Author's Profile Photo

SarPhat Author

31/07/2024

"စာလုပ်နည်း" Chemistry, Physics, Biology ဘယ်လို ရအောင်လုပ်မလဲ

2 mins read
Education



ဒီမှာက Chemistry, Physics, Bio တွေလို သိပ္ပံဘာသာရပ်တွေ အတွက် အဓိကပြောထားပေးပါတယ်။ language အတွက် part 2 လာပါမယ်နော်။

Winnie တို့တွေ Grade 10 ကနေ စပြီးတော့ ဘာသာရပ်အားလုံးနီးပါးက အင်္ဂလိပ်လိုတွေပဲ လေ့လာရတော့တယ်။ ဒီနေရာမှာ ကျောင်းသားတချို့က ဆက်တိုက် အင်္ဂလိပ်လိုတွေပဲ သင်လာရတဲ့အခါ နားမလည်တာတွေများလာတယ်။ နားမလည်တော့ စာမလိုက်နိုင်၊ စာမလိုက်နိုင်တော့ စိတ်တွေညစ် stress တွေ ဖြစ်ပြီးတော့ စာလည်း မလုပ်ချင်တော့ဘူး။ ‌စာကို အရမ်းအရမ်းတော်နေတဲ့ ကျောင်းသားတွေကလွဲရင် ကျောင်းသားတော်တော်များများ ဒါကို ခံစားဖူးလိမ့်မယ်လို့ Winnie ထင်ပါတယ်။

အဲ့တော့ ဒီ ဆောင်းပါးမှာ Winnie ကိုယ်တိုင် စာရအောင် ထိထိရောက်ရောက် စာလုပ်တဲ့ နည်းလေးကို sharing လုပ်ပေးသွားမှာပါ။ တစ်ယောက်နဲ့တစ်ယောက်က စာမှတ်ယူနိုင်စွမ်း မတူကြတဲ့အတွက် Winnie အခုပြောပြတဲ့ နည်းလမ်းက အားလုံးအတွက် ထိရောက်ချင်မှ ထိရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ အလုပ်ဖြစ်တဲ့သူကတော့ တကယ်ထိရောက်ဖို့ အာမခံပါတယ်။ Let's go...

ပထမဆုံး ပြောချင်တာကတော့ စာကို အော်အော်ပြီး ထိုင်ကျက်နေလို့ မရပါဘူး။ လုံးဝ မရပါဘူး။ တကယ်ပြောတာ။ ရခဲ့ရင်တောင် ကျက်ထားတဲ့စာက အချိန်အကြာကြီး ဦးနှောက်ထဲ မနေပါဘူး။ အထူးသဖြင့် စာကျက်ရတာ မကြိုက်တဲ့ သူတွေ သေအောင် ထိုင်ကျက်ပါ လုံးဝမရပါဘူး။ Winnie ဆို စာကျက်ရတာ လုံးဝမကြိုက်တာပါ။ နောက်ပြီးတော့ Winnie ရဲ့ သူများနဲ့မတူတဲ့ အားနည်းချက်တစ်ခုက တစ်ခါတလေမှာ နားလည်နိုင်စွမ်း အရမ်းနိမ့်ပါတယ်။ ဘယ်လောက်ထိဆိုရင် စာတောင်မဟုတ်ဘူး ပုံမှန် သူငယ်ချင်းတွေကြား စကားပြောရင်တောင် သူတို့ပြောတဲ့စကားကို နားလည်ဖို့ အတော်လေးကြိုးစားယူရပါတယ်။ ထပ်ခါထပ်ခါပြန်ပြောခိုင်းတာ အချိန်ယူစဉ်းစားရတာတွေအထိပါ။ စာဆိုရင် ဆရာမရှင်းပြလို့ တစ်ခါထဲနဲ့ သဘောပေါက်တာ ရှားပါတယ်။ရရင်တောင် ယာယီပဲ ရပါလိမ့်မယ်။ တစ်ခါတစ်ခါ camera ပိတ်ပြီး ခိုးအိပ်တာက ရှိပါသေးတယ်။(စတာပါ လိုက်မလုပ်ပါနဲ့ :)

