Reviews by Benevolent
အကယ်၍ စာဖတ်သူက ကြေကွဲစရာ၊ ဒေါသနှင့် ဂန္ထဝင်ကျဆုံးသော အမျိုးသမီးဇာတ်ကြောင်းကို နှစ်သက်သူတစ်ဦးဖြစ်ပါက ဒီစာအုပ်က အားလုံး၏ နိမိတ်လက္ခဏာဖြစ်လိမ့်မယ်။ အလွန်သနားစရာ ကောင်းတဲ့ မြန်မာတောသူမလေးပန်းသာမစာဥ အသွင်ဖြင့် ဆရာကြီး သခင်ဘသောင်းက မြန်မာမှုပြုခဲ့ပြီး မြန်မာ့စာပေလောကတွင် မမေ့နိုင်လောင်အောင် စွဲလန်းကြသည့် ဝတ္ထုအဖြစ် သမိုင်းမှတ်တိုင်တစ်တိုင် ထူနိုင်ခဲ့တယ်။တကယ့်တော့ အရှိန်အဝါကြီးခဲ့တဲ့ ပန်းသာမစာဥဆိုတာ အင်္ဂလိပ်တောသူမလေး ၊လောကကြီးအကြောင်းကို ဘာမှ မသိနားမလည်ရှာဘဲလောကဓံလှိုင်းလေကြားတွင် ဒုက္ခ သုက္ခ မျိုးစုံနှင့်ကြုံတွေ့ခဲ့ရပြီး ကံမကောင်အကြောင်းမလှတဲ့ သနားစရာအပျိုစင် တစ်ဦးပင်ဖြစ်တယ်။အင်္ဂလိပ်စာရေးဆရာကြီး သောမတ်စ်ဟာဒီ မွေးဖွားပေးခဲ့တဲ့ ဒီဂန္တဝင် ဝတ္ထုတစ်ပုဒ်ဟာ ၁၈၉၁ မှစတင်၍ ယနေ့အချိန်ထိ ကမ္ဘာစာပေလောကတွင် ရသအမြောက်ဆုံးစာအုပ်တစ်အုပ်အဖြစ် တည်ရှိနေဆဲပါ။စာပေပညာရှင်အများက ဟာဒီကို သဘာဝကျသည့်အပြင် စိတ်ထိခိုက်စရာ ကြေကွဲစရာများဖြင့် ရေးလေ့ရှိတဲ့ အလွမ်းစာရေးဆရာကြီး လို့လည်းခေါ်ကြပါတယ်။
မိမိတွင် အပြစ်ကင်းစင်ပါလျက်နှင့် ကံကြမ္မာနှင့်ပတ်ဝန်းကျင်၏ ဖိစီးနှိပ်စက်မှု ဒဏ်များကို ခံရတဲ့ မိန်းမပျိုကလေးတစ်ဦး၏ ကြေကွဲဖွယ်ရာ ဘဝကို စာဖတ်သူများ စိတ်နှလုံးထိခိုက်အောင် ရင်နင့်ကာ တသသဖြစ်နေအောင် ရေးခြယ်ထားခြင်းတွေက စာရေးသူ၏ အစွမ်းထက်မြတ်မှုကြောင့် ဖြစ်သည်ဟု ဝေဖန်သူများက ဆိုကြတယ်။၁၉ ရာစု နှင့် ၂၀ ရာစု ခေတ်နှစ်ခေတ်၏ အမြင်နှစ်ရပ်ကို ဆက်သွယ်ပေါင်းစပ်ပေးခဲ့တဲ့ စာရေးဆရာအဖြစ် သောမတ်ဟာဒီ ကို စာပေပညာရှင်များကဘသတ်မှတ်ထားကြတယ်။သူ့အရေးအသားတွေက ဝိတိုရိယဘုရင်မခေတ်ဟန် နှင့် ရှေးဆန်သလို ဖြစ်နေသော်လည်း အတွေးအခေါ် နှင့်အယူအဆဘက်တွင် နှစ်ဆယ်ရာစုခေတ်၏ အမြင်အတွေး နှင့် အယူအဆများကို လက်ခံထားသော လူတစ်ယောက်ဖြစ် နေသည်ဟု ဆိုကြတယ်။ ပြင်းထန်သော ဝေဖန်မှုများရှိခဲ့တဲ့ ဒီဝတ္ထုဟာ အလွန်ပီပြင်ပြီး သက်ဝင်ခြင်းရှိလှပါတယ်။ ဝေဖန်မှုတွေက ဝတ္ထုထဲပါသည့် လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ အတွေးအခေါ် အယူအဆများကို သရော်ရှုတ်ချခြင်းမျိုးမဟုတ်၊ စာရေးသူ၏ ကံဝါဒီကြောင့်လည်း မဟုတ်ပြန်၊ အချစ်ရေးရာကိစ္စများကို ရဲရင့်ပွင့်လင်းသော တင်ပြမှုများကြောင့်သာ ဖြစ်တယ်။
