Youth’s Book Reflections
ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာကနေ ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို လှမ်းမြင်လိုက်ရတယ်။ဆရာဒဂုန်တာရာက သူကြုံကြိုက်ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ရုပ်ပုံကို စကားလုံးတွေနဲ့ သရုပ်ဖော်မှတ်တမ်းတင်သွားတယ်။ ဗိုလ်ချုပ်အပါအဝင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လို နိုင်ငံရေးသမားတွေ ထင်ရှားတဲ့စာရေးဆရာတွေ ဂီတပညာရှင်တွေ ပန်းချီဆရာတွေရဲ့ ရုပ်ပုံတွေကို စာပန်းချီခြယ်သထားတဲ့ ဆရာဒဂုန်တာရာရဲ့ လူကိုလေ့လာခြင်း(သို့)ရုပ်ပုံလွှာ….
ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ဆရာဒဂုန်တာရာအမြင်က ရှင်းရှင်းပဲ အရိုင်းတဲ့။ သူရေးစဉ် ၁၉၄၆ ခုနှစ်ဆိုတာ ဗိုလ်ချုပ်ရဲ့ ဩဇာအလွှမ်းမိုးဆုံးကာလတွေပေါ့။ဒီလိုချိန်ကြီးမှာ ဒဂုန်တာရာက အောင်ဆန်း(သို့)အရိုင်းလို့ ပေါ်ပေါ်ထင်ထင်ကို ခေါင်းစဉ်တပ်လိုက်တာ။ ဗိုလ်ချုပ်တုံ့ပြန်တာကတော့-
“ဌေးမြိုင်ကတော့ ကိုယ့်ကိုအရိုင်းလို့ရေးတယ်။ ကိုယ် ဒီလောက်လည်း မရိုင်းသေးပါဘူးကွာ”တဲ့။ဒီလောက်ပဲ။
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့ထဲက ဗိုလ်ချုပ်ရဲ့လက်ရုံးတစ်ဆူလို့သတ်မှတ်ထားတဲ့ဗိုလ်သိမ်းဆွေ ပြုစုပြီး သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် တည်းဖြတ်ခဲ့တဲ့စာအုပ်ထဲမှာ ဗိုလ်ချုပ်ကိုယ်တိုင်ရေးထားတာဖတ်ရတယ်။ စာထဲမှာ သူ့ငယ်ဘဝကို လေ့လာကြည့်မယ်ဆိုရင် ဗိုလ်ချုပ်က ထင်သလောက် အရိုင်းကြီးလည်းဟုတ်မနေဘူး။ စာပေအနုပညာဂီတကို သဘောကျခဲ့ဖူးတယ်။သို့သော်လည်း ပတ်ဝန်းကျင်ခေတ်အခြေအနေ အကြောင်းတရားတွေအရ နိုင်ငံရေးကိုပဲ နှောင်းပိုင်းမှာ အလေးပေးသွားတယ်။
ဆရာဒဂုန်တာရာလိုပဲ အချက်အလက်
အတွက် တခြား စာမူပေးပို့သူတွေမှာလည်း ဗိုလ်ချုပ်ကိုရှုမြင်ကြပုံ တူတယ်။ဒီလို အပြုံးအရယ်နည်းပြီး မှုန်သုန်နေတဲ့ မျက်နှာအောက်မှာ နိုင်ငံအတွက် စိတ်ကို စက္ကန့်ပိုင်းလေးမျှ အနားမပေးဘဲ တိုက်ပွဲဝင်နေခဲ့တာကို သတိထားမိတယ်။ စားဝတ်နေရေးလောက်အရေးမကြီးပါဘူး ဆိုတာလေး တလောကခေတ်စားသေးတယ်။ဗိုလ်ချုပ်ကတော့ မြန်မာ့လွတ်လပ်ရေးလောက် အရေးမကြီးပါဘူး လို့ ပြောမယ့်လူမျိုးဗျ။ သူ့စိတ်က အစဉ် လွတ်လပ်ရေးကိုပဲ အာရုံစိုက်နေတော့ ဒဂုန်တာရာတို့လူစု အချစ်သီချင်းတွေ ဆိုကြတီးကြတာကိုတောင် ကြည့်ရခက် နားထောင်ရခက်လာလို့ ထုတ်ပြောသွားတာကြည့်ပြီး ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အတွက်စေတနာကိုကြည်ညိုမိတယ်။ တချို့က နိုင်ငံရေးလုပ်ရင်း ကိုယ့်ဖက်ကိုယ်ယက် ကြတယ်။အတ္တသဘောကတော့ လူမှန်ရင်မကင်းကြတာချည်းပဲပေါ့။ဒါပေမဲ့ အများအတွက် ပိုအနစ်နာခံခဲ့တဲ့လူတွေ အာဇာနည်တွေ ခေါင်းဆောင်တွေထဲမှာ ဗိုလ်ချုပ်ကို ဖယ်ချန်ထားလို့ရမယ်မထင်ဘူး။စကားကြမ်းတွေ ခက်ထန်တဲ့အမူအရာတွေရဲ့ နောက်မှာ ဗိုလ်ချုပ်ရဲ့စိတ်ရင်းစေတနာတွေကိုမြင်ရတယ်။ဒါကြောင့်လည်း ဗိုလ်ချုပ်ကို လူထုက ကြည်ညိုတာလို့ထင်တယ်။(ဗိုလ်ချုပ်နေရာမှာ သာမန်လူတစ်ယောက်သာဆိုရင်တော့ ရိုက်ပေါက်ပေါ့ဗျာ?)
