Hein Zaw
ဦးနှောက်မှာ အသိပညာနဲ့ ခံစားချက်အတွက် စွမ်းရည်ရှိတယ်။ လူတစ်ယောက်ဟာ အသိပညာနဲ့ ကျွမ်းကျင်မှုအတွက်ပဲ ဦးနှောက်ကို အဓိကသုံးတဲ့အခါ ခံစားမှုအပိုင်းကို သိပ်ဂရုမစိုက်ဖြစ်တော့တာမျိုး ဖြစ်သွားတယ်။ တချို့ သူ့ရဲ့ Profession နဲ့ Skill ပိုင်းကိုပဲ အာရုံစိုက်တာ၊ သူ့အလုပ်ထဲပဲနှစ်ထားတဲ့အခါမျိုးမှာ တခြားဘက်မှာ အားနည်သွားတာမျိုးဖြစ်တတ်တယ်။ အားနည်းတယ်ဆိုရာမှာ သူကိုယ်တိုင်က သူ့အလုပ်ကလွဲလို့ တခြားအရာတွေ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဂရုမစိုက်တာမျိုးပါ။
Morgan Housel ကတော့ ဒါကို "ကိုယ်ရည်ကိုယ်သွေးအတွက် အသုံးချရမယ့် ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ပုံမှန်မဟုတ်တဲ့ကျွမ်းကျင်မှုက လုယူသွားတယ်။" လို့ Same As Ever စာအုပ်မှာ ပြောထားတယ်။
သိပ်တော်တဲ့သူတော်တော်များများ၊ တစ်ခုခုမှာ ရူးသွပ်တဲ့သူတွေ တော်တော်များများ တဇွတ်ထိုး၊ တဇောက်ကန်းဖြစ်သွားဖြစ်သွားတာ၊ အများနဲ့ ဖီလာဖြစ်သွားတာ၊ အများအမြင်မှာ ကြောင်တောင်တောင်ပုံစံအမြင်ခံရတာတွေက ဒီသဘောလို့ပြောလို့ရတယ်။
ဒေါ်နယ်ထရမ့်ကို ကြည့်ရင် ဒီသဘောတွေ့ရတယ်။ သူ့ပင်ကိုစရိုက်အရ သူ့ကို ကြည့်မရတဲ့သူတွေတစ်ပုံကြီး။ ဒါပေမဲ့ မဲဆွယ်စည်းရုံးရေးလုပ်နေတုန်း ေ၀သနတ်နဲ့ အပစ်ခံရတာတောင် လက်သီးလက်မောင်းတန်းပြလိုက်နိုင်သေးတဲ့ သူတို့လိုလူမျိုးတွေမှာ တခြားသူတွေမှာမရှိတဲ့ စိတ်စွမ်းအားရှိတယ်။ တော်ရုံလူဆို တုန်လှုပ်ချောက်ချားသွားမယ့်အခြေအနေပါ။ လူတွေချစ်တာကိုခံရဖို့ထက် ကိုယ့်ရဲ့အစွမ်းအစကိုအင်အားကြီးအောင်တည်ဆောက်ရတာကို သဘောကျတဲ့သူမျိုးတွေလို့ ပြောလို့ရတယ်။
ကျွန်တော့်မိတ်ဆွေ စာအုပ်ထုတ်ဝေရေးပိုင်ရှင်တစ်ယောက်ဆိုရင် သူ့လုပ်ငန်းက သက်တမ်းလည်းကြာပြီးဖြစ်သလို အောင်လည်းအောင်မြင်တယ်။ ပိုက်ဆံလည်း အထိုက်အလျောက်ချမ်းသာတယ်။ သူက စာအုပ်တွေနဲ့နေရတာ၊ ဒီဇိုင်းဆွဲရတာကိုပဲ စိတ်ဝင်စားတဲ့သူ။ အလုပ်ထဲမှာပဲ နှစ်ပြီးနေသူ။ စကားပြောလည်း ခပ်အေးအေး၊ အပိုတွေ လောက၀တ်ဆိုတာတွေ သိပ်ပြောလေ့မရှိဘူး။ ပိုထူးခြားတာက မင်္ဂလာဆောင်အခမ်းအနားလိုပွဲမျိုးတက်လည်း တီရှယ်ရယ်၊ ပုဆိုးတိုတိုရယ်၊ ခြေညှပ်ဖိနပ်ရယ်နဲ့ပဲ။ ဘယ်သွားသွား ဘယ်ပွဲတက်တက် အိမ်မှာနေတဲ့ Free Style နဲ့ပဲ။ အများအမြင်မှာတော့ ဒီလူလိုက်လျောညီထွေမဝတ်တတ်ဘူး ထော်ထလာ်ကန့်လန့်သမားလားပေါ့။ သူကိုက လိုက်လျောညီထွေ မဝတ်တတ်တာမဟုတ်ဘဲ လိုက်လျောညီထွေဝတ်ဖို့ စိတ်ကိုမဝင်စားတာ။
ကိုယ့်ရဲ့ Passion အရ ကိုယ်အားသန်ရာကိုပဲ ဖိပြီးအာရုံစိုက်တဲ့အခါ တခြားတစ်ဖက်မှာတော့ လွတ်သွားတတ်တာမျိုးရှိတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်ကြိုက်တာ ကိုယ်ရွေးချယ်ကြတာပဲမလား။ ကိုယ့်ရဲ့အခြေအနေ၊ ကိုယ့်ရဲ့အနာဂတ်ကလည်း ကိုယ့်ရဲ့ရွေးချယ်မှုပေါ်ပဲမူတည်တယ်။
#HeinZaw
#Passion
Keep Reading