▪️ဇာတ်ကွက်
မားလော့ရွာနေ ဂျွန်ဒူဘေးဖီးကို ဆွေကြီးမျိုးကြီးက ဆင်းသက်လာပါတယ်ဆိုပြီး သင်းအုပ်ဆရာတစ်ဦးရဲ့ အချွန်နဲ့ မမှုကနေဇာတ်လမ်းပေါက်ဖွားလာတယ်။ထို ဒူဘေးဖီးမိသားစုဘဝသင်္ဘာတွင် လိုက်ပါကြတဲ့ ခရီးသည်များက အကြီးဆုံးက တက်စ်၊မောင်အငယ် ကိုးနှစ်အရွယ် အေဘရာဟမ် ၊ဒုတိယကလေးညီမငယ် ဆယ့်နှစ်နှစ် သမီး အီလစ်ဇာလူတီဆာ(လစ်ဇာလူး) နောက်ဆုံးမှာ ဇာတ်ကို အဆုံးသတ်ပေးမည့်သူပေါ့ ၊ ကလေးငယ်ခြောက်ဦးက ဒူဘေးဖီး လူကြီးနှစ်ယောက်အပေါ် လုံးဝ အမှီပြုလျက်ရှိတယ်။တက်စ်က အကြီးဆုံး ၊မိသားစုကို အရမ်းချစ်တယ်၊ ချစ်တတ်လို့ တာဝန်အကုန်ယူတယ်၊ တာဝန်များတော့ ဝန်ပိလာတာပေါ့။အမြဲမူးနေတဲ့အဖေအလုပ်မလုပ်နိုင်တာ ကြောင့် တစ်ဘ် အမည်ရှိမြင်းမကြီးတစ်ကောင်နဲ့ ဈေးကို ပျားအုံသွားပို့ခဲ့ရတယ်၊ လမ်းခရီးမှာ မြင်းကြီးသေသွားတယ်၊ဒါကြောင့် အမေစေခိုင်းချက်အရ ဒူဘားဗီးလီး အမည်ရှိ လူကုံထံ မင်းစိုးရာဇာတစ်ဦး၏ အိမ်သို့ ဆွေမျိုးစပ်ရမည့် တာဝန်နဲ့ သွားတွေ့ရတယ်။အဲ့အချိန်က စပြီး အပြောင်းအလဲများစွာနဲ့ တက်စ်ဆိုတဲ့ အပျိုစင် တောသူမလေးဘဝ ဒုက္ခပင်လယ်နဲ့စတော့တယ်။
▪️ဇာတ်ကောင်စရိုက်
ဇာတ်ကောင်များက ကံဝါဒီသမားများ ဖြစ်ကြတယ်။ ကံတရား၏ ပြုပြင်မှုတစ်ခုတည်းကိုသာ မလွန်ဆန်နိုင်သည်မဟုတ်ဘဲပတ်ဝန်းကျင်၏ ဖိစီးပြုပြင်မှု ဒဏ်များကိုလည်း ကြံ့ကြံ့မခံနိုင်သည့် သဘောများရှိ ကြောင်း ဇာတ်ကောင်မှာတွေ့ရတယ်။ဝတ္ထုထဲတွင် ဇာတ်ကောင်နှင့် ပတ်ဝန်းကျင် သဟဇတဖြစ်မှုနှင့် မဖြစ်မှုကို အမြဲတစေ ဆက်စပ်၍ ဖော်ပြလေ့ရှိတယ်။ အဓိက ပြကွက်က ဇာတ်ကောင်များ လှုပ်ရှားသွားလာနေရသည့် ကမ္ဘာလောကြီးတွင် သုခဟူ၍မရှိ၊ အမြဲတမ်းဆိုသလို ဒုက္ခများဖြင့်သာ ပြည့်နေတယ်။ ဒုက္ခဆင်းရဲခြင်းက ရှေ့မှ ကြိုစောင့်နေသည့်ပုံစံမျိုးတွေကိုလည်းမြင်ရတယ်။