ဗိုလ်ချုပ်ရေးတဲ့စာမှာ ဗိုလ်ချုပ်က သူ့ကိုယ်သူ မြှောက်ပင့်မရေးဘူး။ သူ့ငယ်ဘဝဖြတ်သန်းမှုကို ရိုးရိုးသားသားရေးထားတယ်။ ပေပေတေတေ၊မဟုတ်မခံ၊အမြှောက်ကြိုက်ပြီးခပ်တည်တည်နေတတ်တဲ့ အနာဂတ် ပြည်သူ့ခေါင်းဆောင်တစ်ယောက်ရဲ့ပုံစံကို မြင်ရမယ်။ မျိုးရိုးကကို ဆင်းသက်လာတဲ့ ထက်မြက်တဲ့ဉာဏ်ပညာနဲ့ရဲရဲတောက်ဇာတိမာန်က ငယ်စဉ်ပုံရိပ်မှာကို ထင်ရှားတယ်။ ဆင်းရဲသားအဖိနှိပ်ခံလူတန်းစားဘက်က ရပ်တည်ရဲတဲ့အပြင် တချို့ အယူအဆတွေကိုတော်လှန်ချင်တဲ့စိတ်က အပြည့်။သူ့ရင်ထဲက စိတ်ကူးအတွေးအမျှင်ပါမကျန် ဖော်ထုတ်ပြတယ်။
ဒဂုန်တာရာက ဗိုလ်ချုပ်က စိတ်လိုက်မာန်ပါလုပ်တတ်သူမျိုးလို့ ရေးတယ်။ ဒါ့အပြင် သူက ဗိုလ်ချုပ်နဲ့ဆက်ဆံရေးကိုလည်း ဖော်ပြထားသေးတယ်။
“သူနှင့်ကား ရင်းနှီး၍မဖြစ်။ သူသည် ရင်းနှီး၍ရသော လူစားမျိုး မဟုတ်။ နိုင်ငံရေး အတူတူတွဲဖက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂ နိုင်ငံရေးကိုသာ တစ်ဖက်သတ်မလိုက်။ စာပေကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူ ကား နိုင်ငံရေးသမားသက်သက် ဖြစ်သည်။” နိုင်ငံရေးကိုပဲ တစိုက်မတ်မတ် စိတ်နှစ်ထားတတ်တဲ့သူဆိုတဲ့ လေးစားဖွယ်ပုံရိပ်ပေါ်လာတယ်။
မြန်မာ့လွတ်လပ်ရေးဗိသုကာလို့ တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းသေချာမသိခင်က အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးအနေနဲ့ အလေးပြုခဲ့တယ်။အခု အတ္ထုပ္ပတ္တိအပြင် ဆရာဒဂုန်တာရာရဲ့ ရှုထောင့်က ဖတ်ပြီးတဲ့နောက်မှာ လူထုထဲက လူတစ်ယောက်၊ပြည်သူလူထုနဲ့တစ်သားတည်းဖြစ်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်၊ကိုယ့်ဘဝကိုစတေးပြီး နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့တဲ့ အမျိုးသားအာဇာနည် ကို ဂုဏ်ယူပြီးလေးစားကြည်ညိုစိတ်နဲ့ ဆထက်တိုးလို့ နှမြောတသလွမ်းဆွတ်စွာနဲ့ အလေးပြုပါသည်ခင်ဗျာ။
Keep Reading