Noble
အမျိုးသမီးတစ်ယောက်က သူမ ခင်ပွန်းရဲ့ အိမ်တွင်းအကြမ်းဖက် ကျုးလွန်မှုတွေကို social media ကနေ တဆင့် လူအများသိအောင် ရင်ဖွင့်တယ်။
ဒီ post အောက်မှာ ရှိတဲ့ comment တချို့က ‘ငြိမ်ခံနေတာကိုး.. ရှိတာနဲ့ ပြန်မလုပ်ဘူးလား’ ‘ရဲမတိုင်ဘူးလား’ ‘သူကိုက ဒီလို ရိုက်ခံရတာကို သာယာနေတာလားမှ မသိတာ’ စတဲ့ စကားလုံးတွေနဲ့ ပြန်လည် ချေပထားကြတယ်။
မိန်းကလေးတစ်ယောက် လိင်ပိုင်းဆိုင်ရာ နှောက်ယှက် စော်ကားခံရတဲ့အခါ သူမဝတ်ထားတဲ့ အဝတ်အစားကြောင့် ၊ အနေအထိုင် အပြုအမူ ကြောင့် စသဖြင့် ပြောဆိုမှုတွေဟာ သူစိမ်းတင်မဟုတ်ပဲ မိသားစုဝင်နဲ့ အုပ်ထိန်းသူတွေကပါ မစာမနာ ပြောဆိုလာကြတာ တွေ့ရပါတယ်။
ဒီလိုပဲ ခံရသူကို အပြစ်တင်ပြောဆိုပြီး victim blaming လုပ်နေကြတဲ့ လူတွေက မနည်းမနောပါပဲ။
Victim Blaiming ဆိုတာက အဖြစ်အပျက်တခုမှာ ခံရသူ Victim ဖြစ်ရခြင်းဟာ အကြောင်းမဲ့သက်သက်မဟုတ်ပဲ victim ရဲ့ အားနည်းချက်၊ ပြစ်ချက် တခုခုကြောင့် သာ ဖြစ်တယ်ဆိုတဲ့ အယူအဆမှား အမြင်မှားနဲ့ Victim ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ victim ကို ထိခိုက်စေရုံသာမက အပြစ်ရှိတဲ့ ကျုးလွန်သူကိုပါ အပြစ်ပေါ့လျော့ကြောင်း အထင်အမြင် သက်ရောက်စေတာကြောင့် ဆိုးရွားတဲ့ အပြုအမူ တစ်ခုလို့ ပြောနိုင်ပါတယ်။
ဘာလို့ လူတွေက Victim Blaming လုပ်ဖြစ်ကြလဲ ဆိုရင်
(၁) ဒီအဖြစ်အပျက်မျိုး ကိုယ့်ဆီမှာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားခြင်း
Victim Blaming လုပ်ကြသူအများစုဟာ ဒီဆိုးရွားတဲ့ ဖြစ်ရပ်တွေ ငါတို့ဆီမှာ မဖြစ်လာနိုင်ဘူး။ ငါတို့က အရာရာမှာ ဆင်ခြင်နေတာကြောင့် ဒီ Victim တွေလို ကြုံရနိုင်ချေ မရှိဘူး စတဲ့ ကိုယ်ပိုင် အယူအဆတွေကြောင့် ဒီဖြစ်ရပ်တွေကို ဝေဖန်ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် Victim ကို အပြစ်တင်လိုက်ခြင်းအားဖြင့် ဒီဖြစ်ရပ်တွေကို ကိုယ်တိုင်ရှောင်ကွင်းနိုင်တယ်လို့ အထင်မှတ်မှားနေကြတာ ဖြစ်ပါတယ်။
(၂) စံသတ်မှတ်ချက်တွေကို ရှေ့တန်းတင်ကြခြင်း
အမျိုးသမီးဆိုတာ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားကို ဘုရားလို ကိုးကွယ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ မိန်းကလေးဆိုတာ လျှပ်ပေါ်လော်လီ နေထိုင်ဝတ်ဆင်တာမျိုး မပြုလုပ်ရဘူးဆိုတဲ့ ရှေးရိုးစွဲ အမြင်တွေ၊ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ ဆိုတဲ့ အစဥ်အလာအရ လက်ခံလာတဲ့ စကားလုံးတွေဟာ ခံရသူ Victim တွေကို ထိုးနှက်စရာ လက်နက်တွေ ဖြစ်လို့ နေပါတယ်။ ဒါတွေကလည်း Victim Blaming ကို တွန်းပို့နေတဲ့ အချက်တစ်ခု လို့ ပြောရမှာပါ။
(၃) ကိုယ်တိုင်က ဒီ ဖြစ်ရပ်ကို ပုံမှန်ဖြစ်ရပ်လို့ ယူဆခြင်း
ဒါကတော့ အဆိုးဆုံးပါပဲ။ ဒီလို ဝတ်စားရင် ဒီလို စော်ကားခံရမယ်၊ အိမ်တွင်းမှာ အမျိုးသမီးတွေဟာ အမျိုးသားပြုသမျှကို ငြိိမ်ခံရမယ်၊ ပြန်လည် ချေပခွင့်မရှိဘူး။ ဒီလိုမျိုး ဖြစ်ရပ်ဆိုးတွေ ကြုံရသည့်တိုင်အောင် ဒါတွေဟာ ကြုံလေ့ကြုံထ ရှိတဲ့ ဖြစ်စဥ်တွေ ဖြစ်တယ်၊ ခံရသူဘက်က သည်းခံနိုင်သလောက် သည်းခံရမယ်ဆိုပြီး Normalize လုပ်တတ်တဲ့ လူတွေလည်း များစွာ ရှိနေပါတယ်။ ဒါတွေဟာ ခံရသူအတွက် အသည်းခိုက်အောင် နာကျင်ရသလို ကျုးလွန်သူတွေအတွက်လည်း အလားတူ ဖြစ်ရပ်တွေ ထပ်လုပ်ဖြစ်အောင် လှုံ့ဆော်နေကြတာ ဖြစ်ပါတယ်။
ဒီလို victim blaming လုပ်ခြင်းကြောင့် Victim တွေဟာ လူသိရှင်ကြား ထုတ်ဖော်မပြောရဲတာတွေ၊ အပြစ်တင်ခံရမှာ ကြောက်လို့ ဖုံးကွယ်ရင်းနဲ့ပဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရတာတွေအပြင် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်နဲ့ ရှင်သန်သွားရသူတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် မိအေး နှစ်ခါနာ ဖြစ်ကြရှာတဲ့ victim တွေကို အပြစ်တင် ဝေဖန်တာမျိုးမလုပ်ဖို့ Victim Blaming လုပ်တတ်တဲ့ အလေ့အထကို ကိုယ်တိုင်ကစပြီး ပယ်ဖျယ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
‘ကိုယ်ကိုယ်တိုင် မဖြစ်သေးသရွေ့ မစာနာတတ်တဲ့ လူမှုပတ်ဝန်းကျင်ကို ကိုယ်တိုင်ကစပြီး ပြုပြင် ပြောင်းလဲကြပါစို့’
Noble
(14.5.2025)
#Noble’sWellnessCorner
#VictimBlaming
#မိအေးနှစ်ခါနာတဲ့Victimများ
#Sharing
Keep Reading