မားလော့ရွာသူရွာသားများ အဖို့တော့ မစ္စတာ ဂျွန်ဒူးဘေးဖီး၊ထို့သူက အပျိုစင် တက်စ် ၏ ဖခင်ဖြစ်ရုံသာမက အလုပ်ကိုလက်ကြောတင်းအောင် မလုပ်ချင်သော လူပျင်း လူဖျင်း တစ်ယောက်အဖြစ် အများက သမုတ်ခြင်းခံရသူလည်းဖြစ်တယ်၊ ခွန်အားဗလနှင့် ပြည့်စုံသူတစ်ယောက်ဖြစ်သော်လည်း အမြဲအရက်မူးပြီး အလုပ်ကသူကို အမှီပြု၍မရ၊ လုပ်ချင်ကိုင်ချင်စိတ်ရှိမှ ထားလိုက်တတ်သူ တစ်ယောက်။ဆွေကြီးမျိုးကြီး ဂုဏ်အပါ်တွင်သာယာစိတ် ဝင်မိသဖြင့် ဒုက္ခနှင့်လှလှ ကြီးကြုံခဲ့ရတယ်။
တက်စ် မိခင် မစ္စက် ဒူးဘေးဖီး(ဂျုံးဒူဘေးဖီး) အိမ်မှာ ရှိသမျှ အလုပ်များကို တစ်ဦးတည်း လုပ်နေရသော်လည်း ဘယ်သောအခါမှ စိတ်မဆိုးတတ်သူ၊ တစ်နေ့ ထူခြားမှု တစ်ခုပေါ်လာတယ်။စာအုပ်များကို ဘယ်အချိန်ယူကြည့်ကြည့် ၊ ကြည့်ပြီးလျှင်ပြီးချင်း နေရာတကျ ပြန်ထားရမည်၊စာအုပ်များကို ပစ်စလက်ခတ် မထားကောင်း ဟူသော အစွဲရှိသူတစ်ယောက်။အနာဂတ် ဟောဆိုချက် ဗေဒင်စွယ်စုံကျမ်းကြီးများကို အပတ်တကုန်းမကြည့်ဘဲ မနေနိုင်သူ။လောကကြီးထဲတွင် တက်စ်ကို အမိန့်ပေးနိုင်သူ ၊ဆိုဆုံးမနိုင်သူမှာ သူမတစ်ဦးတည်းသာရှိတယ်။အမိန့်တွေက တခါတစ်လေ မမှန်တတ်တာမျိုးရှိသလို ရှေးပြေးနိမိတ်တွေလည်း ဖြစ်နေတတ်တယ်။ ချမ်းသာချင်သူ တစ်ယောက်ဖြစ်ချင်တာကြောင့် သားသမီးတွေကို ဘာတွေ စေခိုင်းမလဲဆိုတာ စာအုပ်ထဲ ဖွင့်ကြည့်စေချင်တယ်။
နိုင်ဖဲကို အပိုင်ကိုင်ပြီး ကစားနိုင်ရင် စိုးရမ်စရာမရှိဘူး ယူဆထားသူက မသမာသူ အလက် (အလက်ဒူဘားဗီးလီး)၊ မတော်တဆ အပြုအမူခဏခဏ ဖန်တီးတတ်ရုံသာမက လိမ်ညာအနိုင်ယူတတ်သူတစ်ဦးလည်းဖြစ်တယ်။
အီမင်းစတားမြို့မှာ လူအကြည်ညို အလွန်များတဲ့ ဓမ္မဆရာ မစ္စတာဂျိမ်းကလဲရား ဒါမှမဟုတ် ဆင်းရဲသော တရားဟောဆရာ တွင် သားသုံးယောက်ရှိတယ်၊ပထမဇနီးနဲ့ သမီးတစ်ယောက်မွေးဖွားပြီး အသက်အရွယ်ကြီးရင့်မှ မမျှော်လင့်ဘဲ ဒုတိယအိမ်ထောင်နဲ့ သားသုံးယောက် ရခဲ့တယ်။
