမ်းသပ်ခံ တစ်ခုအဖြစ် ခုတုံးလုပ်ခံခဲ့ ရခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤသို့ဆိုရခြင်းမှာ သက်သက်အား ခြောက်ပစ်ကင်း သဲလဲစင်သည် ဟု ဆိုလိုခြင်းမဟုတ်။ ထို့အပြင် ဤစာသည်လည်း သက်သက်အား အပြစ်တင်ခံ လျော့ပေါ့စေရေး အယူခံ တင်လွှာလည်း မဟုတ်။သက်သက်၌ အမှား ရှိကောင်း ရှိပေလိမ့်မည်။ ထိုအမှားသည်လည်း လူ့ အတ္တနှင့် မာန တို့၏ ချောက်တွန်းမှုကြောင့်သာ မှားယွင်းခဲ့ရခြင်းပေတည်း…သက်သက်၌ ဆန္ဒတစ်ခုရှိ၏ ။ သူ့ဘဝဇာတ်ကြောင်းကို နှောင်းလူများအား ပြန်လည် ပြောပြနိုင်စေရန် သက်သက်စာရေးတတ်ချင်သည် ။ သို့သော် သက်သက်ကိုယ်တိုင်လည်း သိသည်။ စာရေးတတ်ချင်ရုံသာ ဖြစ်ပြီး စာရေးဆရာ မဖြစ်ချင် ၊ ဖြစ်ချင်လျှင်လည်း ဖြစ်မည်မဟုတ်။ ထို့ကြောင့် အကျွန်ုပ်မှာ သက်သက်၏ ဆန္ဒအား ကိုယ်စား အကောင်အထည် ဖော်ပေးခြင်းပေတည်း။ သက်သက်၏ ဆန္ဒမှာ သူ၏အမှားများကိုသာ ဦးစားပေး ဖော်ပြကာ သင်ခန်းစာပေးချင်သော်လည်း ကျွန်ုပ်ကတော့ သက်သက်၏အမှားသာ မက အခြားလူများ၏ အမှားများကိုပါ မြင်သာထင်ရှားစေလိုသည်။ အကြောင်းမူ အကျွန်ုပ် အနေဖြင့် သက်သက်အား စာနာ သနားသောကြောင့်ပင် ဖြစ်၏။အသက် ၁၉ နှစ် အရွယ်မှာပင် စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူဖြစ်နေသော သက်သက်မှာ ဗဟုသုတနှင့် အသိပညာ ကြွယ်ဝပြီး အိန္ဒြေကြီးသူလေးပင်။ လိမ္မာရေးခြား ရှိကာ မိဘ အသိုင်းအဝိုင်းနှင့် ရုပ်ရည်မှာလဲ အပြစ်ပြောစရာ မရှိ။ နဝရတ် ကိုးပါး စီချယ်ထားသော ကြာကလပ်ပေါ်မှ စိန်ပွင့် ပမာ အဖိုးထိုက်တန်သော မိန်းမကောင်း ၊ မိန်းမမြတ်လေးပင်… အဘက်ဘက်က ပြည့်စုံနေသော်လည်း စာအုပ်ပုံကြားထဲမှာပင် ကြီးပျင်းလာခဲ့သော သက်သက်မှာ လူတို့၏သဘောသဘာဝ ကို နောမကျေ။ စိတ်နှလုံးဖြူစင်သော်လည်း ထင်ရာစိုင်းကာ အရွဲ့ တိုက်တတ်သော အတ္တနှင့်မာန တို့ကို ထိန်းချုပ်နိုင်စွမ်းမရှိသည်မှာ သက်သက်၏ အကြီးမားဆုံး အားနည်းချက် ဖြစ်ခဲ့ရ ရှာလေသည်။သက်သက်၏အဖြူထည်ဘဝလေးကို အရောင်မှိုင်းတိုက်ကာ အလှပျက်စေခဲ့တဲ့ အဓိက တရားခံမှာ နိုင်လင်းသာ ဖြစ်ချေသည်။ လူ့သဘောနှင့် မိန်းကလေးသဘာဝကို နောကျေနေသော နိုင်လင်းအဖို့ အပြင်လောက နှင့် အဆက်အဆံ သိပ်မရှိလှသော သက်သက်လို မိန်းကလေးမျိုးကို သိမ်းပိုက်ရန်မှာ ထမင်းစားရေသောက် ကိစ္စတစ်ခု သာ ဖြစ်ချေ၏ ။ ကျောင်းသားတစ်ဦးအနေဖြင့် မိမိအား ပညာသင်ပေးသော မမဦးလို ဆရာမ ကိုပင် ရအောင်ယူနိုင်သော နိုင်လင်း၏ အစွမ်းမှာလည်း မသေးငယ်ပါချေ။နိုင်လင်း ပြောဖူးသော စကားတစ်ခွန်း