SarPhat Author

"မာလာရီ (သို့မဟုတ်)
မျက်ရည်ခမ်းခွင့်မရှိသော မိန်းမ"တဲ့
ခေါင်းစီးနဲ့တင် စိတ်ဝင်စားပြီးဖတ်မိခဲ့ရာကနေ မာလာရီဆိုတာ ဘယ်သူလဲ ဘာလဲသိချင်လို့ ဓာတ်ပုံသာမက သူမ
သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေပါလိုက်ရှာမိစေခဲ့ပြီး အတွေးတွေအသိအမြင်တွေအများကြီးရစေခဲ့တဲ့
"ဂျာနယ်ကျော်မမလေး"ရဲ့ လက်ရာကောင်းတစ်ပုဒ်......
မြန်မာနိုင်ငံမှာ ပထမဦးဆုံး မာစီဒီးကား ကို ဝယ်စီးနိုင်ခဲ့တဲ့ လေးထပ်ကွမ်း အကယ်ဒမီ ပိုင်ရှင် ဝဏ္ဏကျော်ထင် ဘွဲ့ရ ဒိတ်ဒိတ်ကြဲရုပ်ရှင် မင်းသမီး တစ်လက်ဖြစ်ပေမဲ့ ယောက်ကျားဆီမှတလကိုငွေ၃၀၀မှလွဲ၍ မိမိဝင်ငွေ
ဘယ်လောက်ရှိကြောင်းတောင်သိခွင့်မရှိပဲ မယားကြီးနဲ့အတူတူရိုက်နှက်ခံပေါင်းသင်းခဲ့ရတဲ့တစ်ခေတ်တစ်ခါက မင်းသမီးကြီး
" ဒေါ်ကြည်ကြည်ဌေး"ရဲ့ အတ္ထုပ္ပတ္တိ
အသက်၅နှစ်အရွယ်ကထဲက ဇာတ်သဘင်လမ်းကြောင်းပေါ်ကိုစရောက်လာပြီး နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်လာစေ
ဖို့ သူမရဲ့ အရည်အချင်းနဲ့ကြိုးစားအား
ထုတ်မှု့တွေကိုမြင်ရတာမို့ လေးစားအားကျစရာကောင်းလှပါတယ်။
တစ်ဖက်ကလဲ ဘဝပေးကံမကောင်းလှတာကြောင့် ယောက်ခမရဲ့အဆူအဆဲဒဏ်ခံပြီး ချစ်ခဲ့ရတဲ့ငယ်ချစ်ဦးနဲ့ အိမ်ထောင်ရေးမှာလဲ မပျော်ရွှင်ခဲ့ရသလို ခါးကသေနတ်ကိုကြောက်ရလို့ မယားကြီးငုတ်တုတ်ရှိတဲ့
"ဗိုလ်အောင်သိန်း"ကိုထပ်ပေါင်းသင်းခဲ့ရပြီးရုပ်သေးရုပ်တစ်ရုပ်လို နှစ်ပေါင်းများစွာယောက်ကျားဖြစ်သူ ကြိုးဆွဲတဲ့အတိုင်းနေခဲ့ရတဲ့ မယားကြီးသားအမိကိုပါရှာကျွေးရတဲ့ ရင်နာစရာ ဘဝမျိုးကိုလဲအံ့ဩစရာတွေ့ရပါတယ်။
အတူနေမယားကြီးသေတော့ ရှိုက် ကြီးတငင်ငိုခဲ့တဲ့ အမျိုးသမီး လင်ဆိုးကိုပေါင်းသင်းရပေမဲ့ အေးချမ်းတဲ့ မေတ္တာနဲ့ ဝဋ်ကြွေးကျေအောင် ဆပ်နိုင်ခဲ့တဲ့တည်ငြိမ်တဲ့အမျိုးသမီး....
"တကယ့်အပြင်ကလက်တွေ့ဘဝတွေ
ဟာ စာအုပ်ထဲကထက်ဆန်းကြယ်တယ်"လို့ပြောတတ်ကြတယ်။
ဂျာနယ်ကျော်မမလေးရဲ့"မာလာရီ"
ကတော့ စာအုပ်တစ်အုပ်ဆိုပေမဲ့ အတ္ထုပ္ပတ္တိလဲဖြစ်နေတော့ ကန့်လန့်ကာနောက်ကွယ်ကဘဝတွေအကြောင်း အတုယူလေးစားစရာတဝက် ဝဋ်ကြွေးတွေနဲ့သံဝေဂရစရာ ဆန်းကြယ်တဲ့ဘဝအချိုးအကွေ့တစ်ဝက်နဲ့ စာဖတ်သူကို ချိုတလှည့်ခါးတလှည့် အရသာမျိုးစုံနဲ့ မာလာရီ(သို့)အမေဒေါ်ကြည်ကြည်ဌေးရဲ့ဘဝထဲကိုအဆုံးထိ စိတ်ဝင်စားဖွယ် ကောင်းအောင်ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။
Du Due
20/12/23
Keep Reading