သန်းမြင့်အောင်
ရှေ့အပတ်မှ အဆက်
“ဟေ့ မရဘူးနော်၊ နင် ကရမယ်၊ မကရင် ငါတို့လည်း မကဘူး၊ ဒါပဲ”
“ဒါ တစ်ဦးတစ်ယောက်ကောင်းလုပ်တဲ့အလုပ် မဟုတ်ဘူးနော်၊ အသင်းအဖွဲ့နဲ့လုပ်တာ ငြင်းမယ်တော့ မကြံနဲ့၊ ငါတို့နဲ့အတူ စင်ပေါ်တက်ကရင်က မကလို့ကတော့ ပြဿနာရှာပြီမှတ်”
“ကထိန်ဆိုတာ တစ်နှစ်မှာတစ်ကျောင်း၊ တစ်ကျောင်းမှာတစ်ရက်ထဲ လှူလို့ရတာ၊ တို့ဈေးကထိန်အောင်ပွဲအတွက် တစ်ဈေးလုံးက အလှူငွေနဲ့လုပ်ရတဲ့ပွဲ၊ တစ်ခုခုတော့တာဝန်ကျေရမယ်၊ နင့်လိုစင်ပေါ်တက်ပြီး ကချင်တဲ့လူတွေအများကြီး၊ တို့က သင့်ရာသင့်ရာရွေးရတာ၊ နင်ကစာရေးဆရာမဆိုတော့ အနုပညာနဲ့ နီးစပ်တယ်၊ နင့်ကို ဆင်ရမယ့်အဝတ်အစားဖိုးကပဲ သောင်းချီတယ်၊ ကပါဟယ်"
ဘုရားရေ. . . ၊ အိပ်မက်မဟုတ်. . . တကယ်. အချော့၊ အခြောက်၊ အမြှောက်လေးတွေနှင့် ခယတောင်းဆိုနေသော ကျွန်မချစ်ကြောက်ရိုသေရသူတချို့ကြောင့် ကျွန်မ မင်းသမီးဖြစ်ရတော့မည်ဆိုပဲ။ ယုံကြည်စရာတော့ သိပ်မကောင်းလှ။ ငယ်ငယ်တုန်းက ဗီဇလေးက ခေါင်းထောင်လာချင်သလိုလို။
“ဘယ်လိုလဲ ကမယ်မဟုတ်လား”
“အင်း. . . ကမယ်. . . ကမယ်၊ အယ်. . . မကတတ်ဘူး၊ ကျွန်မ တကယ် မကတတ်တာ”
“ဘာမှမပူနဲ့၊ တစ်ဖွဲ့လုံးမှာ တကယ်ကတတ်တာ နှစ်ယောက်ပဲရှိတာ၊ အားလုံး သင်ရမှာ၊ သင်ပေးမယ့် ဆရာတွေ ခေါ်ပြီးပြီ"
တော်ပါသေးရဲ့ဟု ကျိတ်ပြီး သက်ပြင်းချရသည်။ မင်းသမီးဖြစ်ဖို့က သေချာသွားပြီပေါ့။
“ဘာကရမှာလဲ၊ တပင်တိုင်လား၊ ယိုးဒယားလား၊ နှစ်ပါးသွားလား”
“မဟုတ်ဘူး၊ ဘီလူးက”
“ဟင်. . . ဘာပြောတယ်၊ ဘီလူးက. . . ”
“ဟုတ်တယ်လေ၊ ရာမဇာတ်တော်ကြီး ကမှာ၊ နင်က ဒဿ ဂီရိရဲ့နှမတော် ဂမ္ဘီ လုပ်ရမယ်”
ဟုတ်တာပေါ့လေ။ ရာမဇာတ်မှာ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ သီတာဒေဝီလုပ်ချင်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ဖြစ်ချင်းဖြစ် ဂမ္ဘီပဲ ဖြစ်ရမှာပေါ့။ ဂမ္ဘီဖြစ်တော့ကော နည်းသလားဟု ကိုယ့်စိတ်ဓာတ်ကို မြှင့်လိုက်ရသည်။
