မောရိသျှ
အပြိုင်အဆိုင်မရှိဘဲ တိုးတက်မှု မရှိနိုင်ဘူးဆိုတဲ့ စကားက အလကားပါ။ တိုးတက်ဖို့အတွက် ပြိုင်နေစရာ လုံးဝ မလိုပါဘူး။ အပြိုင်အဆိုင်ရှိမှ ထိုးဖောက်ချင်စိတ် ပေါက်တာမဟုတ်ပါဘူး။ တကယ်တိုးတက်နေတဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေးတွေကို ကြည့်လိုက်ရင် အပြိုင်အဆိုင်ဆိုတာထက် “ဖန်တီးနိုင်မှု” နဲ့ ထိုးဖောက် နေကြတာ ဖြစ်ပါတယ်။
အောင်မြင်မှုဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။ သူ့ထက်သာချင်စိတ်နဲ့ ပြိုင်နေမယ်ဆိုရင် ကိုယ့်ဘက်က အားနည်းချက်ရှိနေလို့သာ ဇွတ်အတင်း ပြိုင်နေတာဖြစ်ပါတယ်။ ကိုယ့်ဘက်ကသာ အားနည်းချက်မရှိဘဲ အားသာချက်တွေ ရှိနေခဲ့ရင် ပြိုင်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်ချင်ရင် မပြိုင်ပါနဲ့။ ဖန်တီးမှုနဲ့ အနိုင်ယူလိုက်ပါ။ ဒါကို မပြိုင်ဘဲ အနိုင်ယူခြင်းလို့ ပြောပါတယ်။
သာမန်စီးပွားရေးသမားတစ်ယောက်ရဲ့ အကြီးမားဆုံး အမှားက စီးပွားတူတွေထက်သာလွန်မယ့် နည်းစနစ်မျိုး ကုန်ပစ္စည်းသစ်မျိုး ထုတ်လုပ်ပြီး အသာစီးရယူဖို့ထက် ဈေးကွက်တူအချင်းချင်းအကြားမှာ နေရာလုနေကြလို့ပါ။ မှားတယ်ဗျ။ သူများနဲ့မတူ တမူထူးတဲ့ ဝန်ဆောင်မှု စသဖြင့် ပေးနိုင်စွမ်းရှိမှ သူ့ထက်သာမှာ ဖြစ်ပါတယ်။ အဲတာကိုမှ အောင်မြင်မှုလို့ ခေါ်တာပါ။
ရောင်းအားကောင်းခြင်း အမြတ်တိုးခြင်းထက် ကိုယ့်ဝန်ဆောင်မှုအပေါ် စွဲလမ်းနေတဲ့ သုံးစွဲသူတွေ အမြဲမပြတ် တိုးတက်နေခြင်းကသာ စင်စစ် အောင်မြင်မှု ဖြစ်ပါတယ်။ စီးပွားရေးရဲ့ အန္တိမ ပန်းတိုင်က “ပိုက်ဆံ” ရှာဖို့ လုံးဝ မဟုတ်ပါဘူး။ လုပ်ငန်းတူတွေထက် ဝန်ဆောင်မှုကောင်း အရည်အသွေးကောင်းကို သုံးစွဲသူတွေထံ ပေးနိုင်ဖို့ဖြစ်ပြီး သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို အပြည့်အဝ လက်ဝယ်ရယူထားဖို့ပါ။
အမှတ်တံဆိပ်ကောင်းတစ်ခုက အရည်အသွေးနဲ့ နာမည်ရထားပြီဆိုရင် သုံးစွဲသူတွေက တခြား ဝန်ဆောင်မှုတွေကို စိတ်မဝင်စားတော့ပါဘူး။ သူတို့ရဲ့ ယုံကြည်မှု အပြည့်ရှိတဲ့ အမှတ်တံဆိပ်ကိုပဲ စွဲသုံးပါတယ်။ ဒါဟာ အချက်ပါပဲ။ အောင်မြင်မှု အစစ်က ပြိုင်ဆိုင်ခြင်းကနေ ရတာ မဟုတ်ပါဘူး။ အောင်မြင်မှုအစစ်ဆိုတာက ဖန်တီးနိုင်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အခိုင်ခံ့ဆုံးသော အရာပါ။
တကယ်အောင်မြင်ပြီဆိုရင် ဘယ်သူကမှ ပြိုင်လို့ မရပါဘူး။ ပြိုင်စရာ မလိုဘဲနဲ့ကို ထိပ်ဦးမှာ နေရာရပြီးသားပါ။ ကိုယ့်ဘဝကိုလည်း သူများနဲ့မတူ ထူးပြီး အောင်မြင်ချင်တယ်ဆိုရင် သူများလုပ်သလို လိုက်လုပ်ပြီး မပြိုင်ပါနဲ့။ သူများနဲ့မတူတဲ့ နည်းလမ်းဖောက် နည်းလမ်းရှာပြီး ဆန်းကြယ်မှုတွေနဲ့ ဘဝကြီးကို အခြေခိုင်ခိုင် တည်ဆောက်ပါ။
အပြိုင်အဆိုင်တွေအကြားမှာ ဝဲလည်နေသရွေ့ကတော့ ဘယ်တော့မှ သူ့ထက်သာနိုင်မှာ မဟုတ်ပါဘူး။ ဖန်တီးနိုင်မှုတွေနဲ့ အနိုင်ပိုင်းနိုင်မှ အောင်မြင်မှုအစစ်ဖြစ်တာကို လုံးဝ မမေ့ပါနဲ့။
Keep Reading