နွားနို့ညှစ်နည်းသင်ပေးတဲ့ မစ္စတာ အန်ဂျယ်ကလဲရား ဆိုတဲ့ အငယ်ဆုံးသားတစ်ယောက် ကလွဲပြီး အားလုံးက ဓမ္မဆရာတွေ အဖြစ် ရပ်တည်ကြတယ်။အန်ဂျယ်ကလဲရားက ဘယ်သူနဲ့မှ မတူအောင် ထူးခြားတဲ့ လူတစ်ယောက်တော့မဟုတ်၊ သူ့အကြောင်းနှင့်သူ စိတ်ဝင်စားစရာကောင်းသည့် အတွေးသမားလူရွယ်တစ်ယောက် ၊ သားသုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်ပြီး အမြင့်ဆုံးသော အတန်းပညာကို ထူးချွန်စွာတတ်မြောက်ထားသော်လည်း ဘွဲ့တစ်ခုမှ မရဘဲ ကျောင်းထွက်ခဲ့ရသူ တစ်ယောက်။မြို့ကြီးပြကြီးများများတွင် နေလိုစိတ် မရှိသလောက် သူ့စိတ်က ဖန်တီးပေးထားတယ်။ ဓမ္မဆရာ အလုပ်ကို မလုပ်လိုပါက ဘဝတိုးတတက်ရာ တိုးတက်ကြောင်းအတွက် လောကီနှင့် စပ်ဆိုင်သော သင့်တော်ရာ အလုပ်တစ်ခု လုပ်နေရတယ်။စာတိုက်မှ စာအုပ်မှာပြီးစာအုပ်များကို အလွန်ဖတ်တတ်သူ။စာဖတ်ဝါသနာကြီးပြီး ဂီတမြတ်နိုးသော အတွေးသမား။ဘုရားရှိခိုးကျောင်းနှင့် ဝတ်ကျောင်းများအတွင်း တရားနာခြင်းထက် အပြင် ဩကာသလောကအတွင်း တရားရှာခြင်းကိုသာ ပိုနှစ်သက်သူဖြစ်တယ်။အန်ဂျယ်ကလဲရားတွင် နှလုံးသား အရေးအခင်း ပြဿနာတစ်ခု ရှိတယ်။မျက်စိထဲဝယ် အချုပ်အနှောင် ကင်းမဲ့သော သဘာဝလောကကြီးအတွင်းမှ အလွန်ချစ်စရာ မြတ်နိုးစရာကောင်းသည့် အဖော်မွန်တစ်ဦးကို ရှာဖွေ နေသူတစ်ယောက်လည်းဖြစ်တယ်။ပင်ကိုစိတ်က နူးညံ့သိမ်မွေ့တယ်၊ တစ်ဖက်သားကို ချစ်ခင်သနားတတ်တယ်။ စိတ်၏ အလွန်နက်ရှိုင်းသော တစ်နေရာတွင် သန္ဓေတည်နေသော အလွန်မာကျောသည့် အရာ လေးတစ်ခုရှိတယ်၊ အဲ့အရာလေးက သဲမြေနုအတွင်း မြုပ်နေတဲ့ သတ္ထုကျောက်ကလေးနဲ့တူပါတယ်။ စိတ်ကို ထိခိုက်နာကျင်အောင် လုပ်သမျှ အရာရာတိုင်းအပေါ် အလွန်ခက်ထန် တင်းမာစွာဖြင့် ပြန်လည်တုံ့ပြန်တတ်သူတစ်ယောက်လို့ ပြောရမယ်။အစ်ကို ဖီးလစ် လက်ထောက်ဓမ္မဆရာနဲ့ ဆန့်ကျင့်ဘက်အမြင်တစ်ခုနှင့် ထိပ်တိုက်တွေ့လာလျှင် ဖခင်ထက် ပို၍သည်းခံနိုင်သယောင် ယောင် ရှိသော်လည်း တစ်ဘက်သားကို ခွင့်လွှတ်ဖို့ကျတော့ အဖေလိုသဘောထားကြီးကြီး နှင့်လွယ်လွယ်ကူကူ ခွင့်လွှတ်တတ်သော သဘောမရှိသူလည်းဖြစ်တယ်။ရုရှားဘုရင် မဟာပီတာနဲ့တူတယ်၊ မဟာပီတာ ဘုရင်က သင်္ဘောတည်ဆောက်မှုပညာရချင်လွန်းသဖြင့် သာမန်လူတစ်ယောက်အသွင်ဖြင့် သင်္ဘောကျင်ထဲဝင်ပြီး အလုပ်လုပ်ခဲ့ဖူးတယ်၊ အခု ဇာတ်လမ်းထဲက ဇာတ်ဆောင် အန်ဂျယ်လည်း သူတတ်သိနားလည်လိုသော ပညာတစ်ခုကို တတ်မြောက်လိုသောကြောင့် နေရာတစ်ခုကိုသွားခဲ့တယ်။အဲ့အရာက ဝတ္ထုအရှိန်မြင့်လာဖို့ ဖြစ်လာစေတယ်။