“နင်ဖိတ်ချင်တဲ့စာရေးဆရာတွေ အကုန်သာဖိတ်၊ ရှေ့ဆုံးကခုံတွေကို ဧည့်သည်တော်တွေအတွက် နင်ကြိုက်သလောက်ယူ၊ ပိုတဲ့ခုံတွေကိုမှ ဈေးသူဈေးသားတွေထိုင်ကြမှာ၊ ပြီးတော့ နင့်ဧည့်သည်စာရေးဆရာတွေအတွက် လက်ဖက်သုပ်၊ ဆိတ်သားပတ်ဖ်၊ လက်ဖက်ရည်နဲ့ ဧည့်ခံမယ်၊ စိတ်ချ နင်မျက်နှာမငယ်စေရဘူး”
နည်းတဲ့အခွင့်အရေးမဟုတ်ပါလား။ ကျွန်မကြောင့်ဖြင့် မဟုတ်ပါ၊ စာပေကိုချစ်သော စာရေးဆရာများကိုလေးစားသော ကျွန်မတို့ဈေးမှ ဈေးသူဈေးသားများကြောင့် ကျွန်မမျက်နှာရတော့မည့်ကိန်းဆိုက်လာခြင်း ဖြစ်သည်။ သည်လောက် အခွင့်အရေးပေးလို့မှ မယူလိုက်က ကျွန်မဘီလူးမိုက်ဖြစ်ရော့မည်။
နောက်ရက်ကစ၍ ဇာတ်တိုက်ရတော့သည်။ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ဖြစ်သော အုန်းငှက်ပျောဆိုင်မှ ဦးမြတ်ကျော်မှ ပသျှူးရာမနှင့် ဆန်ပွဲရုံမှ အဘဦးတင်ညွန့်က ဟာနုမာဇာတ်ရုပ်များကိုယူထားရင်းမှ ကျန်ဈေးသူဈေးသားတွေကိုလည်း အကဆရာ ဆိုဗီယက်ပြန် ဦးလှမိုး၊ ရာမဦးအုန်းမောင်၊ ဒဿဂီရိ ဦးမြဟန်တို့နှင့်တွဲ၍ အကသင်ပေးသည်။
ရာမမင်းသားလုပ်မည့် ဦးစိုးသန်းနှင့် လက္ခဏာလုပ်မည့် မိဘမေတ္တာ အုန်းငှက်ပျောဆိုင်ပိုင်ရှင် မောင်အောင်ခိုင်တို့က နဂိုထဲက အဆို၊ အကအနုပညာဗီဇ ရှိကြသူများမို့ အရာရာအဆင်ပြေရုံမျှမက သီတာဒေဝီကလေးမ နွယ်နီဝင်းကလည်း ရုပ်ရည်ဟန်ပန် အမူအယာကအစ ပြောစရာမရှိ။
ပြောစရာရှိသည်က ဒဿဂီရိလုပ်မည့် ကျွန်မ၏အစ်ကိုတော် ဘိုဘိုနှင့် ဂမ္ဘီနှမ ကျွန်တို့နှစ်ယောက်သာ အစိမ်းသက်သက် ခြေမမြှောက်လက်မမြှောက်တတ်နှင့် ဆရာတွေချွေးပြန်အောင်သင်ရသည်။ အဲသည်မှာမှ ဘိုဘိုက ဆရာကောင်းတပည့်ပီသသည်
ရိုးသားကြိုးစားသဖြင့် အချိန်တိုတိုနှင့် မှင်မောင်းကောင်းကောင်း ဒဿဂီရိလောင်းဘဝရောက်သွားသည်။ မရိုးမသားနှင့် မကြိုးစားသောကျွန်မသာ ဂမ္ဘီသခင်မကိုင်မည့် ဒေါင်းတောင်အစား မဲဇလီကိုင်းများနှင့် အကတိုက်ပြီးတိုင်း တစ်နေ့တစ်နေ့ မဲဇလီရွက်တွေ ခြွေခြွေသုပ်စားပစ်သဖြင့် မကြခဏ မဲဇလီကိုင်းရှာပေးရသည့် ဇာတ်ဆရာ ဦးမြတ်ကျော်ဇနီး မခင်စန်းနွယ်၏ဒေါသအိုးကို မဲဇလီရိုးနှင့်ထိုးဖွင့်ပြီး တစ်ရပ်ကွက်လုံး မဲဇလီပင်တုံးသွားမှ ကျွန်မ ကကွက်ခလုပ်တိုက်ပြီး ဒုသနှင့် ခယသားနှစ်ပါးလုပ်မည့် ကိုသန်းညွှန့်နှင့် နန်းမုံဝေတို့ ဘီလူးညီနောင်ဘေးမှ ဂမ္ဘီဝတ်စုံကိုယူကာ ဝတ်ရသည်။