ဆိုတော့ Winnie စာရအောင် ဘယ်လိုလုပ်ခဲ့လဲ။

✓ ပထမဆုံး တစ်ချက်က ကိုယ်လေ့လာရမဲ့ ခေါင်းစဉ်ကို သေချာ သိရပါမယ်။ စာလုပ်ပါတယ်ဆိုမှ ကိုယ့်လေ့လာမဲ့ ခေါင်းစဉ်ကို မသိစရာလားလို့ ပြန်မေးနိုင်ပါတယ်။ ဟုတ်ပါတယ် ဒါပေမဲ့ တချို့တွေရှိပါတယ် ကိုယ်လေ့လာနေတဲ့ စာရဲ့ ခေါင်းစဉ်က ဘာလဲ ဘာအဓိပ္ပာယ်လဲ ဘယ်အကြောင်းအရာလဲဆိုတာတောင် သေချာမသိတဲ့သူတွေ မြင်ဖူးလို့ပါ။ ဆက်ရအောင် ~~ ဆိုတော့ ခေါင်းစဉ်ကို သေချာ သိပြီးရင် စာအုပ်ထဲ၊ ပုံနှိပ်ထဲ ပေးထားတဲ့ စာကို ဖတ်ပါ။ ပေးထားတဲ့စာကို လုံးဝနားမလည်ရင်တောင် အနည်းကျဉ်းလေးတော့ တီးမိခေါက်မိ‌လောက်တဲ့အထိ နားလည်အောင် ဖတ်ဖို့လိုပါတယ်။

✓ ဖတ်ပြီးသွားပြီ၊ နည်းနည်းလောက်ဖြစ်ဖြစ် နားလည်ပြီလို့ ယူဆတဲ့အခါ YouTube ကိုသွားပါ။ ခေါင်းစဉ်ကို ရိုက်ချလိုက်ရင် video တွေ အများကြီး ကျလာပါလိမ့်မယ်။ စာအရှည်ကြီးတွေနဲ့ စာပြည့်နေတဲ့ slide တွေနဲ့ရှင်းပြနေတဲ့ video တွေ၊ အရမ်းရှည်တဲ့ video တွေလုံးဝမကြည့်ပါနဲ့။ ဘယ်လို video တွေ ရွေးကြည့်မလဲဆိုရင် cartoon characters တွေနဲ့ သရုပ်ဖော်ထားတဲ့ video တွေကို ကြည့်ပါ။ ရှာမရရင် ကိုယ်ရှာထားတဲ့ ခေါင်းစဉ်အနောက်မှာ cartoon version ဆိုပြီး ကပ်ရိုက်လိုက်ရင် အများကြီး ကျလာပါလိမ့်မယ်။ cartoon မကြိုက်ရင် diagram လေးတွေနဲ့ ရှင်းပြတတ်တဲ့ video တွေ ရှိပါတယ်။ အဲ့တာတွေ လေး ငါး ခုလောက်ထိကြည့်လိုက်ရင် အတော် သဘောပေါက်လာပါလိမ့်မယ်။ YouTube က video တွေကို ကြည့်တာက ဘာရလဲဆိုရင် ကိုယ်နားလည်ထားတာထက် ပိုပြီး နားလည်လာစေပါတယ်။

✓ နောက်တစ်ချက်က note book သီးသန့်ထားပါ။ YouTube ကကြည့်ပြီးသွားရင် စာအုပ်ကို ပြန်သွားပါ။ ဒီအဆင့်မှာ တော်တော်လေးလည်း နားလည်နေလောက်ပြီ၊ ဘယ်တာက သိသင့်တယ် ဘယ်တာက အရေးမကြီးဘူးဆိုတာကို အတော်သဘောပေါက်လောက်ပြီ‌ဆိုတော့ လိုအပ်တာတွေ ကိုယ်မေ့တတ်တာလေးတွေကို note ထုတ်ပါ။ (ဒီမှာ ပြောချင်တာက note ကို note နဲ့တူအောင်ထုတ်ပါ ပုံနှိပ်ကြီးနဲ့ ဘာမှမခြားအောင်တော့ မလုပ်ပါနဲ့ - အချိန်ရရင် Winnie ကိုယ်တိုင် note ထုတ်တဲ့ ပုံစံကို ထပ်ပြီး sharing လုပ်ပေးပါမယ်)