မိခင်က သာမန်နို့ညှစ်သမ တစ်ယောက်၊ တက်စ်ဆန္ဒကလည်း နို့ချက်ရုံမှ အလုပ်သမလေးအဖြစ်နဲ့သာ ဘဝကို ပြန်စချင်တယ်။အပျိုစင် ဆယ်ကျော်သက် တက်စ် ဒူဘေးဖီး အချောဆုံးအလှဆုံးမဟုတ်ပေမဲ့ အသက်ဝင်လှသော သန္တာရောင်နှုတ်ခမ်းနှင့် အပြစ်ကင်းစင်သော မျက်လုံးများက အခြားမိန်ကလေးများနှင့်မတူ ထူးခြားတယ်၊ အသက်အရွယ်က စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှမ်းနေသောအရွယ် ဖြစ်တယ်၊ အတွေ့အကြုံ ရင့်ကျက်သေးသည့် အရွယ်၊ ချက်ချင်း စိတ်ဆိုးပြီး ချက်ချင်း ပြေလွယ်သည့်အရွယ်၊ စကားကို သွက်သွက်လက်လက် ချက်ချက်ချာချာပြောတတ်တယ်။မိန်မချော မိန်းမလှ တောသူမကလေး တစ်ယောက်၊အင်မတန်သနားစရာကောင်းတဲ့ ရှီဘာဘုရင်မ တခါတစ်ရံတူတတ်တဲ့ တက်စ်ဟာ ပိုက်ကွန်နှင့်အုပ်၍ ဖတ်ထားခြင်းခံရသလို မလူးသာ မလွန့်သာ ဖြစ်နေရသည့်ဘဝက အခြောက်တိုက် စိတ်ကြီးဝင်ချင်တတ်သည့် ဖခင်၏ ညာဉ် ၊ လူကုံထံကိုမှ အထင်အမြင်ကြီးတတ်တဲ့ မိခင်၏ စိတ်ထားတွေ၊ အားလုံးကို ခြုံ၍ စဉ်းစားကြည့်မိပြီး အရာရာတိုင်းကို ဘဝင်မကျစရာချည်း ဖြစ်လာသူ၊ တနည်းအားဖြင့် လူကုံထံဆို နှာခေါင်းရှုံးချင်တတ်သည့် တက်စ် အကျင့်တွေနဲ့ တောသူမလေး။အပြစ်တစ်ခု ကျုးလွန်မိတယ် ခံစားရလို့ အမေခိုင်းတဲ့အတိုင်း မစ္စက် ဒူဘားဗီးလီး ဆိုတဲ့ မိန်းမကြီးကို သွားတွေ့ခဲ့ရတယ်။အဲ့အရာက သူမဘဝကို တောင်ကမ်းပါးယံထိပ်ကို တွန်းပို့လိုက်သလို အမည်းစက် ဖြစ်ခဲ့တယ်။ဖခင်လက်ခံထားတဲ့ ရှေးဒူဘားဗီးလီး မျိုးနွယ်ဝင်များက အချစ်ကြီးတတ်သော သဘောရှိတယ်၊ တတ်စ်လည်း အချစ်ပိုတတ်တယ်။ဒါပေမယ့် တက်စ်ဘဝဟာ အမည်းစက်တွေ များလှပါတယ်၊ ဘယ်ယောင်္ကျားမဆို တစ်နေ့ကျရင် စက်ဆုပ်ရွံရှာသွားနိုင်တဲ့ ဘဝမျိုးကိုသာ ပိုင်ဆိုင်ထားရတယ်။ ဘာအမည်းစက်တွေက...တက်စ်တို့ မိသားစုတို့အတွက် ရာသက်ပန် ပျက်စီးသွားနိုင်သည့် ဒုက္ခတစ်ခု ၊အလွန်ထိတ်လန့်စရာကောင်းသည့် ကံကြမ္မာဆိုးတစ်ခုဖြစ်လာရတာလဲ။
