Author's Profile Photo

Reviews by Benevolent

12/01/2024

'အရှေ့က နေဝန်းထွက်သည့်ပမာ

4 mins read
Book Review
'အရှေ့က နေဝန်းထွက်သည့်ပမာ's photo

မြန်မာဂန္တဝင်သမိုင်း‌နောက်ခံ ပင်ကိုယ်ရေးဝတ္ထုလို့ ပြောလိုက်တာနဲ့ဆရာနတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်း ၊ ဆရာသိန်း‌ဖေမြင့်ရဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာကို လူတိုင်းနီးပါး ဖွင့်ဟ ပြောဆိုကြပါလိမ့်မယ်။ဘာလို့ ညွှန်းဆိုကြတာလဲမေးရင် သမိုင်းအချက်အလက်နဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အရမ်းကောင်းလို့ပါလို့ ရိုးရိုးလေးပဲ ဖြေပါရစေ။‌ဆရာသိန်း‌ဖေမြင့်ရေးခဲ့သမျှထဲမှာ အရှည်ဆုံးဝတ္ထုဖြစ်တယ်လို့သိရပြီး ၁၉၅၈ ခုနှစ်၊ စာပေဗိမာန်ဆု ( ယခု အမျိုးသားစာပေဆု ) ကိုလည်းရရှိထားတဲ့ဝတ္ထုဖြစ်ပါတယ်။ရရှိခဲ့တဲ့ဆုငွေကို အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲအတွက် အကုန်လှူဒါန်းပါတယ်လို့ စာအုပ်အစ ဆုပေးပွဲမိန့်ခွန်းထဲတွင် ပြောထားတယ်။ ငယ်ငယ်က ကျောင်းသင်ခန်းစာမှာ အော်ကျက်ခဲ့တဲ့ တောင်သူလယ်သမားအရေးတော်ပုံ၊ ဝိုင်အမ်ဘီအေ၊ဂျီစီဘီအေ၊ ပထမကျောင်းသားသပိတ်တို့၊ ရေနံမြေသပိတ်တို့၊ တို့ဗမာအစည်းအရုံးတို့ ၊ ဗမာ့ထွက်ရပ်ဂိုဏ်းတို့အပြင် တောင်သူလယ်သမားအရေးတော်ပုံအကြောင်းတွေကိုပဲ ကျစ်လစ်တဲ့အမြင်အမျိုးမျိုးဖြင့် ဇာတ်ကောင်တစ်ချို့ဖန်တီးပြီး ရေးသားထားတာပါ။ သို့ပေမဲ့ ဒီအကြောင်းတွေကို စာမေးပွဲအောင်ချင်လို့‌ အော်ကျက်ခဲ့ရတဲ့အသိနဲ့ တကယ့်သိချင်လို့ဖတ်ဖြစ်ခဲ့တဲ့အသိနဲ့‌တော့အတော်ကိုကွာခြားသွားပါတယ်။မိမိဘာသာ ပြန်ပြောင်းစဉ်းစားနိုင်စွမ်း ၊ တွေးတောကောက်ချမှုတွေက ပိုကောင်းလာတယ်လို့မြင်မိတယ်။