✓ နောက်ဆုံး အဆင့်အနေနဲ့ test ဖြေကြည့်ပါ။ စာအုပ်ထဲက exercise တွေအပြင် အပြင်က test လေးတွေ လိုက်ဖြေကြည့်ကြည့်ပါ။ ဒီ test တွေ ဘယ်မှာ ဖြေလို့ရလဲဆိုရင် လွယ်ပါတယ် Google ကိုသွား ခေါင်းစဉ်ကို test လို့ ကပ်ပြီး ရိုက်လိုက်ရင် free ဖြေလို့ ရတဲ့ website တွေ အများကြီးရှိပါတယ်။ ဥပမာ - Chemical Equilibrium test လို့ရှာလိုက်ရင် သူနဲ့ဆိုင်တဲ့ test တွေ အများကြီး ဖြေကြည့်လို့ရပါတယ်။ test ဖြေရတဲ့ အကျိုးက ဘာရှိလဲ ဆိုရင် ဦးနှောက်ကို ပိုပြီး ဖြတ်ထိုးဉာဏ်ကောင်းလာစေပါတယ်။ ပြီးရင် ကိုယ် ဒီ test ကို ဖြေကြည့်လိုက်တဲ့အခါ ကိုယ်ဘာမရနေတာလဲ ဘယ်နေရာကို နားမလည်နေတာလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ရပါတယ်။ တချို့ website တွေဆိုရင် အဖြေမှန်တွေကို ပြန်ပြီး ရှင်းပြပေးတဲ့အတွက် တကယ် ထိထိရောက်ရောက်ရှိပါတယ်။ ပြီးတော့ ကိုယ်မှားသွားတဲ့အခါ အဲ့ဒီအမှားရဲ့အဖြေကို ရသလောက်ပြန်ရှာကြည့်တာက ပိုပြီးတော့ စိတ်ထဲစွဲပြီး မှတ်မိနေနိုင်ပါတယ်။ ပျော်ဖို့လည်းကောင်းပါတယ်။

ဆိုတော့ (၄) ဆင့်ရှိပါတယ်။
✓ပထမဆုံး အဆင့် စာအုပ်ထဲက စာကို နားလည်အောင်ဖတ်မယ်
✓ဒုတိယအဆင့်မှာ YouTube က video တွေနဲ့ လေ့လာကြည့်မယ်
✓တတိယ အဆင့်မှာ note ထုတ်မယ်
✓နောက်ဆုံး အနေနဲ့ test ဖြေကြည့်မယ်

စာကြွင်း။ ။ဒီ သိပ္ပံဘာသာရပ်တွေကို လေ့လာတဲ့အခါမှာ critical thinking ကိုလည်း များများ အသုံးချပေးပါလို့ ပြောချင်ပါတယ်။ ထပ်ပြီးပြောချင်တာက အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ အင်္ဂလိပ်စာကို အနည်းဆုံး intermediate လောက်တော့ ရထားစေချင်ပါတယ်။ YouTube video တွေကြည့်တဲ့အခါ ပိုပြီး အထောက်အကူ ဖြစ်အောင်လို့ပါ။ နောက်ပြီးတော့ စာကို အကြွေးမထားပါနဲ့။ စာအကြွေးများသွားတဲ့အခါ စာမလုပ်ချင်တော့ဘဲ stress တွေဖြစ်တတ်ပါတယ်။ တစ်နေ့စာတစ်နေ့ကို ပေါ့ပေါ့ပါးပါးလေးသွားတာ အကောင်းဆုံးပါ။ စာရဖို့ထက် ပညာပါဖို့ ဦးစားပေးပါ။


With love ?
- Winnie -

Keep Reading

ကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာအရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)Finance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့