Author's Profile Photo

WANA THU

25/07/2024

Breaking Night

2 mins read
Personal Development
Book Review
18 Again
Breaking Night's photo

အမည် - Breaking Night ( A Memoir of Forgiveness, Survival, and My Journey from Homeless to Harvard )

Author - Liz Murray

PDF - https://t.me/black_white_Library/17015/17432 ( ဘာသာပြန်အနှစ်ချုပ် )

အမည် - အိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်သက္ကသိုလ်သို့

Author - ဗန်းမော်သိန်းဖေ

PDF - https://t.me/black_white_Library/7127/12668 ( ဘာသာပြန် အစ/အဆုံး )

တစ်ခါတုန်းက သူငယ်ချင်းရဲ့ရေချိုးခန်းထဲမှာ သူ့ကိုယ်သူသော့ခတ်ပိတ်လှောင်ရင်း မှန်ကိုတစ်ညလုံးကြည့်ပြီး မှန်ထဲကပုံရိပ်ကို သူ့အမေပုံရိပ်နဲ့ နှိုင်းယှဉ်ကြည့်ခဲ့တဲ့ အိမ်ခြေရာမဲ့ မိန်းကလေးတစ်ယောက်ရှိဖူးခဲ့ပါတယ်။

ဒီမိန်းကလေးဟာ ညဘက်အိပ်ရာထဲ လဲလျောင်းနေချိန်မှာလည်း သူမမျက်နှာကို လက်ချောင်းတွေနဲ့ ပြန်စမ်းကြည့်ရင်း မိခင်ဖြစ်သူရဲ့ ထွေးပွေ့မှုကို သတိရတမ်းတမိတာကြောင့် မျက်ရည်တွေစီးကျနေလေ့ရှိပါတယ်။ သူမဟာ မိခင်ဖြစ်သူနဲ့ အတူနေခွင့်ရချိန် အရမ်းနည်းပါးခဲ့ပြီး သူမရဲ့အမေဟာ အမှတ်တရတစ်ခုသာ ဖြစ်သွားခဲ့ပါပြီ။

ဒီလို အသည်းတစ်စစီကြေကွဲခဲ့ရတဲ့ မိန်းကလေး ကတော့ ဒီနေ့လေ့လာရမဲ့ Breaking Night စာအုပ်ကို ရေးသားသူလည်းဖြစ်၊ ဒီစာအုပ်ရဲ့ဇာတ်လိုက်လည်းဖြစ်တဲ့ Liz Murray (လစ်ဇ်မာရေး) ပဲဖြစ်ပါတယ်။

လစ်ဇ်ဟာ နယူးယောက်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မွေးဖွားလာခဲ့သူပါ။ သူမရဲ့ မိဘနှစ်ပါးဟာ တော်တော်လေးကို ဆင်းရဲမွဲတေတဲ့အပြင် မူးယစ်ဆေးပါစွဲနေကြပါတယ်။ မိဘနှစ်ပါးက သေချာမပြုစုမစောင့်ရှောက်နိုင်တာကြောင့် ကျောင်းမှာ အတန်းတွေလစ်တတ်လာသလို နောက်ဆုံးမှာ တော့ ကျောင်းပါထွက်လိုက်ပြီး လမ်းဘေးရောက်သွားခဲ့ပါတယ်။

ဒုက္ခတွေပြည့်နေနဲ့ သူမဘဝကို ပိုမိုဆိုးရွားစေခဲ့တာ ကတော့ မိခင်ဖြစ်သူ AIDS ရောဂါအခံနဲ့ သေဆုံးသွားခဲ့ခြင်းပါပဲ။ ဒီလို စိတ်ထောင်းကိုယ်ကြေဖြစ်နေချိန်မှာပဲ သူမယုံကြည်ကိုးစားခဲ့ရတဲ့ ချစ်သူက တရားမဝင်မူးယစ်ဆေးတွေ စတင် အသုံးပြုလာခဲ့ပြီး သူ့ရဲ့စိတ်အတက်အကျမမှန်မှုနဲ့ အပြောင်းအလဲမြန်မှုတွေက လစ်ဇ်ကိုကြောက်လန့်စေခဲ့ပါ တယ်။

ဒီလိုအဖြစ်တွေနဲ့ တွေ့ကြုံနေရတဲ့ လစ်ဇ်ဟာ သူမအနာဂတ်အကြောင်း စဉ်းစားမိချိန်မှာတော့ တစ်ခုခုပြောင်းလဲဖို့လိုပြီဆိုတာကို သတိပြုမိလိုက်ပြီး အထက်တန်းကျောင်းပြန်တက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ သူမဘဝကို ထာဝရပြောင်းလဲသွားစေခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ပြောရမှာပါပဲ။

အခက်အခဲတွေ အများကြီးကြားထဲကနေ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားရင်း လေးနှစ်တက်ရမဲ့အတန်းကို နှစ်နှစ်ထဲနဲ့ အောင်မြင်ခဲ့သလို၊ အတန်းထဲမှာ ဒုတိယအဆင့်ရပြီး အမှတ် မြင့်မြင့်နဲ့လည်း ဘွဲ့ရရှိခဲ့ပါတယ်။ ဒါ့အပြင် New York Times က ပေးအပ်တဲ့ ဘွဲ့ကြိုစကော်လားရှစ်ကိုလည်း ရရှိခဲ့ ပြီး ဟားဗတ်တက္ကသိုလ်ကိုပါ ဝင်ခွင့်ရရှိခဲ့ပါတယ်။

