Author's Profile Photo

SarPhat Author

3/01/2024

"မလှလို့လည်း အားမငယ်ရဘူး။"

1 min read
Book Review
Art
"မလှလို့လည်း အားမငယ်ရဘူး။"'s photo

"မလှလို့လည်း အားမငယ်ရဘူး။မချမ်းသာလို့လည်း ဝမ်းမနည်းရဘူး။ မအောင်မြင်လို့လည်း စိတ်မပျက်ရဘူး။"

ဒီစာသားကလေးဟာ ညိုဆိုတဲ့မိန်းကလေးကို သူမရဲ့ချစ်သူက အားပေးနှစ်သိမ့်ထားတဲ့ စာသားကလေး...

ညို .. ညိုဆိုသောမိန်းကလေးသည် ဘဝနှင့်ပတ်သက်၍ အရာရာကို မကျေမနပ်ဖြစ်နေသည့်မိန်းကလေး။သူမဘဝတွင် ဖြစ်တည်လာသည့်အကြောင်းရင်းများသည် သူမအား ဘဝနှင့်ပတ်သက်၍ အမာရွတ်ကြီးကြီးပေးထားသည့်နှယ်ဖြစ်နေသည်။ညိုသည် စကားပြောလျှင် လောကကြီးနှင့်ချီ၍ ပြောတတ်သည်။လောကကြီးသည် သူမအတွက်တရားမျှတမှုမရှိ၊ သူမဘဝသည်လည်း လောက၏ခြယ်လှယ်မှုအောက်တွင်သာ နစ်မွန်းနေသည်ဟုထင်သည်။ ကံအကြောင်းတရားမလှ၍ မိဘကံမကောင်းခဲ့၊ မျိုးချစ်စိတ်ထက်သန်၍ ခေါင်းမာလှသောညို့တွင်မှ ပြင်၍မရနိုင်သည့် အမဲစက်သည်စွန်းထင်းနေသည့်အခါ ညိုတစ်ယောက်ကြိတ်မနိုင် ခဲမရ ဝမ်းနည်းဒေါသထွက်ရတော့သည်။ညိုသည် ရုပ်ရည်နှင့်ပတ်သက်၍လည်း သူမကိုယ်သူမ ယုံကြည်ချက်မရှိ၊ အားငယ်ဝမ်းနည်းနေတတ်သည်။

ထိုသို့ ထိုသို့ မကျေနပ်မှုကလေးများ များပြားလှသောညို့တွင် သူမကိုချစ်သောသူများနှင့် သူမကချစ်ရသောသူများလည်း များပြားလှပေသည်။ဆယ်ကျော်သက် ရင်ခုန်တတ်စအချိန်တွင် ညို၏ ရင်ထဲမှ တွယ်တာအားကိုးရသောချစ်သူကိုပိုင်ဆိုင်ခဲ့ရပြီ။ညိုတစ်ယောက်ကို စိတ်အခွန်အားဆုံးအပေးနိုင်ဆုံး ၊ နားလည်ပေးနိုင်ဆုံးသောချစ်သူသည် ညို့အတွက်အရာရာဖြစ်လာခဲ့လေသည်။ သို့သော်လည်း ညိုသည်ကံကောင်းဖို့ရာအခွင့်အရေးပါမလာခဲ့။ ညို၏ ဖူးသစ်တက်ကြွလှသောအသည်းနှလုံးလေးသည် အစိမ်းသက်သက်ချိုးဖျက်ခြင်းခံခဲ့ရလေသည်။ အရင်ကတည်းက စိတ်အားငယ်ယုံကြည်ချက်မဲ့သောညို သည် ချစ်သူ၏စိမ်းကားခြင်းကို တည့်တည့်ကြီးရင်ဆိုင်လိုက်ရသည့်အခါ ယခင်ကထက်ပို၍ လောကကြီးအား အရွဲ့တိုက်လာခဲ့သည်။သည်ကြားထဲတွင် သမီးအပေါ်မျှော်လင့်ချက်ကြီးလှသည့် တစ်ဦးတည်းသော အမေဖြစ်သူ၏ ဆန္ဒကိုလည်း မဖြည့်ဆည်ပေးနိုင်လိုက်သည့်အခါ ညို့တွင် မကျေနပ်အားမရမှုများသာ သာ၍တိုးလာခဲ့သည်။လောကကြီးကို စိတ်အကုန်ကြီးကုန်လာသောညိုသည်
သူမအပေါ်တွင် သံယောဇဉ်ကြီးလှသောဆရာနှင့်သူငယ်ချင်းများအား ပုန်းရှောင်၍ လောကကြီး၏ကျဉ်းမြောင်းလှသော တစ်ထောင့်တစ်နေရာတွင် စိတ်ထဲရှိသည့်အတိုင်း ဘဝကို ရင်ဆိုင်နေထိုင်ခဲ့သည်။နောက်ဆုံးတွင် ညိုတစ်ယောက် လောကဓံကိုအနိုင်ရခဲ့သလား။ တစ်သက်လုံးပုန်းအောင်း၍ နေထိုင်သွားခဲ့သလား။

ဘဝရဲ့ ဝဲဂယက်ထဲတွင် မမျှော်လင့်သောထိုးနှက်ချက်များကို ခြေစင်းခံစားခဲ့ရသည့် သာမန်မိန်းမပျိုလေးတစ် ယောက်၏ စိတ်အတက်အကျ၊ ခံစားချက်အနိမ့်အမြင့်၊ ရင်ဆိုင်ဖြေရှင်းပုံတို့ကို အရှိကိုအရှိအတိုင်း လက်တွေ့ဆန်စွာ ရေးသားသရုပ်ဖော်ထားတဲ့ ဆရာမကြီး မိုးမိုး (အင်းလျား) ရဲ့ ရွက်လှပန်း ဝတ္ထုလေးထဲမှာ ဆက်လက်ဖတ်ရှုပါလို့ ညွှန်းလိုက်ပါတယ်နော်။


#Book_Review
#မိုးမိုး(အင်းလျား)
#ရွက်လှပန်း

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