▪️ကျွန်တော်အမြင်
ရောဘတ်ဆောက်သ်၏ စကားလုံးများနှင့်သာ ပြောရမယ် ဆို "ဘဝပျက်မှုနှင့် မေတ္တာမျှခဲ့မိခြင်း" လို့ပြောရမယ်။အတိတ်ကရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်၏ အမာရွတ်တွေက အရိပ်သဖွယ် သွားလေရာလိုက်ပြီး ခြောက်လှန့်နေသော တစ္ဆေသရဲနဲ့တူတယ်။အသနားခံရ ၊တောင်းပန်ရ ခြင်းတွေဟာ သူနဲ့အတူ မွေးဖွားခဲ့သည့်ဟု ထင်ရတယ်။သရော်သမျှ၊ ရှုတ်ချသမျှကို ခေါင်းငုံ့ခံ၍ ပစ်ပစ်ခါခါ အပြစ်တင်ခံရတယ်၊ ဝမ်းနည်းစရာ ကောင်းတဲ့အဖြစ်အပျက်၊ အနိဌာရုံအမျိုးအစားတွေက အများရဲ့ မကောင်းမြင်တဲ့အပြင် ဟားတိုက်မေးငေါ့ ရယ်မောခြင်းသာခံရတယ်။
မိဘနဲ့ သားသမီးကြားတွင် နှစ်ပေါင်းတစ်ရာနီးပါးရှိတဲ့ ရှေးရိုးဆန်တဲ့ အယူအဆ နဲ့ ပြောင်းလဲလာတဲ့ ခေတ်လူငယ်အတွေး ကွာဟမှုတွေရှိတယ်၊၊တနည်းအားဖြင့် နှစ်ဦးသားမျက်နှာချင်ဆိုင်မိလျှင် အယ်လီဇဘက် ဘုရင်မခေတ် နှင့် ဝိတိုးရီးယား ဘုရင်ခေတ် ဟူသော ခေတ်နှစ်ခေတ် ၏ သဘောထားအမြင်တွေနဲ့အိမ်တွင်းပဋိပက္ခ ပေါ်လာသလိုမျိုးပဲ။ နားလည်ရန်ခက်ခဲသည့် ကိုယ်ပိုင်အတွေးအခေါ် ၊ ကိုယ်ပိုင်အယူအဆ နှင့် ကိုယ်ပိုင်ဓလေ့ထုံးစံများရှိကြတယ်။ ကိုယ့်ကျင့်တရား နှင့် ပတ်သက်လာရင်တော့ ကိုယ့်အမြင် ကိုယ့်ကောင်းသည့် ထင်ရာကို လုပ်တတ်ကြတယ်။အသိအမြင် မှောက်မှားမှုက လျှပ်စီးသဖွယ် ဝင်းခနဲ့ လက်ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီ ဝင်းခနဲ လက်သွားသော လျှပ်စီး၏ နောက်မှ ပေါ်လာသည့် အအေးဒဏ် ကိုတော့ တစိမ့်စိမ့် ခံစားနေရလိမ့်မယ်။
တဖက်တွင် သာယာပျော်ရွှင်မှုကို အပြည့်အဝရရန်ကြုံရသော်လည်း တဘက်တွင် ဆင်းရဲဒုက္ခကို ပြင်းစွာခံရတယ်။အတိတ်က အရိပ်တစ္ဆေ အမြဲတစေ အသစ်တစ်ဖန် ပြန်၍ပေါ်လာပြီး ခြောက်လှန့်ခြင်းကို ခံနေရသူ တက်စ်ဘဝလိုဘဲ ဒုက္ခ နှင့် သုခကြားတွင် ညှပ်ပူးညှပ်ပိတ် မိနေသည့် ဘဝ တစ်ခုတွင်းကျင်လည်နေရတတ်တယ်။စိန်တစ်လုံးတောင်မှ တိုက်စားတာ ခံရဖန်များရင် ကြေမွပျက်ပြုန်းသွားရတတ်တယ်။ဒီစာအုပ်ထဲမှာ ပါတဲ့ ဇာတ်ကောင်အများစုက မြစ်ရေပြင်တွင် အလိုက်သင့် မျောပါနေကြတဲ့ အလွန်ညင်သာသယောင် ရေစီးမျှသာ ဖြစ်တယ်၊ မြစ်ပြင် အပြင်ဘက်တွင် အလွန်ကြီးမား ရှုပ်ထွေးလှတဲ့ စွမ်းအင်သဘောတရားအမြင်ကို သိကြသူများတော့ မဟုတ်။ သမုတိသစ္စာ နှင့် ထာဝရ သစ္စာ ခြားနားမှုကိုသိသူများလည်းမဟုတ်ပြန်၊ လောကကျဉ်းကျဉ်းကလေးထဲမှ သင်ယူရနေပြီး အပြင်ကမ္ဘာလောကမှ အတွေးအခေါ်များနှင့် များစွာ ခြားနားကြောင်းကိုလည်း နားလည်းပေးနိုင်သူများလည်းမဟုတ်ပြန်ပါဘူး။ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာအတွေးအခေါ်တွေအများကြီးပါတဲ့အပြင် အချစ်အမုန်း ဘဝရသတွေနဲ့ ပြည့်နှက်နေတဲ့ စာအုပ်လေးတစ်အုပ်ပါ။
ဒီဝတ္ထုဟာ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှု အမျိုးအစားကို ထောက်ခံအားပေးဖို့ အသုံးပြုတဲ့ ဝတ္ထုတစ်ပုဒ်လို့ ကျွန်တော်မြင်ပါတယ်။ ထိုခေတ်ထိုအချိန်ကသာမက ယနေ့ခေတ်အမျိုးသမီးများစွာအတွက်ပါ အသုံးချနိုင်သော ဘဝအတွေ့အကြုံများစွာရှိသော်လည်း စာပေအသုံးအနှုန်းအဆင့်အတန်းက မိခင်သဘာဝ၏ရုပ်ပိုင်းဆိုင်ရာထင်ရှားမှုကို ပိုမိုထင်ရှားစေတယ်။“ကံကြမ္မာက ပြောင်းလဲလို့ မရပါဘူး” ဆိုတဲ့အတိုင်း ငယ်ရွယ်နုပျိုလှသော မိန်းမပျိုလေးတစ်ဦးဖြစ်ပြီး ခက်ခဲကြမ်းတမ်းသော ဘဝဖြစ်ရပ်မှန်များစွာကို တွေ့ကြုံခဲ့ရသော်လည်း သူမသည် သည်းခံနိုင်စရာများစွာရှိသော်လည်း သူမ၏မိသားစုအတွက် စိုးရိမ်စရာအားလုံးကို ခေါင်းခံပေးခဲ့တယ်။ ဒီဝတ္ထုက စာဖတ်သူကို ကလေးလို ငိုစေနိုင်တဲ့အကောင်းဆုံးဝတ္ထုတွေထဲက တစ်အုပ်ပါပဲ။ကံကြမ္မာ၊ သေဆုံးမှု၊ လူတန်းစားနှင့် ကျားမမညီမျှမှုဆိုင်ရာ လေးနက်သောအကြောင်းအရာအချို့နဲ့လက်ရမြောက်တဲ့စာအုပ်ပါ။ စာအုပ်ထဲတွင် လေထန်ကုန်း (Wuthering Heights) ကို မှုတ်သွင်းထားပြီး လေရူးသုန်သုန်(Gone with the Wind )က လှုံ့ဆော်ပေးသလို ခံစားရပါလိမ့်မယ်။
အမြင်အာရုံကို ကပ်ငြိတွယ်စေတဲ့စာအုပ်ကိုဖတ်ကြည့်စေချင်ပါတယ်။
Please Telegram ?
https://t.me/reviewsbybenevolent
Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi
စာဖတ်ခြင်းက အတွေးကို လွတ်လပ်စေတယ်။?
Benevolent Guy
Keep Reading