SarPhat Author

ဒီခေါင်းစဉ်က တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော်တို့ စိတ်ကူးထဲကအတိုင်းဖြစ်မလာတဲ့ ပညာရေးဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ ဆရာဝန်ဖြစ်ချင်တယ်။ အင်ဂျင်နီယာဖြစ်ချင်တယ်။ ကျောင်းသွားတက်။ ဖြစ်မလာ။ ဆရာမဖြစ်ချင်တယ်။ ကျောင်းသွားတက်။ ဖြစ်မလာ။
ဒါကို ကျွန်တော်တို့ တစ်ဦးတစ်ယောက်အတွက်
စိတ်ကူးထဲကအတိုင်း ဖြစ်မလာတဲ့ ပညာရေးလို့ ကဗျာဆန်ဆန် သတ်မှတ်ချင်တယ်။ ဒါဆို ဘာကြောင့်လဲ။ ဘာကြောင့် ဒီလိုဖြစ်မလာတာလဲရော ဆန်းစစ်ကြည့်လို့ရလား။ လိုအပ်လား။ ဘယ်လိုသိနိုင်မလဲဆိုတာ ဒီဆောင်းပါးလေးနေတဆင့် မျှဝေပေးချင်ပါတယ်ခင်ဗျာ။
တကယ်တော့ ပညာရပ်တစ်ခုကို လေ့လာတဲ့အခါ ကိုယ့်စိတ်ကူးထဲကအတိုင်းဖြစ်မလာတဲ့ အချက် (၂) ချက်ရှိတယ်။
ပထမအချက်က ကိုယ်တိုင်က စိတ်ဝင်စားမှုမရှိတာ၊ နောက်တစ်ခုက သင်ကြားပေးခံရတဲ့
သင်ရိုးနဲ့အနာဂတ် အခွင့်အလမ်းမရှိတာ။ ဒီ အချက် (၂) ချက်က ကျွန်တော်တို့ စိတ်ကူးထဲက ပညာရေးကို
ရယူနိုင်ဖို့ အဟန့်အတားဖြစ်စေပါတယ်။
ပထမအချက်ကို လေ့လာဆန်းစစ်ကြည့်ရအောင်။
ကိုယ်တိုင်က စိတ်မဝင်စားတာ။ ကိုယ်တိုင် စိတ်မဝင်စားတာကို ဘယ်လိုသိနိုင်လဲ။ လုပ်ကြည့်မှပဲ သိနိုင်တယ်။ ကျွန်တော်ငယ်ငယ်က ဂီတာတီးတတ်တာကို အားကျတယ်။
သို့သော် ကိုယ့်က လက်အနာမခံချင်ဘူး။ ဒါဆိုရင် ကိုယ်တိုင်စိတ်မဝင်စားတာ။ တကယ်လို့ စိတ်ဝင်စားရင်တောင် အပေါ်ယံပေါ့။ တစ်ချို့အရာတွေကတော့ သိသာတယ်။ ဒီဟာတွေ လုပ်နေရတာကို မပျော်တာ။ ခက်လို့လည်း မဟုတ်ဘူး။
ဒီအရာတွေ လေ့လာတာကို ကိုယ်မှ စိတ်မပါတာ။ ဒါမျိုးကျ ရပ်သင့်တယ်။ ကိုယ်စိတ်ဝင်စားတာဘာလဲရှာသင့်တယ်။ လူငယ်တွေအတွက် အကြံပြုချင်တာက ဒီလိုစိတ်ဝင်စားတာ ရှာဖို့အတွက် အဓိက လိုအပ်တာက များများလုပ်ကြည့်ဖို့။
ဒီကတဆင့် စိတ်ဝင်စားရင်ဆက်လုပ်။ စိတ်မဝင်စားရင်ထွက် ဒီလိုနဲ့ရှာကြည့်ဖို့ ကျွန်တော်တော့ အကြံပေးချင်တယ်ဗျ။
ဒုတိယအချက်ကို လေ့လာဆန်းစစ်ကြည့်ရအောင်။
သင်ရိုးတွေက ကိုယ်နဲ့မကိုက်ညီတာ။ တစ်ချို့သင်ရိုးတွေက ကိုယ်လေ့လာချင်တာနဲ့မကိုက်ညီတာရှိတယ်။ ကိုယ်က သိတော့ သိချင်တယ်။ လေ့လာကြည့်တယ်။ နားမလည်ဘူး။ အခြားသူကလည်း နားလည်အောင်
မရှင်းပြနိုင်ဘူး။ ဒါဆိုရင် ဆက်ကြိုးစားကြည့်ဖို့ အကြံပြုချင်တယ်။
ဥပမာ - အွန်လိုင်းပေါ်က ရှာဖွေကြည့်တာ။ တကယ်သိတတ်သူတွေကို မေးမြန်းကြည့်တာ။ စုံးစမ်းကြည့်တာ။ ဒါမျိုးတွေ လုပ်ခြင်းအားဖြင့် တစ်ဖြည်းဖြည်း
ပျော်လာလိမ့်မယ်။
အစပိုင်းတော့ ဘာမှနားမလည်တော့ စိတ်ညစ်တာပေါ့။ နောက်ပိုင်း တဖြည်းဖြည်း လေ့လာရင်း နားလည်လာတဲ့အခါ ဒီလိုလေ့လာနေရတာကိုက အရသာဆိုတာ သိလာပါလိမ့်မယ်။ ဆက်လုပ်နေဖို့ပဲ လိုတာပါ။
ဒီ (၂) ချက်ကတော့ လူငယ်တွေ ပညာရေးနဲ့ပတ်သတ်လို့ မေးတတ်တဲ့ မေးခွန်းတွေအတွက် အဖြေကောင်းတစ်ခု
ဖြစ်မယ်လို့ ယူဆပါတယ်။ “ကိုယ့်စိတ်ကူးတဲ့အတိုင်းမဖြစ်လာတဲ့ ပညာရေး” ဆိုတာကို ကိုယ်တိုင် ကြုံတွေ့လာတဲ့အခါ အကောင်းဆုံးဖြေရှင်းနည်းကတော့ ဒီအချက် (၂) ချက်နဲ့ ချိန်ထိုး စဉ်းစားကြည့်တာပါပဲ။
လူငယ်တွေ ပညာရေးကို တိုးတက်အောင် ကြံဆပါ။ ပညာခေတ်ဆိုတာ နောင်တစ်ချိန် ရောက်လာပါလိမ့်မယ်။ ဒါကြောင့် လေ့လာပါ။ သင်ယူပါ။ မှတ်သားပါ။ နောက်နေ့မှာ နောက်ထပ်ဆောင်းပါလေးတစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။
Keep Reading