မိတ်ကပ်စိုးစိုးက အလွန်ကျွမ်းကျင်၍ ဆယ်မိနစ်မျှလောက်နှင့် မျက်နှာခြယ်သပြီးသွားသည်။ အစ်ကိုတော် ရာဝဏက စိမ်းစိမ်းလက်လက်ပြိုးပြက်နေသော ဒဿဂီရိဝတ်စုံနှင့် ခန့်ငြားထွားကြိုင်း၍နေသည်။ ရင်ကိုဖွင့်ကာ လက်နှစ်ဖက်ကိုပိုက်ထားပြီး ကျွန်မကို ဘီလူးပြုံးပြုံးကာ-
“ဟဲ... ဟဲ. . . နှမတော် ဂမ္ဘီ၊ အိုကေတယ် မဟုတ်လား” ဟု
နှုတ်ဆက်ကာ လက်ထဲမှ ကိုင်ထားသော သံလျက်ကို ဟန်ပါပါတစ်ချက်ဝင့်ပြသည်။
“ဟို. . . ကျွန်မ မဲဇလီ. . . အဲ- ဒေါင်းတောင်ရော” ဟု
အပြေးအလွှားရှာမည်ပြင်တော့ လက္ခဏမောင်အောင်ခိုင်က
“ရော့၊ ဒီမှာ အစ်မကြီး ဒေါင်းတောင်”ဟု
ယူလာပေးသည်။
ဒေါင်းတောင်နှစ်ခုကို လက်ပြန်ဆုပ်လိုက်သည့်လက်ဖဝါးများ၏ သွေးလှည့်ပတ်နှုန်းခံစားမှုက ရင်ထဲသည့်တိုင် စီးမျောဝင် ရောက်လာသည်။ ကျွန်မ ဂမ္ဘီ ဖြစ်သွားပြီ။
ထိုညမှာ ကျွန်မ၏ကကွက်က သုံးခန်းဖြစ်သည်။ မှော်ရုံတောမှာ တောမြိုင်များကိုလှည့်ပတ်ကြည့်ရှုပြီး သားတော်နှစ်ပါးကို နယ်မြေအပိုင်စားပေးသော ဂမ္ဘီနယ်ပေးခန်း၊ သားတော်ဒုသနှင့် ခယ ရာမမင်းသား၏လေးချက်နှင့် သေပွဲဝင်သွားသော ဦးခေါင်းများကိုဖြတ်၍ မော်ကွန်းကမ္ဗည်းထိုးထားခဲ့သည်ကို ရင်ကွဲပက်လက်မြင်ရသော အခန်းနှင့် ရာမမင်းအပေါ် အငြိုးကြီးစွာနှင့် မောင်တော် ဒဿဂီရိထံ အခစားဝင်၍ ရာမ၏ ဇနီး သီတာဒေဝီကို သိမ်းပိုက်ရန် ရွှေသမင်ယောင်ဆောင်ပြီး ဖြားယောင်းစေခန်း ဘဲလေးကကွက်တို့ ဖြစ်သည်။
ရာမဦးအုန်းမောင်က နောက်ခံစကားပြောပိုင်သည်၊ ဆိုင်းက အပို့အပင့်ကောင်းသည်၊ ဇာတ်ခွင်ထဲ သရုပ်ဆောင်တွေက ဇာတ်ကွက်မှာစီးမျောသည်။ အမှားအယွင်းကင်းစွာ ထိုညက ‘က’ နိုင်ခဲ့ကြသည်။ ကျွန်မ အခန်းများမှာ ကျွန်မထွက်မလာခင် ရာမ ဦးအုန်းမောင်၏ နရေးရှင်းမှာ ‘ဂမ္ဘီသခင်မ” ဟု ပါလိုက်သည်နှင့် လက်ခုပ်သံများက ထွက်လာသည်။
အပိုင်း ၃ မျှော်...
ဆရာမသန်းမြင့်အောင်
Keep Reading