Author's Profile Photo

တင်ညွန့်

30/09/2025

အကျပ်ထဲမှာ ချောင်ကြည့်ခြင်း

3 mins read
Life Style
General Knowledge
အကျပ်ထဲမှာ ချောင်ကြည့်ခြင်း's photo

ကျွန်တော် မိုးတွင်းလည်း လမ်းလျှောက်သည်။
လမ်းလျှောက်သည့်အခါတွင် ဘောင်းဘီတို၊ တီရှပ်တို့ကို ဝတ်ဆင်သဖြင့် ထီးဆောင်းလိုက်လျှင် ရေစိုခြင်း နည်းသည်။ မိုးတွေ သိပ်သည်းလျှင်တော့ တစ်နေရာရာတွင် ဝင်ခိုသည်။ ရန်ကုန်မိုးဆိုတာကတော့ သိသည့် အတိုင်းပင် မရွာလုံးဝ၊ ရွာခဏ။

လမ်းလျှောက်သည့်အခါတွင် ခြေလှမ်းများသည့်အခါ ပြဿနာနည်းနည်းရှိသည်။ မိုးတွင်းမဟုတ်လျှင် ကွင်းထိုးဖိနပ်ဖြင့်လျှောက်သည်ဖြစ်ရာ ပြဿနာမရှိ။ မိုးတွင်းအခါတွင် ကွင်းထိုးဖိနပ်ကြိုးတွေထဲကို သဲဝင်လျှင် သဲနှင့်ခြေထောက်ပွတ်တိုက်ဖန်များ၍ အနာဖြစ်တော့သည်။ ကျွန်တော်က တစ်မနက် ခြေလှမ်း ၁၀,၀၀၀ အနည်းဆုံးလျှောက်သဖြင့် မိုးတွင်းဆိုလျှင် ကွင်းထိုးခြေသိုင်းဖိနပ်နှင့် အဆင်မပြေ။

မိုးရွာလျှင် ကျွန်တော် ရိုးရိုးဖိနပ်နှင့် ပြောင်းစီးပြီးလျှောက်ကြည့်သည်။ လမ်းလျှောက်ရမလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် လမ်းကချော်၊ ဖိနပ်ကချော် အချိန်မရွေးလဲနိုင်သည်။ ကျွန်တော်တို့ အရွယ်က လဲကျ၍ မဖြစ်။

ကျွန်တော်က လမ်းလျှောက်ဖိနပ် Walking Shoes ကိုစီးပြီး လမ်းလျှောက်ဖူးပါသည်။ ကြာကြာလျှောက်သည့် အခါတွင် ခြေသန်းတွေ၊ ခြေမထိပ်တွေက မခံနိုင်လောက်အောင် နာလာသည်။ နောက်ဆုံး ခြေသန်းခြေသည်း တွေ ပုပ်ကုန်သည်အထိဖြစ်သောကြောင့် လမ်းလျှောက်ဖိနပ်ကို မစီးတော့ဘဲ ကွင်းထိုးကြိုးသိုင်းကို ပြောင်းစီးရာ အဆင်ပြေသည်။ သို့သော်မိုးတွင်းနှင့် ကြိုးသိုင်းက အဆင်မပြေဖြစ်နေပြန်သည်။

တစ်နွေလုံးလျှောက်ခဲ့သည့် ကြိုးသိုင်းဖိနပ်က အောက်ခံပါးပြီး ခြေချော်ချင်သည်။ ထို့ကြောင့် မြို့ထဲသွားပြီး နောက်ထပ်ကြိုးသိုင်းတစ်ရန်ဝယ်ရန် ဆုံးဖြတ်ကာ ဖိနပ်ဆိုင်ကို လာခဲ့သည်။

ကျွန်တော်သည် ဆိုင်စွဲ၊ တံဆိပ်စွဲထားသူဖြစ်သည်။ ကိုယ်ဈေးဝယ်၍ကောင်းသောဆိုင်ကိုသာ အားပေးသည်။ ကိုယ် သုံးနေကျ‌ ပစ္စည်းကိုပဲ သုံးတတ်သူဖြစ်သည်။ ဝယ်နေကျဆိုင်ကို ရောက်လာသည်။ ကြိုးသိုင်းဖိနပ် မေးသည်။ ဆိုင်တွင် အရောင်းဈေးသည် ကောင်မလေးက ကျွန်တော့်ကြိုးသိုင်း ဖိနပ်တွေ ထုတ်ပြသည်။