တက္ကသိုလ်ကျောင်းသား‌နောက်ခံဝတ္ထုထဲကို တစ်စေ့တစ်စောင်း ချောင်းမြောင်းကြည့်မိရင် နိုင်ငံရေးအတွေးအခေါ် ၊ လူမှုရေးအမြင်တွေက အဲ့ကာလမှာ ကြီးကျယ်ခမ်းနားနေသလို ၊ Sharp ဖြစ်တဲ့ကျောင်းသားလူငယ်စုဝေးရာ တို့ဗမာအစည်းအရုံးရဲ့ဖြစ်တည်လာပုံ ၊ ပြိုကွဲသွားပုံတွေကိုလည်း လေ့လာမှတ်သားနိုင်ပါတယ်။သူတို့ကြုံခဲ့ရတဲ့ဒုက္ခတွေနဲ့ အခက်အခဲတွေကို စာအုပ်အကူညီဖြင့် ကျွန်တော်တို့ သိရတဲ့အခါ ကိုယ်မကြုံခဲ့ရတဲ့ခေတ်တွေကို ခံစားမိ၊ တွေးမြင်မိ သည့်အပြင် ကြုံတွေ့နေရတဲ့ကာလနဲ့ နှိုင်းယှဉ်ကြည့်မိတဲ့စိတ်ဖြစ်လာတယ်။ထိုခေတ်ကကျောင်းသားများက သမုဒ္ဒရာ‌ ရေပြင်ကျယ်တွင် သ‌င်္ဘောစီးနေရသူများနှင့်တူတယ်။ဘဝလုံခြုံ‌ရေးအလုပ်အကိုင်နဲ့ ကျောင်သားနိုင်ငံရေးကြားမှာအရေးတော်ပုံလှိုင်းလုံးကြီးများ၏ ခုံးတတ် ဖြတ်ကျော်ခြင်းများကို မကြာခဏ ရင်ဆိုင်ရလေ့ရှိတယ်။ဘယ်လို ဘယ်နည်း ရင်ဆိုင်ကျော်ဖြတ်ကြသလိုဆိုရင် စိတ်ဓာတ်ရင့်မာစေတဲ့ဝါဒ‌တွေကို လက်ကိုင်ထားပြီး ရင်ကော့လျှောက်လှမ်းကြပါတယ်။သခင်များအကြိုက်ဆုံးနဲ့ ခေတ်သစ်တော်လှန်ရေးဖြစ်လာစေတဲ့ ဝါဒက ဘုံဝါဒ ခေါ် ဆိုရှယ်လစ်ဝါဒ ခေါ် ကွန်မြူနစ်ဝါဒ ပင်။အဲ့ကာလကတော်တော်လေးလွှမ်းမိုးခဲ့တာကို မြင်ရတယ်။

သခင်တွေမွေးထုတ်ပေးတဲ့ တို့ဗမာအစည်းအရုံးထဲကိုအနည်းငယ်ကြည့်မိရင် ဖဆပလနှစ်ခြမ်းကွဲတဲ့အဖြစ်နဲ့ စောစီးစွာ မူဝါဒကွဲပြားမှုတွေရှိခဲ့ကြောင်း တွေ့ရတယ်။သခင်ဗစိန် ၊ အိုးဝေမဂ္ဂဇင်း ညိုမြ အမည်ခံ ကိုသိန်းတင်အဖွဲ့ က လူမျိုးရေးဝါဒကို ယုံကြည်ပြီး သခင်သိန်းမောင် ၊သခင်မြတို့က ဘက်က ဘုံဝါဒကို လက်ခံယုံကြည်ကြတယ်။တို့ဗမာအစည်းအရုံးကို လူစိတ်ဝင်စားအောင်လုပ်ပေးခဲ့တဲ့ သခင်ကိုယ်တော်မှိုင်း နုတ်ထွက်ရခြင်းအဆင့်ထိ ရောက်ခဲ့တယ်။

