SarPhat Author
ကိုယ့်လူငယ်တို့ ရန်ကုန်မှာဆို လှည်းတန်းကို မရောက်ဖူးတဲ့သူ ရှိမယ်မထင်ဘူးဗျ။ အချို့ကျောင်းသားလေးတွေကလည်း ကျောင်းပြန်ရင်း လှည်တန်းမှာ မုန့်စား၊ သင်တန်းတက်၊ ရုံးသွား၊ ၈ုံးဆင်း၊ မုန့်လေးတွေ ပတ်စား။ သိပ်ကိုပျော်စရာကောင်းတာပေါ့။ အမှတ်တရတွေ ကိုယ်စီရှိကြမယ်ထင်ပါတယ်။
ဆိုတော့ကား ဒီနေရာမှာ ဒီလို လှည်းတန်းစျေးမှာ မုန့်တွေပတ်စားရင်း ရှာဖွေလို့ရနိုင်တဲ့ စီးပွားရေးအသိလေးတစ်ခုကို ကျွန်တော်ဒီနေ့မျှဝေပေးချင်ပါတယ်။
ခပ်ကြီးကြီးမေးခွန်းနဲ့စလိုက်ပါမယ်။ “Economy” ဆိုတာ ဘာလဲ။ စီးပွားရေးဆိုတာ ဘယ်လိုလည်ပတ်နေလဲ။
ရိုးရိုးလေးပါပဲ။ တစ်ယောက်ရဲ့သုံးလိုက်တဲ့ပိုက်ဆံက အခြားတစ်ယောက်အတွက် ဝင်ငွေပဲ။ မိတ်ဆွေက လက်ဖက်ရည်ဆိုင်မှ ကော်ဖီသောက်လိုက်တယ်။ လက်ဖက်ရည်ဆိုင်က ပိုက်ဆံရသွားတယ်။
ဒီပိုက်ဆံကို နောက်ထပ်လက်ဖက်ရည်ဆိုင်ထပ်ဖွင့်ဖို့ သုံးလိုက်တယ်။ ဒါမှမဟုတ် သားသမီးတွေကို ကျောင်းထားလိုက်တယ်။ ကျောင်းက ပိုက်ဆံရသွားတယ်။ ဒီလိုကျောင်းတွေက ဆရာမတွေကို လစာပေးထားတယ်။ အစုံအစုံပါပဲ။
ဆိုတော့ တစ်ယောက်ရဲ့သုံးလိုက်တဲ့ပိုက်ဆံက အခြားတစ်ယောက်အတွက် ဝင်ငွေပါပဲ။ ဒီနေရာမှာ သတိပြုစရာတစ်ခုက တကယ်လို့ ပိုက်ဆံသုံးတဲ့သူတွေ နည်းလာရင်ရော ဘာဆက်ဖြစ်မှာလဲ။
ဥပမာ - လက်ဖက်ရည်သောက်တဲ့သူမရှိဘူး။ လက်ဖက်ရည်ဆိုင်က ပိုက်ဆံမရ၊ ဆိုင်ခွဲမဖွင့်နိုင်၊ ကလေးတွေ ကျောင်းစရိတ်အခက်တွေ့။ ဒီဟာလေးက ဘယ်ကစလဲဆိုတော့ လက်ဖက်သောက်မယ့် ဖောက်သည် နည်းလာတာက စတယ်။ ဒီဟာက Economy ရဲ့အခြေခံပဲဗျ။ English လိုဆို
Some people spend money, which becomes other people's income.
လှည်းတန်းလမ်းမှာဆို မြင်တတ်ရင် တစ်ကယ့်ကို စီးပွားရေးစျေးကွက်ကြီးပဲ။ ဆိုင်တွေမှာ မုန့်စား။ ကျောင်းသားတွေက မုန့်ဖိုးရ၊ ဒီမှာလာသုံး၊ စျေးရောင်းသူတွေ စီးပွားတိုး။ စီးပွားတိုးတော့ TV တွေ၊ အသုံးအဆောင်တွေကို ဆိုင်ကြီးတွေက ဝယ်။
ဒီလို ဆိုင်ကြီးတွေက ရောင်းရတော့ ဝန်ထမ်းတွေကို လစာပေးနိုင်။ ဝန်ထမ်းတွေက လစာကောင်းတော့ ညနေခင်းဆို မုန့်တွေထွက်စား။ ဒါဟာ စီးပွားရေးဂေဟစနစ်တစ်ခုလိုပဲ။
မြင်တတ်ရင် အရာရာတိုင်းဟာ စီးပွားရေးပဲ။ ဒါကြောင့်မို့ ကျွန်တော်အမြဲမျှဝေနေသလို စီးပွားရေးဆိုတာ လူတိုင်း နားလည်သင့်တဲ့အရာတစ်ခုလို့ ယူဆတယ်ဗျာ။ လူငယ်၊ လူကြီးမရွေးပေါ့။ ဒါမှ ကိုယ့်ရဲ့ငွေကြေးကို ဘယ်မှာ အသုံးချရမလဲဆိုတာ ကောင်းကောင်းသိလာမယ်။ တိုးချဲ့တတ်လာတယ်။ ငယ်တုန်းဆို ပိုအခွင့်အရေးရှိပါတယ်။
ဒါကြောင့်မို့ ဘယ်နေရာပဲရောက်ရောက် စီးပွားရေးရှုထောင့်ကနေတဆင့် မြင်တတ်အောင်ကြိုးစားကြည့်ပါ။ ဒီလို ကြိုးစားကြည့်ဖို့ ဘာတွေအဓိကလိုအပ်လဲဆိုတော့
(၁) သတင်းတွေ ဖတ်ကြည့်ဖို့ လိုတယ်။
(၂) ကိုယ်ချင်းစာတရားနဲ့သူတို့ကို ခံစားကြည့်ပါ။
(၃) ကိုယ်သာဆို ဘယ်လိုဖောက်ထွက်မလဲ စဉ်းစားပါ။
ဒါဆို အမြင်ကျယ်လာမယ်။ အလေ့အကျင့်ရလာမယ်။ ငယ်တုန်းမှာ ဒီလို အလေ့အကျင့်လုပ်ထားတာ အင်မတန်ကောင်းတယ်လို့ ထင်ပါတယ်။
ဒီဆောင်းပါးလေးနေတဆင့် လူငယ်တွေအတွက် တစ်စုံတစ်ခု အထောက်အကူပြုစေမယ်ထင်ပါတယ်။ ဆောင်းပါးလေးကတော့ ဒီလောက်ပါပဲ။ နောက်နေ့မှာ ပြန်တွေ့ပါမယ်ခင်ဗျာ။
Keep Reading