ကျွန်တော်မကြိုက်။ ကျွန်တော် စီးနေကျ အမျိုးအစားကိုမေးသည်။
“အဲဒီအမျိုးအစားတွေ မဝင်တော့ဘူး ဦးလေး”
သူပြောတာဖြစ်နိုင်ပါသည်။ ဟိုလိုင်း သည်လိုင်း အပိတ်အဆို့တွေကများသည် မဟုတ်ပါလား။ ထုတ်ပြသည့် ဖိနပ်တွေကိုလည်း မကြိုက်၊ အားလည်း နာသည်။ ကလေးမလေးက
“လမ်းလျှောက်ရင်း စီးမှာပဲ ဦးလေးရယ် ဟောဒါလေးစီးပါလား။ ဗီယက်နမ်ထုတ်တွေ”
ကောင်မလေးက ဘူးထဲက ဖိနပ်တစ်ရန်ကို ထုတ်ပြသည်။ ဖိနပ်က ပေါ့ပေါ့လေးနှင့် စီးကောင်းမည့်ပုံပင်။ စိတ်ဝင်စားသဖြင့် ဈေးလည်း မေးကြည့်ရာ မဆိုးဟုဆိုရမည်။ သူက
“စီးကြည့်ပါဦးလေးရယ့်” ဟု အတင်းတိုက်တွန်းနေသည်။

ကျွန်တော်က ကျွန်တော်စီးနေကျ နံပါတ် ၄၃ ရှိလားဟုမေးရာ ကလေးမလေးက သွက်လက်စွာပင် သွားရှာပြီး ပြန်ယူလာသည်။ ကျွန်တော် စီးကြည့်သည်။ နည်းနည်းလေး ကျပ်နေသည်။
“၄၄ ရော မရှိဘူးလား”
“ရှိတယ်ဦးလေး”
ယခုတစ်ကြိမ်တွင်တော့ သူက ဘူးနှစ်ဘူးယူလာပြီး ကျွန်တော့်ကို နံပါတ် ၄၄ ထုတ်ပေးသည်။

ကျွန်တော် စီးကြည့်ရာ အံကျဖြစ်နေသည်။
“အတော်ပဲ ဒါပဲယူမယ်”
“ဦးလေး ခြေအိတ်ဝတ်လေ့ရှိသလား”
ကျွန်တော်က ခြေအိတ်ရောင်းမည် ထင်သဖြင့်
“ခြေအိတ်ရှိတယ်” ဟုပြောလိုက်သည်။

ကောင်မလေးက
“ဦးလေး ခြေအိတ်ဝတ်လေ့ရှိရင် ၄၄ ကအဆင်ပြေပါ့မလား”
“ဘာဖြစ်လို့လဲသမီး”
“ခုတောင် ကျပ်နေတာ။ ခြေအိတ်ဝတ်လိုက်ရင် ပိုပြီး ကျပ်နိုင်တယ်လေ။ ကြာကြာ လမ်းလျှောက်ရင် ခြေထောက် ပေါက်တာတွေဖြစ်တတ်တယ်။ အနည်းဆုံး ခြေသန်းတွေ နာနိုင်တာပေါ့”
သူက ဈေးသည်ဖြစ်သော်လည်း ကိုယ့်ဖောက်သည်ကို တလေးတစား အကြံပြုနေသည်ကို သဘောကျမိသဖြင့်
“ဒါဆို ဦးက နံပါတ်ဘယ်လောက်ဝတ်ရမလဲ” ဟုမေးလိုက်မိသည်။
“၄၅ လောက်ယူပါဦးလေး … ဒါမှ ခြေအိတ်နဲ့ဆိုရင် ချောင်ချောင်ချိချိနဲ့ လမ်းကြာကြာ လျှောက်နိုင်မှာ” ဟုပြောသည်။

ကျွန်တော် သူတိုက်တွန်းသည့်အတိုင်း ၄၅ ကိုယူလိုက်သည်။
နောက်တစ်နေ့တွင် ကျွန်တော် ခြေအိတ်နှင့် ဖိနပ်သစ်ကို စမ်းသည်။ ဖိနပ်က ပေါ့လည်းပေါ့ပါး ချောင်ချောင်ချိချိ လည်းရှိသဖြင့် ခြေထောက်မနာ။ ယခု ကျွန်တော် ထိုဖိနပ်ကိုစီးနေသည်မှာ နှစ်လကျော်ပြီ။ ခါတိုင်းလို ခြေသန်းတွေ ပုပ်ခြင်း၊ ယောင်ခြင်းမရှိ။