မြန်မာပြည် အနယ်နယ်အရပ်ရပ် ကနေ ကိုယ့်နည်း ကိုယ့်ဟန် နဲ့ တော်လှန် ခဲ့ကြတယ်ဆိုတာ မှန်ပေမယ့် တကယ်တမ်းက ၁၉၃၀ နှစ်ကျော်ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍရောက်မှ ထိထိရောက်ရောက် တွန်းလှန် နိုင်ခဲ့ကြတယ်ဆိုတာ ဒီစာအုပ် မီးမောင်းထိုးပြ‌နေတယ်။နိုင်ငံ‌ရေးမျက်စိပွင့်မှု ၊ နိုင်ငံရေးနိုးကြားမှုတွေက ၁၉၃၀ ဝန်းကျင်ကာလခေတ်လူငယ်များ၏ အင်္ဂလိပ်နယ်ချဲ့အစိုးရ ၊ ညွှန့်ပေါင်းအစိုးရ ၊ ဓနရှင်လူတန်းစားတို့ကို အံ့တုတွန်းလှန်ရမည့်ဆိုတဲ့ မွေးရာပါ ပြင်းပြတဲ့စိတ်ဓာတ်တွေရှိကြတာကို တွေ့ရတယ်။အဲ့ဒါကလည်းမြန်မာ့နိုင်ငံရေး အလဲအပြောင်းဖြစ်စေနိုင်ခဲ့တဲ့ ခေတ်‌သစ်တော်လှန်ရေး‌ပေါ်ပေါက်လာစေတယ် ၊ဒုတိယကမ္ဘာ့စစ်မီးရဲ့အကျိုးဆက် ၊ အဆိုးထဲကအကောင်း အင်္ဂလိပ်အခက် ဗမာ့ အချက်ဆိုသလို သခင်အမည်ခံ ကျောင်းသားခေါင်းဆောင် တွေရဲ့ ခေတ်ပညာ နဲ့ ကမ္ဘာ့နိုင်ငံရေးတွေ ကို မျက်ခြေမပြတ် သုံးသပ် ဝေဖန်နှီးနှော တိုင်ပင်ကြတဲ့ အကျိုးသက်ရောက်မှုတွေပါပဲ။ပထမကျောင်းသားသပိတ်၊ရေနံမြေအလုပ်သမားသပိတ်၊၁၃၀၀ပြည့်အရေးတော်ပုံ၊ဒုတိယကျောင်းသားသပိတ် အစရှိတဲ့ကိုလိုနီခေတ် ဗြိတိသျှအရင်းရှင်တွေကို ရဲရဲတောက် တော်လှန်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ တော်လှန်ရေးသပိတ်တိုက်ပွဲတွေကို ဝတ္ထုဆန်ဆန်ဖတ်ရှုရမှာဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်တစ်ဝိုက်ဘာကြောင့် သမိုင်းမှတ်တိုင်ကြီးမားခဲ့သလဲဆိုရင် ကျွန်တော်အမြင် ကမ္ဘာ့သမိုင်းမှာရော ၊ မြန်မာနိုင်ငံရဲ့ သမိုင်းမှာပါမှတ်လောက်သားလောက်အောင် ကြီးကျယ်ထင်ရှားတဲ့ အဖြစ်အပျက်များ စွာဖြစ်ပွားခဲ့လို့ ပြောရမယ်။ဥပဒေအမျိုးမျိုးပြောင်းလဲမှုပေါ် ပြည်သူမကြိုက်တဲ့ ညွှန်းပေါင်းအစိုးရ‌တွေပေါ်ပေါက်လာသလို ကမ္ဘာ့အရင်းရှင် စီးပွားရေးကပ်ကြီး(Great Depression)ဆိုက်ရောက်ခဲ့တဲ့အချိန် ၊ ဖက်ဆစ်ဝါဒ ၊ ဘုံဝါဒတို့ရဲ့ သမိုင်းရေးသောက်မြစ်ဖြစ်လာတဲ့အချိန်လို့လည်း ဆိုရမယ်။ဒီစာအုပ်ထဲမှာ ကိုရွှေဖီကြောင့်ဖြစ်လာတဲ့ မြန်မာပြည် ကုလား-ဗမာ အဓိကရုဏ်း ၊ ဆရာစံဦးဆောင်တဲ့ ဂဠုန်သူပုန် အရေးအတော်ပုံ ၊ တို့ဗမာအစည်းအရုံး တို့ အုတ်မြစ်ချ တဲ့ကာလလည်း ဖြစ်တယ်။

