Author's Profile Photo

My Life's Corner

20/07/2024

ဘ၀

1 min read
Personal Development
General Knowledge

ကျွန်မ အမျိုးတစ်ယောက်ရဲ့ နာရေးတစ်ခုကို လိုက်ပို့ခဲ့တယ်....။

သံဝေဂဆိုတဲ့ စကားလုံးလှလှလေး ကျွန်မနဲ့အတူ ကပ်ပါလာခဲ့တယ်...။

လမ်းက အပြန် ဈေးကို ဝင်ခဲ့တယ်။
လောကသဘောကို နားလည်ခြင်းဆိုတဲ့ အသိ ကျွန်မနဲ့ ကပ်ပါလာခဲ့တယ်။

လူတစ်ချို့က ရှင်လျက် သက်ရှိ၊
လူတစ်ချို့က သေဆုံးလျှက် သက်မဲ့။

လူတစ်ချို့က ရယ်မောလျှက်
လူတစ်ချို့ကတော့ ငိုကြွေးလျှက်။

အထည်ဆိုင်ကို လှမ်းကြည့်မိတော့
လူတွေ ကြိတ်ကြိတ်တိုးစွာနဲ့ ပြုံးရယ်ပျော်ရွှင်ပြီး သူတို့ရဲ့ သက်ရှိ ကိုယ်ခန္ဓာကို မလှ လှအောင် အဝတ်ဆင်မြန်းဖို့ အားထုတ်နေကြတယ်။ လူတွေရဲ့ သေဆုံးခြင်းကို မေ့လျော့နေတဲ့ လောဘ တဏှာကို မြင်ရတယ်။

စားသောက်ဆိုင်ကို လှမ်းကြည့်မိတော့ "ရှင်သန်ဖို့ စားသောက်နေရတာထက် စားသောက်ဖို့ ရှင်သန်နေ" ကြတဲ့ လူတွေကို သွားတွေ့တယ်။

ဈေးရောင်းရင်း အော်ဟစ်ပြောဆို ရန်ဖြစ်နေကြတဲ့ လူတစ်ချို့ကိုလဲ မြင်လိုက်ရတယ်၊ သူတို့ဘာအတွက်နဲ့ ပူလောင်နေကြတာလဲ?

အဲ့ဒီပုံရိပ်တွေနဲ့ အတူ ကျွန်မလေ ခုန နာရေးက သဂြိုလ်စက်ထဲကို ထည့်လိုက်ရတဲ့ အလောင်းကို ပြန်မြင်ယောင်ကြည့်မိတယ်...။

ပိုက်ဆံဆိုတာ သေဆုံးချိန်မှာ စိတ်အေးချမ်းမှုလောက် တန်ဖိုးမရှိတော့...။

လှခြင်း ချောခြင်း ဆိုသည်မှာလဲ သေဆုံးချိန်မှာ ပကာသန သက်သက်သာ...။
ကိုယ်ဘယ်လောက်ပဲ လှခဲ့ လှခဲ့ ချောခဲ့‌ ချောခဲ့ သေဆုံးသွားတော့ "အလောင်း" ဆိုတဲ့ လူတွေမနှစ်မြို့တဲ့ နာမည် အော်တို တပ်ခဲ့လိုက်ရတယ်။

ချစ်ခဲ့ရ ‌ကြိုက်ခဲ့ရတဲ့ သူတွေဟာလဲ သေဆုံးချိန်မှာ မကူနိုင်၊ မကယ်နိုင်တော့။ တချို့ဆို ကိုယ့်က ကိုယ်ထင်ပြရင်တောင် "သရဲ" ဆိုပြီးတော့တောင် ကြောက်နေလိုက်ကြသေးတာ။

တချို့က သူတို့ကို ကိုယ်က ပျော်အောင် ကြည်နူးအောင် လုပ်ပေးနိုင်လို့သာ ချစ်ကြတာ၊
သူတို့ကို စိတ်ညစ် စိတ်ဆင်းရဲအောင် ဆက်တိုက်လုပ်ကြည့်ပါ၊ သင့်အပေါ် ချစ်တယ်ဆိုတာတွေဟာ ဘာမှ မဟုတ်တော့ပါ။ အချစ်ရဲ့ ရင်းမြစ်အစကို ကြည့်ကြည့်ပါ အားလုံး ကိုယ့်အတ္တ ကိုယ့်တပ်မက်မှုကြောင့်သာ စကြတာ၊ ကျွန်မ ဒီလိုပြောတာ မှားချင်ရင်လဲ မှားမယ်
မှန်ချင်ရင်လဲ မှန်မယ်၊ ဒါပေမယ့် တစ်ခုရှိတာက တချို့ကိစ္စတွေဆိုတာ အမှားအမှန် ပိုင်းခြားဖို့ဆိုတာ မဖြစ်နိုင်တာများတယ်။

ထားပါ၊ ဒီစာရဲ့ ဆိုလိုရင်းကတော့

အားလုံးက သေဖို့ မွေးဖွားလာကြတယ်ဆိုတာ မမေ့စေချင်ပါဘူး။
အတတ်နိုင်ဆုံး ဘာမှ အဖိုးမရှိတဲ့ လောဘ ဒေါသ မောဟ တွေကို လျှော့စေချင်တယ်။

အခု ပိုင်ဆိုင်နေရတဲ့ ကိုယ် ကိုလဲ "ငါ" ဆိုပြီး အမြဲတမ်း အတ္တ မစွဲနေစေချင်ဘူး၊ ဘာလို့ဆို တစ်နေ့ သင် ဒီခန္ဓာကို မထားသွားချင်ဘူးဆိုလဲ ထားသွားရမှာပါပဲ...။

ချစ်ခြင်းရဲ့ တွယ်တာမှု နှောင်ကြိုးများမှလဲ ကင်းဝေးစေချင်ပါတယ်၊ တစ်နေ့ ကိုယ် မဖြတ်တောက်‌ချင်ရင်တောင် ဖြတ်တောက်ပစ်ခဲ့ရမယ့် ကြိုးတွေ ချည်းပါပဲ...။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား ကြားကာလမှာ လောဘ၊ တဏှာ၊ မောဟ၊ အတ္တ၊ စိတ်ပူလောင်မှုများ လျှော့ချပြီး အေးမြတဲ့ မေတ္တာဓာတ်၊ ‌သေလျှင် ကိုယ့်နောက် ပါမယ့် ကုသိုလ်ဓာတ်၊နဲ့ သီလ သမာဓိ ပညာနဲ့ အသက်မွေးပြီး ကိုယ်ချင်းစာစိတ်ကလေးတွေနဲ့ လောကမှာ ကျင်လည်နိုင်ကြပါစေ။

အဓိက နဲ့ သာမညကို ခွဲခြားနိုင်ကြပါစေ။

လူလူချင်း ချစ်ခင်နိုင်ကြပါစေ။

နူးညံ့ ရိုးဖြောင့်စွာ နေထိုင်နိုင်ကြပါစေ။

#SPPZ
#SeeMyLifeCorner

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း