Author's Profile Photo

SarPhat Author

5/01/2024

တင်ကျည်းတပ် ခေါ် ဝါးရင်းတုတ်တပ်

1 min read
General Knowledge
History
တင်ကျည်းတပ် ခေါ် ဝါးရင်းတုတ်တပ်'s photo

တင်ကျည်းတပ်သည် ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး လက်ထက်တွင် အင်မတန်မှထင်ရှားခဲ့သော ကြည်းတပ်အစုဖြစ်သည်။
တင်ကျည်းတပ် အစုသည် သေနတ်ဝန်ကြီး၏လက်အောက်တွင် အမိန့်နာခံရသည်။ တင်ကျည်းတပ်သည် အလောင်းဘုရား ဦးအောင်ဇေယျ နှင့် သူ၏သားတော် ဆင်ဖြူရှင်မင်းတို့ လက်ထက် အယုဒ္ဓယသို့ စစ်ချီသည့် တိုက်ပွဲများတွင် လွန်စွာမှ ပွဲရခဲ့သောတပ်ဖြစ်သည်။

တိုက်ပွဲတိုင်းတွင် တင်ကျည်းတပ်ဖွဲ့ဝင် စစ်သည်များသည် တပ်မ၏ ရှေ့ဆုံးမှ‌နေ၍ ရန်သူများကို ရဲရဲရင့်ရင့်ဖြင့် စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့်လည်း ဦးအောင်ဇေယျသည် အယုဒ္ဓယကို ဝါးရင်းတုတ်ဖြင့် တက်သိမ်းသည် ဟူသော စကားရပ်ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပေသည်။

တင်ကျည်းတပ် ဆိုသည်မှာ ဓား၊လှံ၊အဲမောင်း စသည့်လက်နက်များကဲ့သို့ တင်ကျည်းလက်နက်ကိုကိုင်ဆောင်ရသော တပ်ဖြစ်သည်။

တင်ကျည်းဆိုသည်မှာကား မာ‌ကျောကျစ်လျစ်သော ဝါး၏အရင်းကို မီးသင်းပြီး မာသည်ထက် မာကျောအောင် ပြုလုပ်ထားသော တုတ်ရှည်လက်နက်တစ်မျိုးဖြစ်သည်။
လောလောလတ်လတ်ခုတ်ယူထားသော ဝါးကို အသုံးပြုသူ၏အရပ်(ခြေဖျားကနေခေါင်းအထိ)ထက် တစ်ထွာခန့် ပိုရှည်အောင် ခုတ်ဖြတ်ရသည်။
ပြီးနောက် နွားမဒါန်း ၏ ကျင်ငယ်ရည်ဖြင့် (၂ )ရက် မှ (၃) ရက်ခန့် အထိ စိမ်ထားရသည်။ထို့နောက်တွင်မူ နေပြင်းပြင်းတွင် (၂) ရက် (၃) ရက်ခန့် လှန်းကာ အစိုဓာတ်ကိုဖယ်ထုတ်ရသည်။ ပြီးလျှင် မီးဖြင့် ဝါးအကြောမာစေရန် အပြန်ပြန်အလှန်လှန် မီးပြပြီး ဖြောင့်စင်းလာစေရန် ပေပေါ်တင်ပြီး တူဖြင့်ထုရသည်။ ၎င်းအဆင့်များ ပြီးဆုံးသွားပါက
မာကျောဖြောင့်စင်းနေသည့် တင်ကျည်းတုတ် အဆင့်ကိုရောက်ရှိပြီဖြစ်သည်။
လက်နက်အဖြစ်အသုံးပြုရန် အတွက်မူ တင်ကျည်းတုတ်၏ထိပ်နှစ်ဖက်ကိုချွန်ပြီး မာကျောလာ‌ စေရန်ပြုလုပ်ရသည်။ ထို့နောက် ထိပ်ပိုင်း ၊အလယ်ပိုင်း ၊လက်ကိုင်နေရာ နှင့် အောက်ပိုင်း နေရာများကို သေးသွယ်ကျစ်လျစ်သည့် လျှော်ကြိုးများဖြင့် တင်းတင်းကျပ်ကျပ်စည်းနှောင်ရသည်။ ၎င်းအဆင့်များ ပြီးသွားလျှင် လှံ ကဲ့သို့ ထိုးနိုင်ပြီး တုတ်ရှည်ကဲ့သို့လည်း လှည့်ပတ်ကစားနိုင် ရိုက်နိုင်သည့် တင်ကျည်းလက်နက် ကို ရရှိသည်။
တင်ကျည်းလက်နက်သည် လွန်စွာမာကျောပြီး ဓားဖြင့် အလွယ်တကူပိုင်းဖြတ်၍မရပေ။၎င်း အချွန်သည် ကျွဲသားရေချပ်များကိုပင် ဖောက်နိုင်သည်။ကိုင်တွယ် အသုံးပြုရာတွင်လည်း ကျစ်လျစ်ပေါ့ပါလှပေသည်။

ကုန်းဘောင်ခေတ် တင်ကျည်းတပ် စစ်သည်တော်များသည် တတိယမြန်မာနိုင်ငံ၊ ကုန်းဘောင် အင်ပါယာကို ထူထောင်ရာဝယ် ဦးအောင်ဇေယျ၏ လက်ရုံးတပ်အဖြစ် ရှေ့ဆုံးမှ ရဲရင့်စွာ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။
အမြှောက်ဆံ နှင့် မီးပေါက်သေနတ် ကျည်ဆန်များကြားဝယ် အယုဒ္ဓယကို ဝါးရင်တုတ်ဖြင့် တက်သိမ်းသည်ဟု
ကြွေးကြော်ရလောက်အောင် တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိဖြင့် ပြည့်စုံခဲ့ကြပေသည်။

ကိုးကား-
Wikipedia
မြန်မာ့စွယ်စုံကျမ်း
မှန်နန်းရာဇဝင်
ရာဇဘိသေက ကျမ်း




Keep Reading

အမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးအ‌တွေးအစအနများအွန်လိုင်းသင်တန်းများမှ ရရှိလာသော ပြောင်းလဲမှုများဟဲမင်းဝေး နေ့စဉ်ဘဝစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚ပြင်သစ်ဘုရင်စနစ်ကင်းမဲ့သွားပုံErnest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းThe Gentleman in the Parlour