စာအုပ်အကြောင်းပြောရရင် ဒီဝတ္ထုရဲ့အဓိကဇာတ်လိုက် "မောင်တင်ထွန်း" ရဲ့ဖခင် မြေတိုင်းစာရင်းကို အင်္ဂလိပ်လယ်ဝန်မင်းက မျက်နှာကို မြေပုံနဲ့ပစ်ပေါက်လေ့ရှိသလို ဖိနှိပ်မှုတချို့နဲ့ ဇာတ်လမ်းကို အစပျိုးထားတယ်။ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မျိုးချစ်စိတ်တွေ ကိန်းအောင်းလို့လာပါတယ်။မောင်တင်ထွန်း ဇာတ်ကောင်ကတဖြည်းဖြည်း Character Development ဖြစ်လာအောင် စာရေးသူကဖန်တီးထားကို တွေ့ရတယ်။ဇာတ်လိုက် "မောင်တင်ထွန်း" ကိုကြားခံထားပြီး ခေတ်ရဲ့အဖြစ်အပျက်တွေကို ဝင်ကြည့်ခိုင်းထားပါတယ်။ဖတ်နေရင်းနဲ့ မောင်တင်ထွန်း ခေါ် သခင်တင်ထွန်းကို လီယိုတော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေးစာအုပ်ထဲကဇာတ်ကောင် ပီယာ နဲ့ နှိုင်းယှဥ် ကြည့်မိတယ်။ စစ်အတွင်းက အရေးပါတဲ့ တကယ်ထိရောက်တဲ့ အခန်းကဏ္ဍကနေ မပါဝင်ခဲ့ပင်မဲ့ တကယ့်သက်ရှိဇာတ်ကောင်တွေကြားမှာ လှုပ်ရှားနေတဲ့ မျိုးချစ်စိတ်ရှိသူလူငယ်အဖြစ် ဖန်တီးထားလည်းတူနေပြန်တယ်။

"မောင်တင်ထွန်း" အဓိကပတ်သတ်ဆက်နွယ်ခဲ့တဲ့ ဝင်နီဖေ ၊ မမြင့်ဦး ၊မခင်သစ် ၊မမြမှီ ဆိုတဲ့ အမျိုးသမီးလေးယောက်ဟာ အရေးခင်းကာလမှာ ပြည်သူတွေကြုံတွေ့ရနိုင်တဲ့ လူလေးမျိုးလေးစားကို ပုံဖော်ထားတယ်လို့မြင်တယ်။ စရိုက် ၊ခံယူချက် ၊ ရပ်တည်ပုံအသီးသီးဖြင့်တည်ရှိနေတဲ့ လူလေးမျိုးသာရှိတယ်ဆိုတဲ့အကြောင်း သိရှိစေရန် စာရေးသူက သတိပေးထားပုံရပါတယ်။အုပ်ချုပ်သူဓနရှင်အလိုတော်ကျ သားပေါင်းညာစား ဒီဘက်ခေတ်စကားနဲ့ပြောရင် ကရိုနီသူဌေးများရှိသလို ၊ အနစ်နာခံတိုက်ပွဲဝင်သူများလည်းရှိ၊ ဝံသာနုစိတ်ပြင်းထန်တဲ့ လူမျိုးများလည်းရှိတယ်။အုပ်ထိန်းသူလူကြီးသူမများ၏လောင်ရိပ်က ရုန်းမထွက်နိုင်သေးသည့် လူငယ်များလည်းရှိတယ်။လူသားတွေရဲ့စရိုက်လက္ခဏာကို ပီပြင်အောင်အ‌ သေးစိတ်ရေးထားနိုင်လွန်တယ်၊ နိုင်ငံရေးအယူအဆတွေ၊ ဝါဒပိုင်းဆိုင်ရာ ဒဿနတွေ၊ လူကုန်ထံ အသိုင်းဝိုင်းကြားမှာလည်း ဘဝတွေက မရိုးရှင်းကြပါဘူး။လူမှုရေးနဲ့ ကိုယ်ကျင့်တရားဆိုင်ရာစောင့်ထိန်းရမည့် အတွေးအခေါ်တွေကို မမြမှီနဲ့ တွေ့ကြုံရတဲ့ အခန်းမှာ အများဆုံး ထောက်ပြထားတယ်။