အခုချိန်မှာ Ivy League ဘွဲ့ရတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ လစ်ဇ်ဟာ ကမ္ဘာအနှံ့ပတ်ရင်း စိတ်ဓာတ်ခွန်အားဖြည့်မိန့်ခွန်းတွေ ဟောပြောပေးသူဖြစ်နေပါပြီ။ သူမက လူငယ်တွေကို မူးယစ်ဆေးတွေ၊ လူမိုက်ဂိုဏ်းတွေနဲ့ သွားမပတ်သက်မိအောင်ထိန်းဖို့ တိုက်တွန်းအကြံပေးလေ့ရှိပါတယ်။

ဘဝမှာ ဘယ်လို အခက်အခဲတွေပဲ ကြုံရပါစေ၊ စိတ်ကူးအိပ်မက်နောက်ကို မမှိတ်မသုန်လိုက်ဖို့ လစ်ဇ်က အားပေးထားပြီး ကလေးဘဝက ခံစားခဲ့ရတာတွေကိုအကြောင်းပြကာ အခွင့်အရေးတွေကို လက်လွှတ်မိတာမျိုး မလုပ်ကြဖို့လည်း သတိပေးထားပါတယ်။

"A Girl Named Zippy" "She Got Up Off the Couch” စာအုပ်တွေကို ရေးသားသူ Haven Kimmel (ဟေ ဗန်ကင်မဲလ်) က “လစ်ဇ်မာရေးဟာ အမေရိကရဲ့ အဆိုးဆုံးနဲ့ အကောင်းဆုံးအရာတွေကို ပြသခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။ လူပေါင်းများစွာကလည်း လစ်ဇ်မာရေးရဲ့ဟာ ကမ္ဘာပေါ်မှာ အတောက်ပဆုံးအပြုံးကို ပိုင်ဆိုင်ထားသူလို့ ပြောစမှတ်ပြုကြတာကိုတွေ့ရပါတယ်။

Breaking Night စာအုပ်မှာ လစ်ဇ်ရဲ့ လောကဓံတရားကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပုံအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဖတ်ရှုလေ့လာရမှာဖြစ်ပါတယ်။ လစ်ဇ်ဟာ ကြောက်စရာကောင်းတဲ့ ဒုက္ခသုက္ခတွေကို ကြုံတွေ့ခဲ့ရတာတောင်မှ ကံကြမ္မာကို ဒူးထောက်အရှုံးမပေးခဲ့ပါဘူး။

သူမကိုထိုးနှက်နေခဲ့တဲ့ အဆိုးတရားတွေအားလုံးကို ရင်ဆိုင်ကျော်လွှားပစ်ခဲ့ပြီး ဆင်းရဲမွဲတေလွန်းတဲ့ အဖိနှိပ်ခံဘဝကနေလည်း လွတ်မြောက်အောင် ကြိုးစားခဲ့ပါတယ်။ ဆင်းရဲပေမဲ့ ရိုးသား ကြိုးစားချင်စိတ်ရှိတဲ့ လူတွေအတွက်တော့ သူမရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းက အားကျအတုယူဖွယ်ရာပါပဲ။

ဒီစာအုပ်ကို ထုတ်ဝေပြီးပြီးချင်းမှာပဲ New York Times ရဲ့အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပါတယ်။ New York Times က ဒီစာအုပ်ကို “နှလုံးသားနဲ့ ခံစားပြီးရေးထားတဲ့၊ အေးစက်မှု မြူတစ်မှုန်မှမပါတဲ့၊ နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့စာအုပ်" လို့ မှတ်ချက်ပြုခဲ့ပါတယ်။

သူမရဲ့အတွေ့အကြုံကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Homeless to Harvard: The Liz Murray Story ရုပ်ရှင်ကို အမေရိကန်မှာ 2003 ခုနှစ် April 7 ရက်နေ့တုန်းက ဖြန့်ချိပြသလိုက်တဲ့အခါမှာလည်း ဝေဖန်ရေးဆရာတွေရဲ့ နွေးထွေးတဲ့ အပြုသဘောဆောင်မှတ်ချက်တွေ အများအပြားရရှိခဲ့သလို 55 ကြိမ်မြောက် Emmy Awards ရဲ့ အဓိကဆန်ကာတင်စာရင်းကြီးသုံးခုမှာလည်း ပါဝင်ခဲ့ပါ တယ်။

Breaking Night စာအုပ်ရဲ့ အနှစ်ချုပ်မှတ်စုကို အခန်း (၃) ခန်း ခွဲပြီးရေးသားထားပါတယ်။

ပထမခန်း : ခါးသီးလှသော ကလေးဘဝ

ဒုတိယခန်း : ခက်ခဲကြမ်းတမ်းပြီး ဒုက္ခအတိပြည့်နေသော အိမ်ခြေရာမဲ့ဘဝ

တတိယခန်း : လုံ့လဝီရိယအပြည့်နှင့် အထက်တန်းကျောင်း ဘဝ

အချိန်မလောက်သူလေးတွေက အပေါ်ကအနှစ်ချုပ်လင့်ကနေဖတ်ပြီး အစအဆုံးဖတ်ချင်သူလေးတွေက ဆရာဗန်းမော်သိန်းဖေဘာသာပြန်ထားတဲ့ စာအပ်လင့်ကနေ သွားရာက်ဖတ်ရှုနိုင်ပါတယ်။

ရောင်နီ ( Book Review Sharing )

Keep Reading

ချေးများစေ့စပ်တဲ့သူစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးမရိုးတရိုးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း