ကျွန်တော် အဘယ်ကြောင့် ဖိနပ်ဆိုင်က ကလေးမလေး တွေးသလို မတွေးမိသနည်း။
လမ်းလျှောက်ဖိနပ်စီးရသည်မှာ လုံခြုံမှုလည်းရှိ၊ ကုတ်အားလည်းကောင်း၊ လမ်းလျှောက်နှုန်းလည်း ပိုကောင်း သဖြင့် စီးသင့်သည် မှန်သော်လည်း ကျွန်တော်က ခြေထောက်နာမည်စိုးရိမ်ပြီး ထိုဖိနပ်ကိုရှောင်ခဲ့သည်။
အမှန်တော့ ကျွန်တော်သည် အံဝင်ခွင်ကျ အကျပ်အတည်းနှင့် အသားကျနေသူဖြစ်သည်။ ထို့ကြောင့် ချောင်ချောင်ချိချိနှင့် ခြေအိတ်အတိုင်းအဆကို ထည့်မတွက်။ ဖိနပ်ဆိုင်တွင် ခြေအိတ်နှင့်စွပ်ပြီး ဝယ်လေ့ မရှိသဖြင့် ကိုယ့်ခြေထောက်နှင့်တော်သည့် အရွယ်အစားကို ပုံသေမှတ်ထားသည်။ တစ်နည်း ပြောရလျှင် အံဝင်ခွင်ကျနှင့် ကျွန်တော် အသားကျနေသူ။

ကျွန်တော့် လမ်းလျှောက်သက် မနည်းပါ။ ရန်ကုန်စရောက်ကတည်းကဆိုလျှင် ၂၅ နှစ်ရှိပါပြီ။ ပဲခူးမှာတုန်းက ကျွန်တော် စက်ဘီးစီးသည်။ သီးခြားစီးခြင်းမဟုတ်။ ၄ မိုင်ခန့်ဝေးသောကျောင်းကို အသွားအပြန်စီးခြင်း ဖြစ်သည်။ ရန်ကုန်ရောက်ကတည်းက လူလည်းအကျဉ်းအကျပ်နှင့် အသားကျနေသလို၊ စီးသည့် ဖိနပ်ကိုလည်း အတိအကျမှတ်ထားကာ စီးနေသဖြင့် ခြေထောက်နာရသည်။

ကျွန်တော်တို့အရွယ်တွေက အစွဲလေးတွေ ဖြုတ်နိုင်ခဲသည်။ ကိုယ်သန်ရာကိုယ်စွဲပြီး ကိုယ်လုပ်ကိုယ်ကောင်း၊ ကိုယ်ပြောကိုယ်မှန် ဖြစ်နေတတ်သည်ကများသည်။ ဖိနပ်ဆိုင်က ကလေးမလေးက ကျွန်တော့်ကို သင်ခန်းစာ ပေးလိုက်သည်။

“အကျပ်ထဲမှာ ချောင်အောင်နေနည်း”
ကျွန်တော်တို့မှာ ဖိစီးမှုတွေ များလွန်းပါသည်။ မိုးလင်း၍ မျက်စိနှစ်လုံးဖွင့်လိုက်ကတည်းက စဉ်းစားလေ ကျပ်လေနှင့် အသက်ရှူမဝနိုင်လောက်သည့် အနေအထားတွေကို လူတိုင်းခံစားနေရသည်။ အကျပ်ထဲတွင် အသားကျနေတော့ ချောင်တဲ့ဘက်ကို လှည့်မတွေးမိတော့။ အကျပ်ထဲကိုသာ တိုးဝှေ့ရင်း ပွတ်တိုက် ပဲ့စားမှုတွေ ဖြစ်နေကြသည်။

ချောင်သည့်ဖိနပ်ကို ပြောင်းစီးကြည့်ရန် တိုက်တွန်းလိုက်သောကလေးမလေးကို ကျေးဇူးတင်မိသည်။
ကျွန်တော် ယနေ့အထိ ဖိနပ်မပေါက်သောကြောင့်ဖြစ်သည်။

တင်ညွန့်
၃.၉.၂၀၂၅

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်းဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