သခင်အောင်ဆန်းကို တကယ့်လူသားဆန်တဲ့သာမန်ဇာတ်ကောင်အနေနဲ့သရုပ်ဖော်ထားသလို သူ့ရဲ့တစ်ခုတည်းသာ အာရုံစိုက်တတ်တဲ့အမူအကျင့်တွေကို ရဲဘော်ရဲဘက်သခင်များက စနောက်တတ်ပုံက စာဖတ်သူကို ခပ်ပြုံးပြုံးဖြစ်သွားစေတယ်။ဘားလမ်း တိုက်ခန်းကို အဓိဇာတ်လိုက် တင်ထွန်းနဲ့ သခင်လှဖေ (ဗိုလ်လကျာ်)သွားတဲ့အချိန် သခင်စိုး သခင်သိန်းဖေတို့က ဧည့်ခန်းတွင် စကားထိုင်ပြောနေကြ ၊သခင်အောင်ဆန်းက အင်္ဂလိပ်စာအုပ်တစ်အုပ်နဲ့ ဒေါက်တာဘမော်ဟန် စကားပြောလေ့ကျင့်နေတယ်။သခင်စိုးက
"ဖိုးအောင်ဆန်း ကျင့်ပြန်ပြီ ၊ကိုသိန်းဖေ ထကြည့်ပါဦး ၊ဘမော်လို ပါးစပ်ရွဲ့ရဲ့လားလို့ "
သခင်သိန်းဖေက "မရွဲ့ဘဲ နေမှာမဟုတ်ဘူး ၊ထောင်ထဲတုန်းကဘမော်စတိုင်နဲ့ ဆေးပြင်လိပ်တောင်ခဲစမ်းနေသေးတယ်" ချစ်စရာအပေါင်းအသင်းများ၏ လူသဘာဝ စနောက်ကြည်စယ်ရင် နွေးနွေးထွေးထွေးရှိ‌ ကြောင်း ၊ မွန်းကျပ်နေတဲ့ အချိန်မှာတောင် ပျော်စရာကို ဖန်တီးတတ်အောင်တွေ့မြင်ရတယ်။

"၁၉၃၆ ခုနှစ်မှ ၁၉၄၂ ခုထိဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းနှင့် ထိုသမိုင်းထွန်းပြောင်ခြင်းရဲ့ သော့ချက်ဖြစ်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားညီညွတ်ရေးကို ပြည်သူလူထုထံ အကျယ်ပြန့်ဆုံး လက်လှမ်းမီသောနည်းဖြင့် မှတ်တမ်းတင်ချင်လို့ ရေးသားခဲ့ခြင်းဖြစ်ပါတယ်" ဒီစကားက စာရေးသူရဲ့ စာအုပ်အပေါ်ထားတဲ့ အဓိကရည်ရွယ်ချက်ပါ။စာဖတ်သူအနေနဲ့ ဘယ်လိုစိတ်ထားပြီး ဖတ်သင့်ကြောင်းကိုတစ်ခါတည်း အလင်းပြထားပါတယ်။‌သတိထားမိတဲ့နောက်တစ်က ဝတ္ထုထဲက ဇာတ်ကောင်တိုင်းဟာ သူတို့ရှုံးရင်ရှုံးမယ် ၊ဘယ်တော့မှ သူတို့ခံယူချက် ၊ဝါဒကို မစွန့်လွှတ်သူ‌တွေဘဲ ဖြစ်တယ်။ The Life of useless man စာအုပ်ထဲက ကလင်းကောလို အလကားလူတွေ မဟုတ်တာတော့သေချာတယ်။မြန်မာပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆဲကာလအတွင်း ခေတ်အခြေအနေနဲ့ အရေးတော်ပုံအဆင့်ဆင့်ကို သိသာမြင်သာအောင် ရေးသားထားတဲ့ဒီဝတ္ထုက အောင်မြင်သည့်ထက်ပိုသာတယ်လို့ဆိုရမယ်။ရှေးလူများ၏သွေးနဲ့လဲပြီး အမွေပေးခဲ့တဲ့ သင်ခန်းစာ ၊သမိုင်းအကြောင်းအရာတွေကို မှတ်သားပြီးတန်ဖိုးလည်း ထားသင့်သလို အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်။

"အရှေ့ကနေဝန်းထွက်သည့်ပမာ ၊တို့ခေတ်ကိုသာရောက်ရမည့်မှာ မလွဲပါ"

စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?

Benevolent Guy

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း