Author's Profile Photo

Moe

20/07/2024

မတူသောအမြင်

1 min read
Personal Development
General Knowledge
မတူသောအမြင်'s photo


ညီအစ်ကိုနှစ်ယောက်ရှိသည်။

တစ်ယောက်က ဆေးသမားဖြစ်ပြီး၊ အရက်လည်းသောက်သည်။
သူ့တွင် အိမ်ထောင်ရှိသည်။
အိမ်ထောင်ရေး ကလည်း အဆင်မပြေ။
မိန်းမနှင့် ကလေးများကို မကြာခဏရိုက်နှက်တတ်သဖြင့် အလွန်စိတ်ညစ်စရာကောင်း သော အိမ်ထောင်တစ်ခုဖြစ်နေသည်။

အခြားတစ်ယောက်မှာ အလွန်အောင်မြင်သော စီးပွားရေးသမားတစ်ယောက်ဖြစ်နေသည်။
သူ့ကို လူတိုင်းက လေးစားချစ်ခင်ကြသည်။
သူ့ထံတွင်လည်း အိမ်ထောင်နှင့် ကလေးများရှိသည်။
သူသည် မိသားစုကို အလွန် ချစ်ခင်ပြီး သာယာသည့် အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

ညီအစ်ကိုနှစ်ယောက်ဖြစ်နေသော်လည်း အခြေအနေတွေက မိုးနှင့်မြေလို ကွာခြားကြသည်။
လူတွေက သူတို့ ညီအစ်ကိုနှစ်ယောက်အကြောင်းကို အလွန်စိတ်ဝင်စားကြသည်။ တစ်မိတည်းသားချင်း ဖြစ်သော်လည်း အဘယ်ကြောင့် အကျင့်စာရိတ္တရော၊ အနေအထားတွေပါ ကွာခြားနေရသနည်းဆိုခြင်းကို စူးစမ်းလေ့လာကြ သည်။

တစ်နေ့တွင် အရက်သမား၊ ဆေးသမားကို

“ခင်ဗျား ဒီလိုအခြေအနေမျိုး ရောက်လာအောင် ဘယ်သူက လုပ်လိုက်တာလဲဗျ” ဟုမေးကြည့်ကြသည်။

ထိုသူက

“ကျွန်တော့်အဖေပေါ့” ဟုဖြေသည်။

“ဘာ ခင်ဗျားအဖေဟုတ်လား။
ခင်ဗျားအဖေက ခင်ဗျားကို ဒီလိုအခြေအနေမျိုးရောက်အောင် လုပ်ပါ့မလား”

“ကျွန်တော့အဖေကလည်း အရက်သမား၊ ဆေးသမားလေ။
သူလည်း ကျွန်တော့်အမေကိုရော၊ ကျွန်တော် တို့ကိုပါ မူးလာရင် ရိုက်တော့တာပဲ။
အရက်သမား၊ ဆေးသမားသားကို ခင်ဗျားတို့က ဘာတွေများ မျှော်လင့် နေသလဲဗျ။ ကျွန်တော်က ကျွန်တော့်အဖေ ခြေရာနင်းတာလေ ဘာဖြစ်သလဲ” ဟု ဖြေသည်။

နောက်တစ်ယောက်ကို မေးကြည့်ကြပြန်သည်။

“ခင်ဗျားညီအစ်ကိုတော်တစ်ယောက်ကတော့ ဆိုးပါ့ဗျာ။
အရက်လည်းသောက်၊ ဆေးလည်းချ၊ မိသားစုလည်း နှိပ်စက်နဲ့။
ဒါပေမဲ့ ခင်ဗျားကျတော့ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ရုံမက မိသားစု အပေါ်လည်း အလွန်စောင့်ရှောက်တာပဲ။
ညီအစ်ကိုချင်းတွေ ဖြစ်နေပါလျက်နဲ့ ဘာဖြစ်လို့များ အဲဒီလောက် ကွာခြား နေရတာလဲ။ ခင်ဗျားဘာကြောင့် အောင်မြင်နေရတာလဲ”

သူကဖြေလိုက်သည်မှာ

“အဖေ့ကြောင့်ပေါ့ဗျာ” ဟူ၍ဖြစ်သည်။

“ခင်ဗျား ညီအစ်ကိုကလည်း အဖေကြောင့်လို့ပဲ ဖြေတယ်။
တစ်ယောက်က အဖေကြောင့်လို့ပြောပြီး ဘဝပျက်နေတယ်။
ခင်ဗျားကတော့ အဖေကြောင့်လို့ပြောပြီး ဘာဖြစ်လို့ အောင်မြင်နေရသလဲ”

“ကျွန်တော့်အဖေက ကျွန်တော်တို့ငယ်ငယ်လေးတုန်းက အိမ်ကိုပြန်လာတိုင်း မူးနေတာဗျ။ မူးရုံတင်မကဘူး။
ကျွန်တော်တို့ကိုလည်း ရိုက်တော့တာပဲ။
သူ့ကိုကြည့်ပြီးတော့ ကျွန်တော်တော့ အလွန်စိတ်ပျက်တယ်။
ဒါကြောင့် ငါကြီးလာရင် ငါ့အဖေလို ဘယ်တော့မှမဖြစ်စေရဘူးလို့ ဆုံးဖြတ်ပြီး ကျွန်တော့်အဖေလို မဖြစ်အောင် ကြိုးစားရင်းနဲ့ ဒီလိုဖြစ်လာတာပဲဗျ” ဟု ဖြေသည်။

ဆိုးသော၊ မူးသောအဖေကိုကြည့်ပြီး သားနှစ်ယောက်၏ မတူသော ခံယူချက်နှင့် ကြိုးစားလုပ်ဆောင်မှုများ ဖြစ်သည်။

တစ်ဦးက မကောင်းတာကို မကောင်းတာဟုမြင်ပြီး မကောင်းအောင် ကြိုးစားသည်။

တစ်ဦးက မကောင်းတာကို အကောင်းမြင်ပြီး သူ့ကိုယ်သူ ကောင်းအောင် ကြိုးစားတည်ဆောက်သည်။

ကျောင်းဆရာဘဝက ကျေးညီနောင်ပုံပြင်ကို သင်ရသည်။
ပတ်ဝန်းကျင်ကိုလိုက်ပြီး လိမ္မာသောကျေး၊ ရိုင်းစိုင်းသောကျေးဟူ၍ ဖြစ်သွားရသည်အကြောင်းဖြစ်သည်။

ယခုပုံပြင်က ထိုပုံပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုတည်းတွင် ပညာတည်းဟူ တွေးခေါ်စဉ်းစားဉာဏ်က ဘဝကို မတူအောင် ပြောင်းပေး နိုင်သည်ဆိုခြင်းကိုပြသည်။

အမြင်ကောင်းမှ အကောင်းမြင်နိုင်သည်။

သူ့လို ငါမလုပ်

သူ့လို ငါမယုတ်

သူ့ထက်တော်အောင်၊ သူ့ထက်ကောင်းအောင် ငါကြိုးစားမည်ဆိုသော သူတော်ကောင်းစိတ်ထားရှိသူတွေကို မွေးထုတ်နိုင်မှ တိုင်းပြည်အနာဂတ်လှပမည်။

#Moe
ကိုးကာချက် - Naing Win Tun

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း