ရှိသည်။ “ ကျွန်တော်က ကြိုက်ပြီဆို ရအောင်ကို လုပ်တတ်တာ ” ဟူ၍ ။ လူ့အကြိုက်ဆိုသည်မှာ မတည်မြဲတတ် သော သဘောရှိလေ၏။ ဆိုလိုသည်မှာ မေတ္တာ ၊ သစ္စာသာလျှင် တည်မြဲခြင်းဖြစ်ပြီး အချစ်ဆိုသည်မှာ ကောက်ရိုးမီး သာ ဖြစ်သည်။ နိုင်လင်းမှာ ခဏတာ ရင်ခုန်မှု ၊ သာယာမှု နောက်ကို သွားရည်တငန်းငန်းဖြင့် လိုက်ပါတတ်သော “ကောက်ရိုးမီး နှစ်သက်သူ” တစ်ယောက်သာ ဖြစ်သည်။ဂနာမငြိမ်သော်လည်း ပြင်းထန်သော စိတ်နှင့် လူ့သဘောကို နောကျေသောကြောင့် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လေသည်။ နိုင်လင်း ၏ ကောက်ရိုးမီးဇာတ်လမ်းတွင် သက်သက်သည် ကောက်ရိုး ၊ နိုင်လင်း သည် ရှို့မီး ၊ မမဦးသည် လောင်စာဆီ ဖြစ်လေသည်။ ကောက်ရိုး အား မီးမရှို့လျှင် ကောက်ရိုးမီး အဖြစ် လောင်ကျွမ်းမည် မဟုတ်ပေ။ ထို့အပြင် မိမိထက် ဆယ်စုနှစ်တစ်ခုမျှ ငယ်ရွယ်သော ယောကျာ်းကို ယူထားသော မမဦး၏ စိုးရိမ်စိတ်မချမှု ၊ ဝန်တိုဟန့်တား မှုတို့မှာ ထိုကောက်ရိုးမီးအား အရှိန်ပြင်းပြင်းဖြင့် အလျင်မြန်မြန် လောင်ကျွမ်းစေရန် အားဖြည့်ပေးသကဲ့သို့ပင်။ ဤသို့ ထိုသို့ဖြင့် ကောက်ရိုးမီးဇာတ်လမ်း အစပြုလေသတည်း…လူတို့ ၌ သဘာဝတစ်မျိုးရှိလေသည်။ မည်မျှပင်စကားနည်းသူဖြစ်ပါစေ ၊ ရင်းနှီးမှု မရှိသူဖြစ်ပါစေ ထိုသူစိတ်ဝင်စားသော အကြောင်းအရာတစ်မျိုးမျိုးကို စကားစ၍‌ ပြောလိုက်လျှင် အလိုအလျောက် လေပေးဖြောင့်ကာ သဟဇာတ ဖြစ်သွားခြင်းပေတည်း ။ နိုင်လင်းဆိုသော သကောင့်သားမှာ သက်သက် စာဖတ်ဝါသနာပါကာ စာအုပ်တွေကို စိတ်ဝင်စားကြောင်း သိရှိသောကြောင့် ချက်ကောင်းကို ကိုင်ကာ အပိုင်ချိုင်လိုက်လေသည်။ ထိုအချက်မှာ နိုင်လင်း၏ “အငယ်အနှောင်းဋီကာ” ထဲမှ အားအပြင်းဆုံးတစ်ချက်ဖြစ်ပြီး သက်သက် ကိုသာမက မြမိုးသူ ကို ပါ ထိုနည်းနှင့် ချဉ်းကပ်လေသည်။စာပေ ဝါသနာ‌ပါသော သက်သက်အား တက္ကသိုလ်ဘုန်းနိုင်တို့ ငြိမ်းကျော်တို့၏ စာအုပ်များထဲမှ စာသားများကို တစ်လုံးမလွဲ ရွတ်ပြကာ လူတတ်ကြီး လုပ်ခဲ့သလိုပင် ဂီတဝါသနာရှင် မြမိုးသူကိုလည်း ဂီတ နှင့်ပတ်သတ်သည့် အကြောင်းများကို မျက်နှာလို မျက်နှာရ ပြောကာ အာရုံစိုက်မှု ရယူတတ်သည်။ (ဂေါ်မစွံသူများ မိမိ သဘောကျနေသည့် အမျိုးသမီးအား ချဉ်းကပ်ရန် နည်းယူထားသင့် )ကာမပိုင်ယောက်ျား တစ်ယောက်အနေဖြင့် အိမ်ထောင်မရှိသူ မိန်းကလေးတစ်ယောက်အား မိမိ၏အိမ်ထောင်ရေး အခြေအနေကို အပြစ်မရှိ အပြစ်ရှာ ညည်းချင်း ချသည့် အတတ်ကို နိုင်လင်းဆိုသည့် သတ္တဝါ တစ်ဖက်ကမ်းခတ် တတ်မြောက်လေသည်။ မမဦးနှင့် အိမ်ထောင်သက်ကာလ ၌ စီးပွားဥစ္စာ အရာရာ ပြည့်စုံနေသော်လည်း အိမ်မှာ မနေချင်လောက်အောင် စိတ်ညစ်ညူးကြောင်းကို ထိကပါး ရိကပါး ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ရိုးသားသလိုလို ဟန်ဖြင့် ဂရုဏာသက်ရန် ပြောဆိုလေ့ရှိသည်။ ထိုကဲ့သို့ ပြောဆိုနည်းမျိုးကိုကား “အပျော့ဆွဲ” ဆွဲသည် ဟု ခေါ်သည်။ အင်မတန် အဆိပ်ပြင်းကာ ဖောက်ပြန်လိုစိတ်ကြီးမား သော ယောက်ျားများသာ ဤနည်းကို အသုံးပြုလေသည်။ ထိုကဲ့သို့ ယောက်ျားမျိုး မှာ မည်သည့်အချိန်၌တွင်မှ တည်ငြိမ်မည်မဟုတ်သည့်အပြင် ခွေးမြီးကောက် ကျည်တောက်စွပ် သလိုသာ ဖြစ်ပေလိမ့်မည်။ သူ၏ လိုအင်ဆန္ဒကား မည်သည့် အချိန်တွင်မှ ပြည့်ဝမည် မဟုတ်ပေ။ ထိုသို့သော ယောက်ျားမျိုး ဖြစ်သည့် “နိုင်လင်း” နှင့် အပြင်လောက အတွေ့အကြုံ မရှိသူ “သက်သက်” တို့၏ တွေ့ဆုံခြင်းမှာ “ကျားနှင့် သမင် လယ်ပြင်မှာ စင်းစင်းကြီး တွေ့သလိုပင်” ။ ထို့ကြောင့် အသေအချာ ခွဲခြားစိတ်ဖြာကြည့်လျှင် သက်သက်သည် ကျားစားခံရသော သမင်မလေး နှင့်ပင် သဏ္ဌာန်တူပေလိမ့်မည်။ ထို့နည်းတူ မြမိုးသူဆိုသည့် ကလေးမ သည်လည်း နိုင်လင်းလို လူစားနှင့် ပတ်သတ်မိသောကြောင့် စောစီးစွာ ဘဝနိဂုံးချုပ်ခဲ့ရသလို မမဦးသည်လည်း တစ်ခုလပ်ဘဝတစ်ခု ရရှိခဲ့သလို သက်သက်သည်လည်း စိတ်သောက များစွာဖြင့် ဆက်လက်ရှင်သန်ရပေတော့မည်။ အများအမြင်တွင် ကာမပိုင်မိန်းမ ရှိသူနှင့် အရောတဝင် ပတ်သတ်မိသည့် သက်သက်မှာ သိသိကြီးဖြင့် မိုက်တွင်းနက်ခဲ့သည် ဟု ဆိုနိုင်သော်လည်း လက်ခုပ်ဆိုသည်မှာ နှစ်ဖက်တီးမှသာ မြည်ကြောင်း သတိပြုစေလိုပါသည်။ “ယောက်ျားကောင်း မောင်းမ တစ်ထောင်” ဆိုသော်လည်း မကောင်းမကန်း နိုင်လင်းမှာ မိန်းမ (၃) ယောက်နှင့် ရွာလည် တိုင်ပတ်ခဲ့သော ဇာတ်လမ်းဖြစ်သည်။ ဝတ္တုထဲတွင် ဆရာကြီး နွမ်ဂျာသိုင်း က တင်မေဦး ခေါ် မမဦး အား ကုန်းဘောင်ခေတ်က သီပေါမင်း၏ မိဖုရား ထိပ်စုဘုရားကြီး (စုဖုရားလတ်၏ အမတော် ) ၊ သက်သက်ကို စုဖုရားလတ် ၊ မြမိုးသူအား ဒိုင်းခင်ခင် အဖြစ် ဥပမာ ပေးထားပြီး စုဖုရားကြီး၏ ထေ့စောင်း ငေါ့စောင်း တေးထပ်အတိုအစ လေးများအား ပမာပုံနှိုင်းကာ ထည့်သွင်းဖော်ပြထားသည်။ “ ဒေါင်းယာဉ်ပျံ ဘုံနံ‌ဘေးမှာ စာရေးလို့ ထားချင်တယ် “ စာအုပ်တွင် ပြန်လည်ရိုက်ကူးထားသော ဇာတ်လမ်းများ၏ ဇာတ်သိမ်းနှင့် မတူဘဲ တစ်မူထူးခြားသော အဆုံးသတ်တစ်မျိုး ကို ရင်သပ်ရှုမော သံဝေဂရဖွယ်တွေ့မြင်ရမည် ဖြစ်ပါသည်။#Panora

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