Youth’s Book Reflections

……….…………………………………..
တက်ခေတ်နတ်ဆိုး၊တက်ဘုန်းကြီး…။ငယ်ငယ်ကတော့ စာထဲပါလို့ ဆရာသိန်းဖေမြင့်ရဲ့ လက်ရာတွေမှန်းနာမည်ကြားရုံကြားဖူးခဲ့တယ်။အခုရေးမှာကတော့ တက်ခေတ်နတ်ဆိုးဆိုတဲ့စာအုပ်လေးအကြောင်းပါ။
ဆစ်ဖလစ်(ကာလသားရောဂါလို့လည်းသိကြတဲ့)ရောဂါနှင့်ပတ်သက်ပြီး သိမှတ်ဖွယ်ရာ ဆင်ခြင်ဖွယ်ရာ အဖြာဖြာကို အချစ်ဇာတ်လမ်းလေးတွေနဲ့ နှလုံးအိမ်ထဲ အသာသိပ်ထည့်ပေးလိုက်ပါတယ်။
ညွန့်မောင်ဆိုတဲ့ ရိုးသားကြိုးစားတဲ့ အစိုးရအရာရှိလေးဟာ အထွေးဆိုတဲ့ ပျဉ်းမနားမြို့မျက်နှာဖုံးသမီး “အထွေး”ကိုသဘောကျတာနဲ့ စထားပါတယ်။သွားလည်းဒီစိတ် စားလည်းဒီစိတ်နဲ့ညွန့်မောင်ဟာ အထွေးကိုရူးမူးစွဲလမ်းနေပါတယ်။အထွေးကလည်းကြိုးရှည်ရှည်နဲ့လှန်ထားပါတယ်။ဒီလို မေတ္တာအသွားအပြန်ရှိတဲ့ဇာတ်လမ်းလေးနဲ့စထားပြီး စာဖတ်သူကိုဆွဲဆောင်ထားပါတယ်။
မရေရာတဲ့အကြောင်းအမျိုးမျိုးကြောင့် အထွေးနဲ့ဖူးစာမဆက်ခဲ့လေတော့ သူစစချင်း စာမျက်နှာမှာအစချီထားသလို ညွန့်မောင် အရက်ရက်အလလမျှော်မှန်းထားရတဲ့ မျှော်လင့်ချက်ဆိုတဲ့တောင်ကြီးဟာ အမှုန်အမွှားအဖြစ်ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ စိတ်ညစ်ညစ်နဲ့ အပေါင်းအသင်းရဲ့“မ”မှုနဲ့ လူရိုးလေးညွန့်မောင်ဟာ စိတ်ညစ်ပျောက်လိုပျောက်ငြား မိန်းမလိုက်စားပါတယ်။
မိန်းမရွှင်တွေရဲ့ မာယာကို ပျားသကာထင်တဲ့ ညွန့်မောင်ဟာ သူတို့ရဲ့အလိမ်အညာမှာသာယာမိပြီး အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိပါတယ်။အလုပ်လည်းမလုပ်နိုင်ဘဲ မိန်းမလိုက်စားနေတာ ရှန်ကာဆိုတဲ့ ဆစ်ဖလစ် ရှေ့ပြေးလက္ခဏာတွေဖြစ်လာလေပြီ။ဆီးပူညောင်းကျ(Gonorrhea)၊ကိုယ်ခံအားစနစ်ပျက်ဆီးတာ စတာတွေ ခံစားလာရပါတယ်။အဲ့လိုနဲ့ ဆေးရုံရောက်သွားတဲ့ညွန့်မောင် ဆေးကုသခံရင်း
ဆေးရုံတက်စဉ်အတွင်းမှာ ဆစ်ဖလစ်ပိုးကြောင့် ဖိုးကြာ(ပြောင်းပြန်)ခဲ့ရတဲ့ သူတွေရဲ့ အတိတ်က အဖြစ်တွေပြောပြကြပါတယ်။ဆစ်ဖလစ်ပိုးဟာ အချိန်မီမကုသနိုင်ရင် ဆိုးဆိုးရွားရွား ခံရနိုင်ပါတယ်။သူဟာ လူရဲ့ အသွေးအသားကိုစားသုံးပြီး အရိုးကိုချည့်နဲ့စေပါတယ်။ နာတာရှည်ဖြစ်ရတဲ့သူတွေကိုကြည့်မယ်ဆိုရင် စဖြစ်တဲ့အချိန်မှာ ဆေးရုံဆေးခန်းသွားပြရမှာ ကုသရမှာကြောက်လို့ ရောဂါကိုရင်မဆိုင်ဘဲ လှည့်ပတ်ပြေးသူတွေပါပဲ။စဖြစ်တာသိတာနဲ့ ကုသမယ်ဆိုရင် ဒီပိုးဟာ မြန်မြန်ဆန်ဆန်အမြစ်ပြတ်နိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွါးရတဲ့သူတွေဟာ အချိန်မီ ကုသမှုမခံယူခြင်း၊စပ်ဆေး၊တိုင်းရင်းဆေး စသည်ဖြင့် ဆေးမြီးတိုများသုံးကား ကြိတ်၍ကုသခြင်း၊အမှုမဲ့အမှတ်မဲ့ ထားခြင်းတို့က အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။
ဒီရောဂါဟာ တင်စားရရင် လူညွန့်တုံးစေတဲ့ ရောဂါပါ။ဆစ်ဖလစ်ပိုးဟာ ခန္ဓာကိုယ်နေရာအနှံ့ရောက်နိုင်ပြီး ဆိုးဆိုးဝါးဝါး ဖျက်စီးပစ်တတ်ပါတယ်။ဦးနှောက်ထဲရောက်တဲ့လူနာတွေမှာ သာမန်ဦးခေါင်းဝေဒနာခံစားရသူတွေထက် ပင်ပန်းနာကျင်စွာ ခံစားရလေ့ရှိပြီးဆိုးရွားပါက ရူးသွားစေနိုင်ပါတယ်။ပမာဏများပါကလည်း ပိုးများတဲ့နေရာတွေ၊ပိုးစားတဲ့နေရာတွေ ဖြတ်တောက်
ပစ်ရတာမျိုးထိလုပ်ရတတ်ပါတယ်။ဖြစ်ပွါးရတဲ့အဓိကအကြောင်းရင်းကတော့ လိင်ဆက်ဆံစဉ် အကာကွယ်မသုံးတာကြောင့်လို့ဖော်ပြပါတယ်။
ဒီဇာတ်လမ်းထဲက နောက်ထပ်အရေးပါတဲ့ ဇာတ်ကောင်ဖြစ်တဲ့ အဖြူဆိုတဲ့ နက်စ်မလေးဟာ စိတ်ဝင်စားစရာကောင်းပါတယ်။စိတ်ကူးယဉ်ဆန်တယ်လို့ပြောရမယ်ထင်။သဘာဝမကျဘူးလို့ပဲ ပြောရမလား။ဆစ်ဖလစ်ပိုးရောဂါရှိသူ လူနာတစ်ဦးကို မေတ္တာဖိတ်လျှံခဲ့ပါတယ်တဲ့။သူဟာ လူနာပြုစုသူတစ်ယောက်ဖြစ်လျက် ဆစ်ဖလစ်ရောဂါအကြောင်းမသိရော့လေသလား။မဟာကရုဏာရှင်များလား။
ညွန့်မောင်ကလည်း အချစ်ဦးကိုမြေးဦးရတဲ့အထိမမေ့ဘူးဆိုသလိုပဲ အချစ်ဦးရဲ့ ပယောဂမကင်းလို့ ဆေးရုံတက်ရတဲ့အထိဘဝပျက်ပြီး ဘဝကန္တာရအလယ်ဝယ် အိုအေစစ်ကိုတွေ့ရဆုံရသည့်တိုင်မေ့မရနေခဲ့ပါဘူး။ အဲ့ဒီ အထွေးဆိုတဲ့ သူ့အချစ်ဦးဟာ ဘယ်လောက်ထိ သူ့အပေါ် အနှောင့်အယှက်တွေပေးနေမလဲ။ စိတ်ဆန္ဒကိုမထိန်းခဲ့ဘဲကျူးလွန်ခဲ့တဲ့ နောက်ဆက်တွဲအမှားတွေကရော သူကိုယ်တိုင်သာမကသူ့ပတ်ဝန်းကျင်ကိုပါနှောင့်ယှက်ဖို့ နောက်ကနေထပ်ကြပ်မကွာလိုက်နေမှာလား….
ဆရာသိန်းဖေမြင့်ဟာ သူ့ဝတ္ထုတွေမှာဝေဖန်ထောက်ပြရေးလုပ်သွားပါတယ်။ထိုခေတ်က မြန်မာပြည်သူတွေ အများအပြား မကင်းခဲ့တဲ့ ဒီကာလသားရောဂါကြီးကို ဗဟုသုတပေးခဲ့ရုံမက အထက်တန်းစားပုဂ္ဂိုလ်တစ်ချို့ရဲ့ အဂတိလိုက်စားမှုကိုပြသသည့်အပြင် စနစ်ရဲ့ ဟာကွက်တွေကိုလည်းမချန်ခဲ့ပါဘူး။
Rating-⭐️⭐️⭐️⭐️
Keep Reading